ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး၏ တရားတော်များ

Description
Official မဟုတ်ပါ
Advertising
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 6 days, 12 hours ago

Animeများကို မြန်မာစာတန်းထိုးဖြင့် ကြည့်နိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက @OnichanAnimeMyanmar ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက ⬇️⬇️
Admin acc @sithuaung2006

https://t.me/+q5t2NMwj5EllYTk9

Last updated 6 days, 12 hours ago

2 days, 4 hours ago

"မဟာသမယသုတ်ကိုရွတ်လို့ နတ်ချစ်တာမဟုတ်ဘူး"

မဟာသမယသုတ်ထဲက ဘဝနေနည်းတွေကို နတ်တွေက ကြည်ညိုကြတာ။

မဟာသမယသုတ် ၇ သုတ်မှာ "ကလဟဝိဝါဒ သုတ်" ဆိုတာကြားဖူး ရွတ်ဖူးတယ်မလား။

ဒီသုတ္တန်ရဲ့ တစ်နေရာမှာ တဏှာလေးမျိုးအကြောင်းပြောချင်တာရှိတယ်၊ ဒီထဲကမှ လူတွေကို လောကီဆရာတွေကိုယ်တိုင် ပြုစုပေးတဲ့ တဏှာဟာ "ဝိဿဇ္ဇန တဏှာ" လို့ခေါ်တယ်။

ဥပမာ.... မဟာသမယသုတ်ရွတ်ရင် နတ်ချစ်တယ်၊ မေတ္တာသုတ်ရွတ်ရင် နတ်ချစ်တယ်ဆိုတာမျိုး ။

ဒုက္ခဆင်းရဲရောက်နေရင် ဘာရွတ်ဆိုတာမျိုးဟာ မပြောအပ်တဲ့ အရာတဲ့။

"ဝိဿဇ္ဇန တဏှာ" ဆိုတာ တစ်ခုခုကို ရချင်လို့ ကောင်းမှုကိုလုပ်တာ၊ တစ်ခုခု ကိုလိုချင်လို့ ကောင်းတာလုပ်တဲ့သဘော။

တစ်ခါတလေ လူတွေက အစွဲထားကြတယ်၊ ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတာ... မဖြစ်လာတော့ ဓမ္မကို blame ကြပါလေရော..။

ကံကိုမြှင့်ဖို့ ဘယ်အရာကို ရွတ်ဖတ် ပူဇော်ပါလို့ ဆိုလိုက်တဲ့အခါ ရွတ်ဖတ်ပူဇော်တဲ့လူရဲ့ စေတနာပေါ်မူတည်ပြီး လူတန်းစားတွေကွာခြားကုန်တယ်။

သံဗုဒ္ဓေဂါထာကို ရွတ်တဲ့အခါ ပွင့်ထွန်းပြီးကုန်သော မြတ်စွာဘုရားများကို ပူဇော်ရွတ်ဖတ်သူရယ်၊ စျေးရောင်းကောင်းချင်လို့ ရွတ်တဲ့သူရယ် ကွာကုန်ပါတယ်။

ဒီတော့ .... သတ္တဝါတွေ ချမ်းသာရာရဖို့၊ ပုဂ္ဂိုလ်တွေ၊ ဘဝအဆက်ဆက်က ဆွေမျိုးတွေ အမျှရကြဖို့ စိတ်နှလုံးငြိမ်းကြဖို့ကို စိတ်လေး အရင်ထားပေးဖို့လိုပါတယ်။

ဥပမာ.... လူတော်တော်များများ လှူကြ၊ ဆုတောင်းကြတဲ့ "လောကပါလယက္ခ" မယ်တော်ကို၊ ဒါလှူလိုက်လို့ ငါဘာပြန်ရ
မလဲဆိုတာကို တွေးနေပြီးလှူတာထက်၊ အလှူပြုနေချိန်မှာတကယ်ကို မယ်တော် ဒီအလှူကိုရပါစေ။

မွှေးပျံ့သော အာဟာရ၊ ပန်းမာန်နံ့သာ အစရှိတာကို ရပါစေဆိုတဲ့ စိတ်နဲ့ အရင်ဆုံးပေးလှူပေါ့။

ဒီလိုပဲ မေတ္တာသုတ်ရွတ်တယ် မေတ္တာပို့တယ်ဆိုတာကလည်း
ငါ့ကို လူတွေချစ်ကြပါစေဆိုတာထက်.. သတ္တဝါတွေ အေးငြိမ်းကြပါစေလို့ဦးတည်ပေါ့။

ဘာလုပ်လုပ် သဒ်ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ ဦးစီးပြီး လုပ်တာမှန်သမျှ ဆုပန်တာမှန်သမျှ တည့်မတ်ပြည့်မြောက်ပါတယ်။

ကောင်းမှုတွေကို "ဝိဿဇ္ဇနတဏှာ" နဲ့ ပြုလုပ်ခြင်းဟာ ဘုရား ရဟန္တာတို့ မနှစ်သက်အပ်ပါဘူး....။

(သတိပြု ဆင်ခြင် နိုင်ကြပါစေ)

#ပါချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံ

4 days, 3 hours ago

မိဘတွေဆုံးရှုံးသွားတတ်တယ်
သားသမီးတွေဆုံးရှုံးသွားတယ်
အဲဒီလိုဆုံးရှုံးသွားပြီဆိုရင် လူတိုင်းလူတိုင်းဟာ
ယူကြုံးမရ သောကဆိုတာဖြစ်ကြတယ်
အဲ့ဒီသောကကို ဘာနဲ့လွတ်မြောက်အောင်
ကြိုးစားမလဲဆိုရင် ဒီမြတ်စွာဘုရားပေးတဲ့ကျင့်စဉ်နဲ့ပဲ
လွတ်မြောက်အောင်လုပ်နိုင်မှာဖြစ်တယ်။ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားပြီဆိုရင်လည်း
လူတွေဟာ ငိုကြွေးကြရတယ်
ရင်ထဲကသောကတွေဖြစ်ကြရပြန်
ဥာတိဗျသန - ဆွေမျိုးတွေရဲ့ပျက်စီးမှု
ဘောဂဗျသန - စည်းစိမ်ဥစ္စာရဲ့ပျက်စီးမှု
ရောဂဗျသန- ပျက်စီးစေတတ်တဲ့အနာရောဂါဖြစ်မှု ကနေ့ခေတ်မှာဆိုလို့ရှိရင်
မယ်ရီဂယ်ရှက်ဂတ်လုပ်လိုက်လို့
နေမကောင်းထိုင်မသာလို့ ဆေးသွားစစ်တဲ့အခါမှာ အခြေအနေဆိုးတဲ့ ကင်ဆာမျိုးလို့သာ သိလိုက်ရရင် လူတွေမှာ စိတ်ဓာတ်တွေကျသွားတယ်
သောကတွေဖြစ်ကြရတယ်ပေါနော်
အဲဒီစိတ်သောကတွေက လွတ်မြောက်အောင်
ဘယ်လိုလုပ်ကြမလဲ
သောကကို မထိန်းနိုင်ဘူးဆိုလို့ရှိရင်
ပရိဒေဝဆိုတဲ့ ငိုကြွေးမှုတွေ လုပ်ကြရပြန်တယ်
အဲ့ဒီ သောကပရိဒေဝဆိုတဲ့ ရင်ထဲကအပူတွေကို
ကျော်လွှားပစ်ဖို့ရာဆိုရင်လည်းပဲ ဒီလမ်းကြောင်းကပဲ
လျှောက်လမ်းရမှာပဲဖြစ်တယ်။

သမ္မာသတိကို ဦးတည်မှုပေးထားတဲ့
ဝိပဿနာကျင့်စဉ်လမ်းကြောင်းကြီးကို ကျင့်ပြီးတဲ့အခါမှာ
ကြံခိုင်တဲ့စိတ်ဓာတ် ရရှိပြီးတဲ့အခါမှာ
ရင်ဆိုင်ရတာဖြစ်တယ်ပေါ ဒီတစ်ခါ ရင်ဆိုင်ပြီးရင်တော့ ရင်ထဲကရှိတဲ့အပူတွေကို ငြိမ်းသတ်ပြီးရင်
နောက်ဘယ်တော့မှ ကြုံနိုင်စရာမရှိတော့ဘူးလို့
ဒီလိုဆိုတယ်။

