ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး၏ တရားတော်များ

Description
Official မဟုတ်ပါ
Advertising
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 месяц, 3 недели назад

Animeများကို မြန်မာစာတန်းထိုးဖြင့် ကြည့်နိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက @OnichanAnimeMyanmar ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

India movie Channel gives credit to original websites and translators.

If you own the copyrights of any stuff, we will remove it within 24 hours.

Last updated 6 месяцев, 2 недели назад

1 month, 3 weeks ago

၂၄/၀၃/၂၀၂၄ တပေါင်းလပြည့်နေ့ အချိန်အခါတွင် ကျင်းပပြုလုပ်သည့်ပါမောက္ခချုပ်ဆရာတော် ဘုရား ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ မထေရ် မြတ်ကြီး၏ သက်တော် (၈၄) နှစ်ပြည့် ဝိဇာတမွေးနေ့ အထိမ်းအမှတ် အဖြစ် ဆရာတော်ဘုရား ကြီပြုလုပ်သည့်လှူဒါန်းမှုအစုစုတို့မှာ
၁။မထေရ်ကြီး (၉) ပါးအတွက် နဝကမ္မများ လှူဖွယ်ဝတ္ထူအစုစု တို့ကိုလှူဒါန်းခြင်း၊
၂။ပညာဘူမိတက္ကသိုလ် အတွက် မတည် အလှူငွေလှူဒါန်းခြင်း၊
၃။အနုဂ္ဂဟအသင်း အတွက် computer များလှူဒါန်းခြင်း၊
၄။သံဃာတော်များ ပရိယတ် ပရိပတ် သာသနာပြုအလုပ်များပြုလုပ်နိုင်ရန် မဟာသုဗောဓာရုံ ကျောင်းတိုက်အတွင်း သုံးထပ်ကျောင်းဆောင် လှူဒါနိးခြင်း၊
၅။အထူးပင့်သံဃာတော်ဆရာတော်ကြီး (၁၄၅)ပါးအတွက်နဝကမ္မများလှူဒါန်းခြင်း၊
၆။သံဃာတော်၊ ကိုရင် အပါး (၅၀၀) အတွက်နဝကမ္မများ၊ သက္ကန်း အစုံ (၅၀၀)၊ ရဟန်းစီးဖိနပ် (၅၀၀)၊ ထီး အလက် (၅၀၀) လှူဒါန်းခြင်း၊
၇။သီလရှင် အပါး (၅၀၀) တို့ အတွက် နဝကမ္မ များလှူဒါန်းခြင်း၊ အစရှိသည့်လှူဖွယ် ဝတ္