နောက်တစ်ခုက
" ဒုက္ခ ဒေါမနဿနံအတ္ထင်္ဂမာယ "လူတိုင်းလူတိုင်းဟာ
ကိုယ်ဆင်းရဲခြင်းဆိုတာ ကြုံတွေ့ရတယ်
စိတ်ဆင်းရဲခြင်းဆိုတာလည်းပဲ ကြုံတွေ့ရတယ်
အဲဒီကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ဒီနှစ်မျိုးနဲ့
ကြုံတွေ့ရတဲ့အခါမှာလည်းပဲ
ဘဝကြီးဟာ စိတ်ပျက်စရာ ငြီးငွေ့စရာကောင်းတယ်
အဲ့ဒီကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုဆိုတာကိုလည်း
ဘယ်သူမှ မလိုချင်ဘူး ဒါပေမဲ့လို့
ကြုံတွေ့လာရတတ်တယ်ပေါ။

အဲဒီလို ကြုံတွေ့လာတဲ့
ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုတွေ နောင်ဘယ်တော့မှ
မကြုံအောင် ချုပ်ငြိမ်းသွားစေဖို့အတွက်ဆိုရင်လည်း
ဟော့ဒီ ဝိပဿနာတရားကျင့်စဉ်ကို
ကျင့်ကြံကြိုးကုတ်အားထုတ်ခြင်းဖြင့်သာလျှင်
လုပ်နိုင်မှာဖြစ်တယ်
နောက်ဆုံး ဗုဒ္ဓဘာသာတွေရဲ့ရည်မှန်းချက်က
နိဗ္ဗာန်ပဲဖြစ်တယ်။

နိဗ္ဗာန်ဆိုတာ
နိဗ္ဗာန်ဆိုတဲ့ သဘာဝတရားဟာ
လိုချင်စရာအားလုံးက လွတ်သွားတယ်
လိုချင်စရာတွေကို လိုချင်နေတဲ့ တဏှာကနေ
အရှင်းလွတ်သွားတာ အရှင်းလွတ်သွားတဲ့အခါမှာ
လိုချင်မူတွေ ဇာတ်သိမ်းသွားလို့ ခန္ဓာငါးပါး
ရုပ်နာမ်တရားတွေ ဘယ်တော့မှ မရတော့ဘူးဆိုတဲ့
အနေအထားမျိုးရောက်တယ်
အဲဒီလိုမရတော့ဘူးဆိုတဲ့အခါကျတော့မှ
ခန္ဓာမရမှ အိုခြင်းနာခြင်းသေခြင်း
ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းဆိုတာတွေ
လွတ်မြောက်နိုင်မှာဖြစ်တယ်။

ခန္ဓာရှိနေသမျှကာလပတ်လုံးတော့
ဒုက္ခတွေက တစ်ခုမဟုတ်တစ်ခုရောက်လာနိုင်တယ်လို့
ဒါကြောင့် အဲ့ဒီနိဗ္ဗာန်လမ်းကြောင်းကို တွေ့ဖို့
ဘယ်လမ်းကသွားမှာလဲ သွားရမယ့်လမ်းကြောင်းကို
ဖော်ဆောင်တာဟာလည်းပဲ " ဥာယဿအဓိဂမာယ "
နိဗ္ဗာန်လမ်းကြောင်းကို တွေ့ဖို့ဆိုတာလည်းပဲ
ဒီလမ်းကြောင်းကပဲသွားပြီး ရှာရမှာပဲဖြစ်တယ်ပေါ။

နောက်ဆုံး နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဆိုတာလည်း
ဒီလမ်းကြောင်းကပဲ သွားတယ်လို့
အဲတော့ ဝိပဿနာကျင့်စဉ်တစ်ခုကို မကျင့်ဘဲနဲ့
ရင်ထဲက တွယ်တာမှုတွေ မုန်းတီးမှုတွေ
မဖယ်ရှားနိုင်သေးသမျှကာလပတ်လုံး
လူတွေ ကြုံတွေ့ရမည့် ဆင်းရဲဒုက္ခတွေဟာ
ဘယ်တော့မှ အဆုံးမသတ်နိုင်ဘူးလို့ဆိုတဲ့
အဖြေတစ်ခုကို ထုတ်တာပဲဖြစ်တယ်။
အဲ့ဒီအဆုံးသတ်ဖို့အတွက်
အနည်းနဲ့အများ ဝိပဿနာဥာဏ်ဖြင့် ရှုမြင်သုံးသပ်တတ်ဖို့
မြတ်စွာဘုရားရဲ့သာသနာနဲ့ ကြုံကြိုက်တဲ့အခါမှာ
ဆင်ခြင်စဉ်းစားတတ်ဖို့လိုအပ်တယ်ပေါ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

4 days, 3 hours ago

ဘုန်းကြီးတို့တစ်တွေဟာ
ဘဝသံသရာလို့ ဘဝတစ်ခုကို ရထားကြတာ
လူတိုင်းလူတိုင်းပဲ ဘဝကိုရထားတဲ့
သတ္တဝါတိုင်းသတ္တဝါတိုင်းဟာ

ဘဝဆင်းရဲဒုက္ခလို့ခေါ်ရတဲ့
အိုခြင်း နာခြင်း သေခြင်းကို
ဘယ်သူမှလွန်ဆန်နိုင်တာ မဟုတ်ဘူး
သို့သော်လည်း မသိကြဘူးလား
လူတိုင်းလူတိုင်းဟာ အိုကြရမယ် နာကြရမယ်
သေကြရမယ်ဆိုတာ မသိကြဘူးလား သိကြတယ်။

သိကြသည့်အတွက်ကြောင့်
ဒီလိုအခြေနေဆိုးကြီးက
ရုန်းထွက်ဖို့ကြိုးစားကြလားဆိုတော့
မကြိုးစားတဲ့ပုဂ္ဂိုလ်က အများကြီးပဲ
ဘာ့ကြောင့် အခြေအနေဆိုးကြီးထဲမှာ
ပျော်နေနိုင်တာလဲ
တစ်ဖက်က စဉ်းစားကြည့်ရမယ်ဆိုရင်

ကြက်ခြင်းထဲက ကြက်တွေဟာ
သေဖို့အချိန်အလွန်နီးနေသော်လည်းပဲ တွန်ကြတယ်တစ်ကောင်တစ်ကောင် ဆိတ်ကြတယ်
အဲဒီလို အချိန်တိုလေးမှာတောင် မိမိတို့ရဲ့ဘဝမှာ
လူတွေဟာ သတ္တဝါတွေဟာ အခြေအနေတစ်ရပ်ကို
မေ့မျော့ မေ့လျော့ထားပြီးတော့
ပျော်နိုင်ကြတယ် ပါးနိုင်ကြတယ်
ထောင်သွင်း အကျဉ်းချလို့
ထောင်ထဲမှာ ဆင်းရဲဒုက္ခခံနေရတဲ့ပုဂ္ဂိုလ်တွေက
ထောင်ကနေလွတ်ဖို့ ကြိုးစားကြတယ်။

သံသရာဆိုတာ တကယ်ကြည့်မယ်ဆိုရင်
ထောင်သွင်းအကျဉ်းချထားတဲ့ အခြေအနေမျိုးကြီးပဲ
ထောင်ထဲမှာရှိနေတဲ့အချိန်မှာ
အိုခြင်းဆင်းရဲနဲ့ တွေ့ရမယ်
နာခြင်းဆင်းရဲနဲ့ တွေ့ရမယ်
သေခြင်းဆင်းရဲနဲ့ တွေ့ရမယ်
သေပြီးတဲ့နောက် လွတ်သွားပြန်လားဆိုတော့
မလွတ်သေးဘူး နောက်ထပ်ပြန်လည် မွေးဖွားခြင်းဆိုတာနဲ့ ကြုံတွေ့ရမယ် ပြန်လည် မွေးဖွားပြီးတဲ့နောက်မှာ
အိုခြင်း နာခြင်း သေခြင်းဆိုတဲ့
တစ်ပတ်တစ်ကျော့ပြန်လာတယ်။

သူတော်စင်သူတော်မြတ်တွေကျတော့
ဒီအိုခြင်းနာခြင်းသေခြင်းဆိုတာကို
မိမိတို့ရင်ဆိုင်ရတဲ့ဟာ ဒုက္ခဘဝပြဿနာအဖြစ်
ရှုမြင်ကြတယ်ပေါ
သာမာန်ပုထုဇဉ်ပုဂ္ဂိုလ်တွေကတော့
ဒါ လူ့သဘာဝချည်းပဲလို့ဆိုပြီး ပြဿနာအနေနဲ့
ရှုမြင်ခြင်းအနေနဲ့ မရှိကြဘူး ရှုမြင်နိုင်စွမ်း မရှိကြဘူး။

ဒါကြောင့်မို့ ဒီပြဿနာက
ရုန်းထွက်ဖို့ဆိုတာ မကြိုးစားကြခြင်းပဲဖြစ်တယ်ပေါ
တကယ်တော့ ပြဿနာနဲ့ရင်ဆိုင်ရတဲ့အခါမှာ
အိုရမှာ မကြောက်ဘူးလား
နာရမှာ မကြောက်ဘူးလား
သေရမှာ မကြောက်ဘူးလားဆိုတော့
တကယ်တွေ့လာလို့ရှိရင် ကြောက်ကြတာချည်းပဲ
လူတိုင်းလူတိုင်းဟာ ကြောက်တော့ကြောက်တယ်
ကြောက်သော်လည်းပဲ လွတ်ရာလွတ်ကြောင်း
ကြိုးပမ်းအားထုပ်မှု ပြုလုပ်ဖို့ကျတော့
လုပ်သူက အင်မတန်မှ နည်းသေးတယ်ပေါ။

ဒါ ဘာကြောင့်လဲလို့ဆိုရင်
သံသရာထဲမှာ ကြုံတွေ့နေကြရတဲ့ပုဂ္ဂိုလ်တွေရဲ့
ရင်ထဲနှလုံးထဲမှာ ဘဝကိုတွယ်တာခြင်းလို့ဆိုတဲ့
ဘဝတဏှာဟာ အလွန်ကိုကြီးမားအားသန်နေလို့သာ
ဖြစ်တယ် အဲ့ဘဝတဏှာ အားသန်နေအောင်
အမှန်မသိစေတဲ့ အဝိဇ္ဇာကလွှမ်းမိုးထားတာဖြစ်တယ်
အဝိဇ္ဇာလွှမ်းမိုးထားလို့ အမှန်မသိတဲ့အခါမှာ
ဘဝသံသရာရဲ့အပြစ်ကို မမြင်ဘဲနဲ့
ချမ်းသာစရာလေးကိုသာလျှင် ရှုမြင်သုံးသပ်ပြီးတော့
ဘဝမှာ ပျော်စရာအဖြစ်နဲ့ နေထိုင်နေကြတာဖြစ်တယ်။

သက်တမ်းတိုတဲ့ ဒီကနေ့ခေတ်မှာဆိုလို့ရှိရင်
ပို၍ပို၍ အချိန်တွေဟာ တိုတောင်းလာတာဖြစ်တယ်
တိုတောင်းလာသည့်အတွက်ကြောင့် ဒီလိုသံသရာ
ခရီးထဲမှာ လျှောက်လမ်းသွားနေကြရတဲ့အခါမှာ
ဘဝဒုက္ခတွေကို သက်သာနိုင်သမျှသက်သာအောင်
ဘဝက ဒုက္ခတွေကနေ ကွင်းလုံးကျွတ်လွတ်ပြီးသော
ထာဝရအငြိမ်းဓာတ်ဆိုတဲ့ နိဗ္ဗာန်ချမ်းသာရအောင်
လမ်းကြောင်းကြီးပွင်းနေတုန်း ကြိုးစားကြရမှာဖြစ်တယ်။

ဒီလမ်းကြောင်းဆိုတာ
တစ်ခုတည့်သောလမ်းကြောင်းပဲဖြစ်တယ်
အဲ့ဒီတစ်ခုတည့်သောလမ်းကြောင်းဆိုတာကို
မြတ်စွာဘုရားက
သမ္မာသတိဆိုတာကို ဦးတည်ပြီးသော
မဟာသတိပဋ္ဌာနသုတ်မှာ ဟောကြားဆုံးမခဲ့တယ်
" ဧကယာနော အယံ ဘိက္ခဝေ မဂ္ဂေါ "
ဒီလမ်းကြောင်းကြီးဟာ တစ်ခုတည့်သော
လမ်းကြောင်းကြီးပဲ တစ်ခြားလမ်းရွေ့စရာမရှိဘူး။

ဘာအတွက်လဲဆိုရင် " သတ္တာနံ ဝိသုဒ္ဓိယာ "
သတ္တဝါတွေရဲ့ရင်ထဲနှလုံးထဲမှာ ဖြစ်ပေါ်နေတဲ့
စိတ်ရဲ့အညစ်အကြေးလို့ဆိုတဲ့ ကိလေသာတွေ
စင်ကြယ်ဖို့အတွက် ဒီလမ်းကြောင်းကြီးဟာ
တစ်ခုတည့်သောလမ်းကြောင်းပဲ။

ရုပ်ခန္ဓာကိုယ်မှာ
ရေနဲ့ဆေးလို့ သန့်ရှင်းနိုင်သော်လည်းပဲ
လူတွေရဲ့သန္တာန်မှာဖြစ်တဲ့စိတ်
စိတ်ရဲ့အညစ်အကြေးတွေကိုကျတော့
ရေနဲ့ဆေးလို့မရဘူး
သတိပဋ္ဌာန်ကျင့်စဉ်ကို ကျင့်ပြီးတော့
မဂ္ဂင်ရှစ်ပါး ရေစင်နဲ့ ဆေးကြော့မှသာရနိုင်တာဖြစ်လို့..

သတ်တာနံ ဝိသုဒ်ဓိယာ-
သတ္တာဝါတွေ စင်ကြယ်ဖို့ဆိုတာ
သတိပဋ္ဌာန်ကျင့်စဉ်ကို ကျင့်ပြီးတော့မှ
ကိလေသာအညစ်အကြေးတွေက စင်ကြယ်နိုင်တယ်လို့ အဲတော့ ကိလေသာအညစ်အကြေး
စင်ကြယ်ဖို့ဆိုတာ စင်ကြယ်သွားတဲ့အခါကျတော့
ဘာဖြစ်မလဲလို့ဆိုရင်

" သောက ပရိဒေဝါနံ သမတိက္ကမာယ "
လောကလူတွေက နေကြထိုင်ကြရတဲ့အခါမှာ
အမြဲတမ်းပျော်ရွှင်ချမ်းမြေ့စွာ နေကြရတာမဟုတ်ဘူး
စိတ်ညစ်စရာတွေ ကြုံရတဲ့အခါမျိုးတွေနဲ့
ကြုံတွေ့နေကြရတာ ကြုံတွေ့နေပြီ
ဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ရတယ်။

ဘာတွေဆုံးရှုံးတတ်တုန်းဆိုရင်
ဆွေတွေမျိုးတွေ ဆုံးရှုံးသွားတတ်တယ်
ကိုယ့်ဆွေမျိုးတွေထဲက သေဆုံးသွားတယ်

1 week, 3 days ago

မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေဟာ
လောကလူတွေ ယုံကြည်ယူဆသလို
အများစုက ဘာသာတရားကိုကိုးကွယ်တယ်ဆိုတာဟာ ဆုတောင်းဖို့နှင့် ဆုယူဖို့ မျှော်လင့်ဖို့တွေနဲ့
လူတွေဟာ အားသန်နေကြတယ်။

ဗုဒ္ဓဘာသာဝင်တွေလည်းပဲ ဒီတိုင်းဘဲ
လက်တွေ့ကျင့်သုံးဖို့ဆိုတဲ့အနေအထားမျိုးကို
သိပ်စိတ်မဝင်စားဘဲနဲ့ ဘယ်ဘုရားကသွားပြီးတော့
ဘယ်ဒေါင့်ကထိုင်ပြီးဆုတောင်းလိုက်မယ်ဆိုတဲ့
အတွေးပဲတွေးတာဖြစ်တယ် နော်....

ဘုရားကို ပန်းလှူပြီးတော့ဆုတောင်းမယ်
တောင်းတယ်ဆိုတဲ့အတွေးတွေက တောင်းတာဆိုတာ လောဘနဲ့တောင်းတာကများတယ်ပေါ့နော်...။
ရချင်ရလိုမူ သို့သော်..

မြတ်စွာဘုရားကဟောထားတာလေးကို
သတိထားဖို့လိုတယ် ဆုတောင်းရုံနဲ့ရမယ်ဆိုလို့ရှိရင်တဲ့ တစ်ဦးနှင့်တစ်ဦး သူမသာကိုယ်မသာဘဲဖြစ်မှာပဲ
ဘာဖြစ်လို့တုန်းဆိုရင် လူတိုင်းလူတိုင်းဟာ ဆုတောင်းလို့ရနိုင်မယ်ဆိုရင် ဆုပဲတောင်းကြမှာဘဲလေ
အလုပ်လုပ်ကြမှာမဟုတ်ဘူး။
မြတ်စွာဘုရားက အလုပ်လုပ်ရမှာလို့ဟောတယ်။
ကြိုးစားရမယ်။

အဲ့တော ဆုတောင်းဆုယူနေရုံနဲ့ ဘာမှမဖြစ်ဘူး
လုပ်ဆောင်မှသာဖြစ်တယ်လို့
အဲ့ဒီထိအောင် စဉ်းစားဖို့လိုအပ်တယ်ပေါ့။

အလုပ်လုပ်ပြီဆိုရင် ဘယ်နေ့ပဲဖြစ်ဖြစ်
ကောင်းတဲ့အလုပ်ကိုလုပ်ထားရင် ကောင်းကျိုးချမ်းသာ
ပေးမှာပဲ အဲ့ဒီမှာလည်း လူတွေကထပ်ပြီးတော့
ခေတ်နွဲကြပြန်သေးတယ် ဒီနေ့ကပြဿနေ့ကြနေ့ကျနေသေးတယ် ဒီနေ့လုပ်လို့မဖြစ်သေးဘူး နောက်ရက်ကျမှ ရက်ရာဇာကျမှလုပ်ပါမယ်ဆို ခဏထပ်ရွေ့ပြန်တယ်
ပြဿဒါး ရက်ရာဇာဆိုတာ ဘုရားဟောတဲ့ဟာတွေ
မဟုတ်ဘူးနော် ဒါကနော်..ပြဿဒါး ရက်ရာဇာဆိုတာ
ဘုရားဟောတာမဟုတ်ဘူး။

ရွှေတိဂုံဘုရားတက်ရင်တောင်မှပဲ စနေသားဆိုရင် စနေ့ဒေါင့်ဆီကိုသွားပြီး ရှိခိုးချင်တဲ့အကျင့်ကရှိတယ်
ဘယ်ဒေါင့်ကရှိခိုးရှိခိုး ကိုသိုလ်ရဖို့က အဓိကပဲ
ရင်ထဲကဖြစ်ရမည့် ကုသိုလ်စေတနာသာဖြစ်တယ်
ဒေါင့်ကအကျိုးပေးတာမဟုတ်ဘူး ဒေါင့်ကအကျိုးပေးရင် ကိုယ့်အိမ်မှာဒေါင့်ကလေးပဲ ချိတ်ထားလိုက် နော်...

တစ်အိမ်လုံး စနေသားဆိုရင်
စနေစနေအကုန်ရေးထား တနင်္လာဆိုရင်
တနင်္ဂလာရေးထား အဲ့ဒါတွေဟာ အကျိုးပေးတာမဟုတ်ဘူး၊ အဲ့တော ဗုဒ္ဓဘာသာဝင်တွေက
ရောထွေးပြီးတော့ နေကြထိုင်ကြတာဖြစ်တယ်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

1 week, 3 days ago

ကဆုန်လပြည့်နေ့ဟာ အင်မတန်မှ
ထူးခြားတဲ့နေ့ ဖြစ်သောကြောင့်

မြတ်စွာဘုရားသီတင်းသုံးရာ ညောင်ပင်လေး
ပရိဘောဂ စေတီ ဖြစ်တဲ့ ညောင်ပင်လေး မှာ ဗောဓိပင်လေးမှာ

ညောင်ရေလေးသွန်းရုံနဲ့ မလုံလောက်သေးဘူး။

မြတ်စွာဘုရား ဖွားတော်မူတဲ့ နေ့အဖြစ်လည်း မှတ်သားဖို့ လိုအပ်တယ်။

ဘုရားပွင့်တော်မူတဲ့ နေ့အဖြစ်လည်း မှတ်သားဖို့လိုအပ်တယ်။

ဘုရားပရိနိဗ္ဗာန်စံတော်မူတဲ့နေ့ အဖြစ်လည်း မှတ်သားဖို့လိုအပ်တယ်။

မှတ်သားပြီး အင်မတန်မှ ထူးခြားမြင့်မြတ်တဲ့
ပုဂ္ဂိုလ်သူမြတ်ကြီးကို

မြင့်မြတ်သောအကျင့်တွေကို

ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့်

ပူဇော်ကြရမှာ ဖြစ်တယ်။

ဒါကြောင့်မို့ ဒီကနေ့ ဤဋ္ဌာနမှာ

ကဆုန်လပြည့်နေ့ အမှတ်တရ ဗုဒ္ဓကို

ဂုဏ်ပြု ပူဇော်သော အားဖြင့် ဓမ္မသဘင်ကို ဆင်ယင်ကျင်းပ ပြုလုပ်နေကြတာ

ဖြစ်တယ်ပေါ့။

ဒါဟာ ပန်း ရေချမ်း ဆီမီးတို့နဲ့ ပူဇော်တာထက်

တရားဓမ္မဖြင့်ပူဇော်ခြင်းဟာ

မြတ်စွာဘုရားရဲ့ အကြိုက်တွေ့ရုံမျှမက

ပိုပြီးတော့လည်း ချီးမွမ်းဖွယ်ကောင်းတဲ့

ပူဇော်မှုမျိုးလို့ ဆိုတာဟာ

အင်မတန်မှ ထင်ရှားတယ်ပေါ့။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

1 week, 4 days ago

#မြင့်မြတ်တဲ့သူ
===========
လူတွေက မေတ္တာပို့တာကို
မေတ္တာလို့ ထင်နေကြတာ။
လူကြားကောင်းအောင် မေတ္တာပို့တယ်။
ရင်ထဲက ဒေါသကိုတော့
ဒီအတိုင်းပဲ သိမ်းထားတယ်။
မကျေနပ်ဘူး
ဘယ်သူ့ဖြင့် တစ်ကွေ့တော့ တွေ့မယ်။
စိန်ခေါ်ရင်
တိမ်ပေါ်အထိတောင် လိုက်ဦးမတဲ့။
အငြိုးအတေးတွေနဲ့ လုပ်လေ့ ရှိကြတယ်။
မကျေနပ်ချက်တွေက ရင်ထဲမှာ ရှိနေတယ်။
မကျေနပ်ချက် တွေကို
ရင်ထဲမှာ သိုထားနေလို့ရှိရင်
ကိုယ်ဟာ မေတ္တာပြည့်ဝတဲ့သူ မဟုတ်ဘူး။
အဲ့တာ။
ဘယ်သူ့အပေါ်ဖြင့် မကျေနပ်ဘူး
ဘယ်သူ့ကိုတော့ မုန်းတယ်ဆိုတဲ့
စိတ်ဓာတ်မျိုးတွေ ထားနေသေးတယ်။
ဆိုလို့ရှိရင် ဒါ ဖြူစင် မြင့်မြတ်သူ မဖြစ်ဘူး။
မေတ္တာဆိုတာ အကန့်အသတ် မရှိရဘူး။
သို့သော် မြန်မာလူမျိုးတွေက
မေတ္တာဆိုတဲ့ ဖြူစင်မြင့်မြတ်တဲ့ အသုံးကို
ချစ်တာနဲ့ သွားလည် နေကြပြန်တယ်။
ဘယ်သူ့အပေါ် မေတ္တာရှိတယ်။
ဘယ်ဝါ့အပေါ် မေတ္တာရှိတယ်။
အဲ့တာ က မေတ္တာ မဟုတ်ဘူး။
တဏှာ။
တဏှာဆိုတာ ကိုယ့်အတွက် စဉ်းစားတယ်။
မေတ္တာဆိုတာ သူ့အတွက်ပဲ စဉ်းစားတယ်။
ကဲ ကိုယ့်ကိုယ်ကို စဉ်းစားကြည့်၊
ငါဟာ သူ့အတွက် စဉ်းစားတာလား၊
ကိုယ့်အတွက် စဉ်းစားတာလား၊
ဒါပဲ သေချာအောင် စဉ်းစား။
ကိုယ့်ကိုယ်ကို အဖြေထုတ် မလိမ်နဲ့။
ငါဟာ သူ့အတွက်လား။
သူဟာ ငါ့အတွက်လား
ငါက သူ့အတွက်ဆိုရင်တော့
မေတ္တာဘက် ရောက်သွားမယ်။
သူဟာ ငါ့အတွက် ဆိုလို့ရှိရင်တော့
ဒါဟာ ကိုယ့်အတွက်အကျိုး၊
ကိုယ်ကျိုးငဲ့တာပဲဖြစ်တယ်။
မေတ္တာ အစစ်အမှန် ရှိပြီဆိုရင်
လူတစ်ယောက် နိမ့်ကျသွားရင်လည်းပဲ
သူ့အပေါ်မှာ အကြင်နာထားတယ်။
အောင်မြင်ကြီးပွါးသွားပြီ ဆိုရင်လည်းပဲ
ဝမ်းသာနိုင်တယ်။
မေတ္တာစစ်နဲ့ ချစ်ပြီဆိုရင်တော့
ဆင်းရဲလည်းကူမယ်။
ကြီးပွါးတိုးတက် သွားရင်လည်း ဝမ်းသာမယ်။
ဒီသုံးခု -
မေတ္တာရယ်၊ ကရုဏာရယ်၊ မုဒိတာရယ်
အဲ့ဒီစိတ်ဓာတ်တွေနဲ့ ....
အများနဲ့ ဆက်ဆံနေပြီဆိုလို့ရှိရင်
အဲ့ဒီ ပုဂ္ဂိုလ်ဟာ မြင့်မြတ်သူပဲ ဖြစ်တယ်။
#ကျေးဇူးတော်ရှင်_ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး_ဒေါက်တာ_အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

2 months, 1 week ago

၂၄/၀၃/၂၀၂၄ တပေါင်းလပြည့်နေ့ အချိန်အခါတွင် ကျင်းပပြုလုပ်သည့်ပါမောက္ခချုပ်ဆရာတော် ဘုရား ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ မထေရ် မြတ်ကြီး၏ သက်တော် (၈၄) နှစ်ပြည့် ဝိဇာတမွေးနေ့ အထိမ်းအမှတ် အဖြစ် ဆရာတော်ဘုရား ကြီပြုလုပ်သည့်လှူဒါန်းမှုအစုစုတို့မှာ
၁။မထေရ်ကြီး (၉) ပါးအတွက် နဝကမ္မများ လှူဖွယ်ဝတ္ထူအစုစု တို့ကိုလှူဒါန်းခြင်း၊
၂။ပညာဘူမိတက္ကသိုလ် အတွက် မတည် အလှူငွေလှူဒါန်းခြင်း၊
၃။အနုဂ္ဂဟအသင်း အတွက် computer များလှူဒါန်းခြင်း၊
၄။သံဃာတော်များ ပရိယတ် ပရိပတ် သာသနာပြုအလုပ်များပြုလုပ်နိုင်ရန် မဟာသုဗောဓာရုံ ကျောင်းတိုက်အတွင်း သုံးထပ်ကျောင်းဆောင် လှူဒါနိးခြင်း၊
၅။အထူးပင့်သံဃာတော်ဆရာတော်ကြီး (၁၄၅)ပါးအတွက်နဝကမ္မများလှူဒါန်းခြင်း၊
၆။သံဃာတော်၊ ကိုရင် အပါး (၅၀၀) အတွက်နဝကမ္မများ၊ သက္ကန်း အစုံ (၅၀၀)၊ ရဟန်းစီးဖိနပ် (၅၀၀)၊ ထီး အလက် (၅၀၀) လှူဒါန်းခြင်း၊
၇။သီလရှင် အပါး (၅၀၀) တို့ အတွက် နဝကမ္မ များလှူဒါန်းခြင်း၊ အစရှိသည့်လှူဖွယ် ဝတ္ထူအစုစုတို့ကို လှူဒါန်းမှုပြုလုပ်သည်။

ဆရာတော်ဘုရားကြီး ဟောကြားသည့် အနုမောဓနာ အနှစ်ချုပ်မှာ
ယနေ့ မွေးနေ့ ဝိဇာတအခမ်းအနားကို အကြောင်းပြု၍ ဘဝမှာ မှာသက်သာရုံမျှ မဟုတ်ပဲနဲ့ ဒုက္ခအားလုံး အဆုံးသတ် ဖို့ အထိ ဦးတည်ကြရမှာဖြစ်တယ်…ဒုက္ခကို သုခလို့ပြောင်းလို့မရဘူး….ရထားတဲ့ သင်္ခါရဒုက္ခ ခန္ဓာကိုယ်ကြီးကို အဆုံးသတ်ရမှာဖြစ်တယ် မြဲတာ တစ်ခုမရှိတာမို့ တရားကျင့်ဖို့လိုအပ်တယ် လို့ မြတ်စွာဘုရားက ဟောကြားထားပါတယ် တရားကျင့်တာက မမြဲတာကို မြဲအောင်လုပ်တာမဟုတ်ဘူး မမြဲတာတွေ အဆုံးသတ်ဖို့လုပ်ရတာဖြစ်တယ် အဲဒီရထားတဲ့ ခန္ဓာကိုယ်ဒုက္ခကို သုခအဖြစ်ပြောင်းလို့မရသည့်အတွက်ကြောင့် ဒီဒုက္ခမျိုးနောက်ထပ်မရဖို့ အတွက် ကိုယ်လုပ်တဲ့ကုသိုလ်က စွမ်းဆောင်ပေးသွားမယ် အဲဒီရည်ရွယ်ချက်နဲ့ မွေးနေ့လုပ်ကြတယ် ကျောင်းတွေဆောက်ပြီးလှူကြတယ် ဘဝခရီး ရရှိနေခိုက်မှာ ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်လို့ ပဲ အနှစ်ချုပ်အနေနဲ့မှတ်သားသင့်ပါတယ် တရားချစ်ခင်သူတော်စင်အပေါင်းတို့ မွေးနေ့ပွဲလုပ်ခြင်းဟာ ပျော်ရွှင်ချမ်းမြေ့ဖို့အတွက်မဟုတ်ပဲနဲ့ ပျော်ရွှင်စရာကို တကယ်ဖြစ်ပေါ်စေတတ်တဲ့ ကုသိုလ်ကောင်းမှုကိုရဖို့ ပြုလုပ်ကြတာသာဖြစ်တယ် လို့ အမှန်တရားကိုသိရှိပြီးတော့ နေ့စဉ်နဲ့အမျှ ဘဝခရီးမှာ ကုသိုလ်တရားဖြစ်ပွါးအောင်ကြိုးစားအားထုတ်နိုင်ကြပါစေ ဟု မွေးနေ့ အမှတ်တရ အနုမောဓနာတရားဟောကြားသည်။
(ဓမ္မသဘင်အဖွဲ့ )

2 months, 1 week ago

ပတ်ဝန်းကျင်လောက ကြီးကို ကြည့်မယ်ဆိုရင် ဘယ်အရာမှ ခိုင်မြဲမှု မရှိတာ သေချာတယ်တဲ့။

လူတွေရဲ့ စိတ်ဆန္ဒဟာ ကိုယ့်ရဲ့ လုံခြုံရာဘေးကင်းရာ ကိုယ့်ရဲ့ဘဝ နားခိုရာကို အမြဲတမ်း ရှာဖွေနေကြတယ်။နော်

နေစရာအတွက် လူတွေဟာအမြဲတမ်း စိတ်ဝင်စားနေရတယ်။

အဲ့ဒီလို စိတ်ဝင်စားရင်းနဲ့ ဒီနေရာကောင်းမယ်ထင် တယ်၊ဒီအခြေအနေကောင်းလိမ့်မယ်လို့မျှော်လင့်ချက်တွေ ရှိနေကြပေမယ့် ထင်တဲ့အတိုင်းမဟုတ်ပဲ အဆုံးသတ်သွားတာ တွေ အများကြီးပဲ။

ထင်တဲ့အတိုင်း မဟုတ်ပဲ အဆုံး သတ်သွားတာ။

ဘာလို့တုန်း ဆိုရင် လူဆိုတာ ကိုယ့်ကို ထာဝရနုပျိုနေမယ်လို့ထင်ပေမယ့် လို့ အိုမင်းခြင်းနဲ့ အဆုံးသတ်သွားရပြန်တယ်။

ထာဝရကျန်းမာနေမယ်လို့ ထင်ပေမယ့်လို့ ရောဂါဖြစ်ခြင်းမှာလည်း အဆုံးသတ်သွားကြတယ်။

ထာဝရအသက်ရှင်နေမယ်လို့ ထင်ပေမယ့်လို့ သေဆုံးခြင်းမှာ အဆုံးသတ်သွားကြတယ်။

ဘယ်သူမှ သူ့ကိုယ်သူ သေမယ် လို့ မထင်ကြဘူး။နော်

ဘယ်သူက မှ သူ့ကိုယ်သူ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားလိမ့်မယ် ဘယ်သူကမှ သူ့ကျန်းမာရေးပျက်စီးသွားမယ် လို့ ကိုယ့်ကိုယ်ကို မျှော်လင့်မထားကြဘူးတဲ့။

အားလုံးမျှော်လင့်ကြတာကတော့ ကိုယ်ကောင်းစားဖို့ ကိုယ်လုံခြုံစိတ်ချဖို့ ဒါပဲမျှော်လင့်ကြတယ်။

သို့သော် တကယ်ရလားလို့ ဆိုရင် မရဘူးတဲ့။

အလုပ်တစ်ခုကိုအောင်မြင်လိမ့်မယ်လို့ထင်တယ် လုပ်တယ်။မအောင်မြင်ဘူး။နော်

လူတကာအထင်ကြီးမယ်ထင်ပြီး လုပ်တယ် အထင်မကြီးဘူး။

လူတကာချီးမွမ်းမယ် လို့ထင်ပြီးလုပ်တော့ကဲ့ရဲ့ခံရပြန်တယ်။

ချမ်းသာမယ် ထင်ပြီးလုပ်တော့ ဒုက္ခနဲ့တိုးတယ်။

အဆုံးသတ်တွေက အဲ့ဒီလိုချည်းပဲ ဖြစ်နေတယ်။

ကိုယ်မထင်မှတ်တဲ့ အဆုံးသတ်ချည်းနဲ့ပဲ လောကကြီးက အဆုံးသတ်နေတာ ဆိုတော့ လောကကြီးရဲ့ ခိုင်မာမှု အနှစ်သာရ ရှိမှုဟာ ဘယ်နေရာမှ ရှာမတွေ့နိုင်ဘူးတဲ့။

အားလုံးဟာ လှုပ် လှုပ် လှုပ် လှုပ် နဲ့ ယိမ်းယိုင်နေတဲ့ သဘောပဲ တွေ့ရတယ်။

သင်္ခါရတရားမှန် သမျှ ဘယ်အရာမှ တည့်မတ် တည်ငြိမ် နေတာမရှိဘူး။အမြဲတမ်း ပြောင်းလွဲနေတာ။

Ever Changes
ဘာပဲဖြစ်ဖြစ် ever changes ပဲ။

နော်။

အမြဲတမ်း ပြောင်းလွဲ နေတာ။ကောင်းမယ်ထင်လည်း မကောင်းဘူး။

မျှော်လင့်ကြတာပဲလေ။

အခုဆိုရင် ဘုန်းကြီးတို့အခု လက်တွေ့တွေ့နေရတဲ့ ကမ္ဘာကြီးမှာ လက်တွေ့ တွေ့နေကြတယ်။

2019ခုနှစ်မှာ ပေါ်လာတဲ့ ဗိုင်းရပ်စ် ရောဂါနဲ့ ။ဒီလိုလို့ ဘယ်သူမှ မမျှော်လင့်ဘူးလေ။

မမျှော်လင့်တာကြီးက ခုဖြစ်နေတယ်။

ဖြစ်နေတာလည်း အယ် ဖြစ်ခါစတုန်းကအဲ့လိုပြောတယ် နွေ ပေါက်ရင် ပျောက်သွားမှာပါဆို ပြောသံတွေကြားတယ်။

နွေပေါက်လည်း မပျောက်ဘူး။ခေါင်းတောင် ထောင်လာသေးတယ်။

နောက်မိုးရွာတော့ ပျောက်မယ် ပြောတယ် မိုးရွာလည်း မပျောက်ဘူး။

ဆောင်းရောက်တော့လည်း ပျောက်သွားလိမ့်မယ်လို့ ထင်ကြတယ်။ဆောင်းရောက်တော့လည်း မပျောက်ပြန်ဘူး။

ဗိုင်းရပ်စ် ကအမျိုးမျိုးပြောင်းလိုက်တယ်။

နော်။အမျိုးမျိုးပြောင်းပြီးတော့ အရင်တုန်းက ဒယ်လ်တာ တို့ အယ်လ်ဖာတို့နဲ့ လာခဲ့တာ အခုတစ်ခါ အိုမီခရွန်ဆိုပြီးတော့ လာပြန်ပြီ။

တစ်နှစ်ကျော် နှ နှစ်ထဲ ရောက်နေပြီ။

ပျောက်သေးဘူး။ဘယ်တော့ပျောက်မယ်မှန်း မျှော်လင့်လို့ မရဘူး ဖြစ်နေတယ်။

အဲ့တော့ မထင်မှတ်တာတွေ အကုန်ဖြစ်နေတယ်။

လောကကြီးက ကောင်းတာတွေနဲ့ တွေ့မယ် ထင်ပြီးတော့ မကောင်းတာတွေ ကြုံရတယ်။

အဲ့တာကြောင့်မို့ မြတ်စွာဘုရားက ပတ်ဝန်းကျင်က ကိုယ့်ရဲ့ ပတ်ဝန်းကျင် လောကကြီးက အနှစ်သာရ ရှိမယ် လို့ထင်တာ လုံးဝ အနှစ်သာရ မရှိဘူးတဲ့။

အားလုံးဟာတည်ငြိမ်မှု မရှိပဲနဲ့လှုပ်ရှားယိမ်းယိုင်နေတာ သာဖြစ်တယ်တဲ့။

ကိုယ့်အတွက်တော့ ဒီနေရာလေးက လုံခြုံစိတ်ချရတယ်လို့ ထင် နေကြသော်လည်းပဲ လုံခြုံစိတ်ချရတဲ့ နေရာဆိုတာ မတွေ့ရဘူး။

လောကကြီးထဲမှာ လုံခြုံစိတ်ချလို့ ရတဲ့ နေရာရှာလို့မတွေ့ဘူးလို့ အဲ့ဒီလို မြတ်စွာဘုရားက ဒီသုတ္တန်မှာ ဟောကြားခဲ့တာဖြစ်တယ်ပေါ့။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်

2 months, 1 week ago

"ဇိနေ ကဒရိယံ ဒါနေန”တဲ့။နှမြောတဲ့ ပုဂ္ဂိုလ်ကို မိမိက ပေးကမ်းစွန့်ကြဲခြင်းဖြင့်အနိုင်ယူပါတဲ့။

နှမြောတဲ့ပုဂ္ဂိုလ်နဲ့ စွန့်ကြဲပေးကမ်းတတ်တဲ့
ပုဂ္ဂိုလ်၊ဘယ်သူက နိုင်လို့ ဘယ်သူရှုံးတာလဲ အနိုင်
အရှုံး တွက်ကြည့်ရမယ်။

ဒီနေရာမှာ ကဒရိယ ဆိုတဲ့စကားလုံးဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ။

ကဒရိယ ဆိုတာထဒ္ဓမစ္ဆရီ တစ်ကယ့်ကို ပြင်းထန် တဲ့ မစ္ဆရိယ ကြီးမားတဲ့ပုဂ္ဂိုလ်ကို ခေါ်တာ။

အေး .. မစ္ဆရိယနဲ့ကဒရိယဘယ်လို ကွာသလဲ ဆို ရင် နှမြောဝန်တိုတတ်တဲ့ မစ္ဆရိယပုဂ္ဂိုလ် ဟာ ကိုယ့် ပစ္စည်းသာ ကိုယ်နှမြောတာ လှူမယ်
တန်း မယ်မဟုတ်ဘူး။

ရလာတဲ့အခွင့်အရေးကို ကိုယ်သာ ခံစား ချင် တယ် ဆို တဲ့ ပုဂ္ဂိုလ်မျိုး။

ကဒရိယ ကျတော့ အဲလိုမဟုတ်ဘူး။ ကိုယ့်ဟာ လည်း မလှူဘူး။ သူများလို့ရှိရင်လည်း တားမြစ်တယ်။

မစ္ဆရိယစိတ် ရှိတဲ့ပုဂ္ဂိုလ်က ကိုယ်ကိုယ်တိုင်သာ မလှူတာ၊သူများ လှူတာကို မပြောဘူး။

ကဒရိယဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ အဲလိုမဟုတ်ဘူး၊ သူများလှူတာကိုလည်း မလှူရအောင်ဟန့်တား တတ် တဲ့ပုဂ္ဂိုလ်။သူက ပိုပြင်းထန်တယ်။

အဲဒီလို ပိုပြင်းထန်တဲ့ မစ္ဆရိယစိတ်ရှိတဲ့ပုဂ္ဂိုလ်ကို ပေးကမ်းစွန့်ကြဲခြင်းဖြင့်သာလျှင် သူ့ကို အနိုင် ရနိုင်တယ်လို့အနိုင်ယူနည်းကို မြတ်စွာဘုရားက ဟောတယ်။

ဒါကပစ္စုပ္ပန်ဘဝ အနိုင်ရပုံပဲ။

သံသရာမှာ အနိုင်ရပုံကို ကြည့်မယ်ဆိုရင် နှမြော
ဝန်တိုနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘာမှ မလှူ ဘူး။

ဘာမှ မလှူသည့်အတွက် သံသရာမှာ လူဖြစ်ရင်
ဘယ်တော့မှ ပြည့်ပြည့်စုံစုံ မရဘူးတဲ့၊ ဆင်းရဲ မွဲ တေတဲ့လူ ဖြစ်ရတယ်။

ဒါနကောင်းမှုပြုတဲ့ ပုဂ္ဂိုလ်ကျတော့
အစစအရာရာ ပြည့်စုံတယ်။

ဒါနရှိတဲ့လူနဲ့ မရှိတဲ့လူဘဝသံသရာ မှာ ခရီး သွား တဲ့ အခါ အလွန်ပဲ ကွာခြားတယ်။

အဲဒါကို ကြည့်မယ်ဆိုလို့ရှိရင် ဒါနမရှိတဲ့ ပုဂ္ဂိုလ်
ဟာ အရှုံးသမားပဲ။

ဒါန ရှိတဲ့ပုဂ္ဂိုလ်ဟာ အနိုင်ရတဲ့ပုဂ္ဂိုလ်ပဲ။

ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်အခါ
ကာလတုန်းက သူငယ်ချင်း ရဟန်းတော် နှစ်ပါး ရှိတယ်။

သုမနသုတ္တန်မှာလာတဲ့ သူငယ်ချင်း ရဟန်းနှစ်ပါး
တစ်ပါးက ဝိပဿနာတရားအားထုတ်တယ်။

ဒါနကောင်းမှု လုပ်စရာမလိုဘူး။ ဝိပဿနာ အကျင့်ပဲ ကျင့်မယ်လို့ ဆိုတယ်။

တစ်ပါးကတော့ အေး ဘုန်းကြီးဆိုပေမယ့် လို့ ဒါနကောင်းမှုဆိုတာ လုပ်သင့်တယ်။

သာရဏီယဝတ်ဆိုတာ ဖြည့်သင့်တယ်လို့ ယူဆ ပြီးကိုယ်ရလာတဲ့ဆွမ်းသင်္ကန်းကို သီတင်း သုံးဖေါ် တွေ ကိုမျှဝေလှူဒါန်းတယ်။

ဟိုတစ်ပါးကတော့ ဘယ်သူ့ကိုမှလှူစရာ မလိုဘူး၊ တရားကျင့်ဖို့က အဓိကတဲ့။

ခုခေတ်လိုဆို ဒါနက သံသရာရှည်တယ်လို့ ပြောတာဖြစ်ချင်ဖြစ်မယ်။

လှူစရာမလိုဘူးဆိုပြီး မလှူဘဲ နေတဲ့ပုဂ္ဂိုလ်။

သူငယ်ချင်း ၂-ပါး၊ တစ်ပါးနဲ့တစ်ပါး အမြင် မတူ ကြ ဘူး။

အဲတော့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီး သံသရာ
ခရီးကို သွားကြရတယ်။

အဲဒီ ကဿပမြတ်စွာဘုရားလက်ထက်က ရဟန်း ၂-ပါး ပျံလွန်တော်မူကြတဲ့အခါနတ်ပြည် သွားဖြစ် တယ်။

ဝိပဿနာ အကျင့်သာကျင့် ဘာမှမလှူတဲ့ ပုဂ္ဂိုလ် က နတ်ပင်ဖြစ်လင့်ကစား ဟိုပုဂ္ဂိုလ်ရဲ့ အဆင့် အတန်း ကို မမှီဘူး၊ ဒါနကုသိုလ်ကောင်းမှု ရှိတဲ့ ကိုယ်တော်က ဖြစ်လာတဲ့ နတ်ကအသက်လည်း ပိုရှည်တယ်။

အဆင်းလည်း ပိုလှတယ်၊ချမ်းသာသုခ လည်း ပိုကြီးတယ်။ခွန်အားဗလလည်းပိုကြီးတယ်။

အစိုးရမှုလည်း ပိုကြီးတယ်။နတ်၌ဖြစ် သော
အဆင်း၊ အသံ၊အနံ့၊ အရသာတွေကလည်း
ဟိုပုဂ္ဂိုလ်ထက်သာတယ်။

ဒါနကောင်းမှု မလုပ်ခဲ့တဲ့ပုဂ္ဂိုလ်က အစစအရာရာ နိမ့်ကျတယ်။

အော် အဲဒီမှာတင် ဒါန မရှိသူက ရှုံးသွားပြန်ပြီ ၊သံ သ ရာမှာ သူဟာအရှုံး နဲ့ တွေ့ရပြန်ပြီး၊နတ်ပြည် က နေပြီး လူ့ပြည်ရောက်တဲ့အခါမှာဒါန ကောင်း မှု ပြုခဲ့တဲ့ပုဂ္ဂိုလ်က ဘုရင့်ရဲ့သား လာဖြစ်တယ်။

ဒါနကောင်းမှုမပြုခဲ့တဲ့ ကိုယ်တော်က အထိမ်း တော် ရဲ့သား လာဖြစ်တယ်။ဒီမှာလည်း ရှုံးသွား ပြန်ပြီ။

အဲဒီလို အနိုင်အရှုံးဆိုတာ ကောင်းတာ လုပ်တာနဲ့
မကောင်းတာလုပ်တာ၊ဒါနရှိတာနဲ့ မရှိတာ၊ နိုင်သူ နဲ့ရှုံးသူ။ဒီပစ္စုပ္ပန်ဘဝမှာတင် မဟုတ်ဘူး။

သံသရာမှာပဲကြည့်လိုက်မယ်၊ဒါနကောင်းမှု မရှိတဲ့ ပုဂ္ဂိုလ်ဟာရှုံးနေတယ်။

ဒါနရှိတဲ့ ပုဂ္ဂိုလ်ဟာ အနိုင်ရ နေတယ်။
ဒီလို အနိုင်အရှုံး ဆိုတာ တွက်လို့ရတယ်ပေါ့။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

2 months, 2 weeks ago

ဟောတစ်ဘဝရောက်လာပြန်ပြီ၊သူတို့ဖန်တီးလိုက်တဲ့ အရာတစ်ခုသည် နောက်ဆုံးမှာ အိုရပြန်ပြီ နာရပြန်ပြီ သေရပြန်ပြီ။ဒီ အိုခြင်း နာခြင်း သေခြင်း လို့ဆိုတဲ့ ပြဿနာကို
လွန်မြောက်ချင်ရင် ဘာလုပ်ရမလဲဆိုတော့ မွေး အောင်လုပ်နေတဲ့၊ ဘဝတစ်ခုရအောင် လုပ်နေ တဲ့
၊အမှန်တရားကို မသိအောင် ကာနေတဲ့ အဝိဇ္ဇာကို ဖယ်လိုက်ရမယ်၊အဝိဇ္ဇာဖယ်လိုက် တာနဲ့တွယ်တာ မှုမဖြစ်ဘူး။ ။

မအိုရာ မနာရာ မသေရာဆိုတာ တစ်ချို့ကထင်နေ
တယ်၊လူဖြစ်လာပြီး ဘယ်တော့မှ မအိုတော့ဘူး လို့ထင်တာ။

ဖြစ်ကိုမဖြစ်တော့တာနော်၊နိဗ္ဗာန်ဆိုတာ ဖြစ်ကို မဖြစ်တော့တာ။

ဘာလို့မဖြစ်တုန်းဆို ခုနက လှည့်စားမှုတွေနဲ့ လိုချင်မှုတွေမရှိတော့ဘူး။

မရှိသည့်အတွက်ကြောင့် ဘဝဆိုတာ စကို
မစလာတော့ဘူး။

အဲဒီနည်းလမ်းကိုပဲ မြတ်စွာဘုရားက ရှာဖွေ
တွေ့ထားတာတဲ့။

ဖြစ်လာတဲ့သတ္တဝါကို မအိုအောင် လုပ်နိုင် တာ တော့ မဟုတ်ဘူး၊ မဖြစ်အောင်လုပ်တဲ့ နည်းစနစ် တဲ့။

လူတိုင်းလူတိုင်းဟာ အိုလည်းမအိုချင်ဘူး၊ နာလည်း မနာချင်ဘူး၊ သေလည်းမသေချင်ဘူး၊ တကယ်တော့ ရလားဆိုမရဘူး။

နောက်ဆုံးမှာ အသက်တောင် ဆွဲဆန့်လို့ မရ တာကြီးကိုမအို မသေဖို့ဆိုတာ အခဲယဉ်းကြီးလေ။

မသေချင်ဘဲနဲ့ပဲ သေရမှာပဲ၊အဲဒီတော့ မြတ်စွာဘုရား က မသေရာလမ်းကြောင်းဆိုတဲ့
အကောင်းဆုံးလမ်းကြီးကို ရှာဖွေတွေ့ထားတာ။

ဒါကြောင့်မို့“သုဂတ” လို့ခေါ်တာ။ အဲဒီ မသေရာ လမ်းကြောင်းဆိုတာ ဘယ်လမ်းလဲ ဆိုရင်မဂ္ဂင် ရှစ်ပါး တည်းဟူသော လမ်းကြောင်းပဲ။

အဲဒီ မဂ္ဂ ဆိုတဲ့လမ်းဟာ ဘာနဲ့ဖွဲ့စည်းထား တာ တုန်း ဆိုတော့ သမ္မာဒိဋ္ဌိ,သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ
, သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ လို့ခေါ်တဲ့ ဒီရှစ်ပါးနဲ့
ဖွဲ့စည်းထားတာ။

မဂ္ဂဆိုတာ ဒီအဖွဲ့အစည်းတစ်ရပ်ရဲ့နာမည်၊ဒီ ရှစ် ပါး ကို ပေါင်းပြီးတော့“မဂ္ဂ” လို့ခေါ်တာ။

ဝိပဿနာတရား အားထုတ်နေတဲ့အချိန်မှာလည်း ဒီရှစ်ခုနဲ့သွားနေတာ။

သို့သော် စွမ်းအားပြည့်သွားပြီဆိုရင် မဂ်ဉာဏ်
ဖြစ်သွားပြီ၊အဲဒီတော့ လုပ်ရတာက ဝိပဿနာမဂ္ဂ၊ ရလိုက်တာက အရိယာမဂ္ဂ၊ ဝိပဿနာက အလုပ် လုပ်ပြီး အသိဉာဏ်တွေ ဖွံ့ဖြိုးလာအောင်၊
အတွေး တွေ မှန်ကန်လာအောင်ကိုယ်ကျင့် တရားကို အခြေခံပြီးတော့ ကြိုးစားမှု တွေ သတိ
ထားမှုတွေ သမာဓိတွေ ဒီစွမ်းအားတွေကို မြှင့်ရင်း မြှင့်ရင်းနဲ့နောက်ဆုံးမှာ ဒီရှစ်ခုက တစ်ခုတည်း ကဲ့သို့ ဖြစ်သွားတယ်။

စွမ်းအားပြည့်တယ်ဆိုတာ ဝိပဿနာအခိုက် တုန်း ကတော့ရှစ်ခုက ရှစ်မျိုးဖြစ်နေကြတယ်။

တစ်စထောင် တစ်စလဲနဲ့ရှစ်မျိုးမှန်းသိသာတယ်
၊အလုပ်တွေလုပ်နေကြတာ။

အဲဒီရှစ်ခုက တပေါင်းတည်း ဖြစ်သွားပြီဆိုရင် အရိယာမဂ္ဂ ဖြစ်သွားပြီ။

တစ်ခုတည်းဖြစ်သွားပြီဆိုရင် စွမ်းအင်တွေ
အားလုံးစုသွားတယ်၊တစ်ခုတည်းလိုဖွဲ့စည်းပြီး စည်းလုံးညီညာသွားပြီ ဆိုလို့ရှိရင် ကိလေသာအားလုံးကို ဖယ်ရှားပစ်လိုက်ပြီး
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားကို “သောဘဏ ဂမနတ္တာ သုဂတော”တင့်တယ်သော အပြစ်
ကင်းသော လမ်းကြောင်းရှိတဲ့ပုဂ္ဂိုလ်မြတ်တဲ့ ဒီလို အဓိပ္ပါယ်ရတယ်။

အရိယမဂ်ဆိုတဲ့လမ်းကြောင်းကို မြတ်စွာဘုရား ပထမဆုံးတွေ့ရှိတယ်။အဲဒီ လမ်းကြောင်းအတိုင်း လျှောက်တယ်။လမ်းဆုံးပန်းတိုင် ကိုလည်းေ ရောက်ခဲ့ ပြီ။

အဲဒါကြောင့်မို့ သုဂတ လမ်းကြောင်းကိုလည်း သိသူ၊လမ်းဆုံးကိုလည်း ရောက်ပြီးသူဆိုတဲ့ အဓိပ္ပါယ်ရတယ်ပေါ့။ ။

အဲဒီတော့ ဒီ မသေတဲ့လမ်းကြောင်းကို ဘယ်သူမှ မတွေ့ဘူး။

အကောင်းဆုံး အစစ်မှန်ဆုံး အပြစ်ကင်းဆုံး လမ်း ကြောင်း ကို မြတ်စွာဘုရားကိုယ်တိုင် စတွေ့ တာဖြစ် သောကြောင့် သုဂတ-အကောင်းဆုံးသော
လမ်းကြောင်းကို လျှောက်လှမ်းပြီးသူ ဆိုတဲ့ အဓိပ္ပါယ်နဲအကောင်းဆုံးသော လမ်းကြောင်းရှိတဲ့ ပုဂ္ဂိုလ်မြတ်အနေနဲ့“သုဂတ” လို့ခေါ်တာ
၊ ဒါက အဓိပ္ပါယ်တစ်ခုနော်။

တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်း တို့
၊ဗုဒ္ဓမြတ်စွာရဲ့ သုဂတ ဂုဏ်တော်ကြီးကို နာယူ
မှတ်သားပြီးတော့..

တို့တတွေဟာလည်း မှန်ကန်တဲ့ လမ်းကြောင်းကို ပိုင်ဆိုင်ဖို့အရေးကြီးတယ်၊ပိုင်ဆိုင်ထားပြီး အဲဒီ
လမ်းကြောင်းအတိုင်း လျှောက်လှမ်းလို့ ပန်းတိုင် ကို ရောက်တဲ့ပုဂ္ဂိုလ်တွေ လည်း ဖြစ်ဖို့ လိုအပ် တယ်။

လုပ်တဲ့လုပ်ငန်းသည်သေသေသပ်သပ် နဲ့ နောက် ကြောင်း မပြန်ရအောင် သေသပ်တဲ့အလုပ် မျိုးနဲ့ တို့တတွေ လုပ်ရမှာဖြစ်တယ်။

ကျင့်ဆောင်တဲ့၊လျှောက်လှမ်းတဲ့ လမ်းဟာ လည်း ပဲမှန်ကန်တဲ့လမ်းကြောင်းက လျှောက်လှမ်း လာတာ ဖြစ်ရမယ်။

စကားပြောတဲ့အခါမှာလည်းပဲ မှန်ကန်ပြီးတော့ အကျိုးရှိတဲ့ စကားမျိုးကိုသာလျှင် တို့တတွေ ရွေးချယ်ပြီးတော့ပြောကြရမှာဖြစ်တယ်ဆိုတဲ့ မြတ်စွာဘုရားရဲ့ သုဂတ ဂုဏ်တော်ကို အာရုံ ပြုပြီး ကောင်းတဲ့ကိုယ်ကျင့်တရားတွေ ကျင့်သုံး
ထူထောင်နိုင်ကြ ပါစေကုန်သတည်း။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 6 days, 12 hours ago

Animeများကို မြန်မာစာတန်းထိုးဖြင့် ကြည့်နိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက @OnichanAnimeMyanmar ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက ⬇️⬇️
Admin acc @sithuaung2006

https://t.me/+q5t2NMwj5EllYTk9

Last updated 6 days, 12 hours ago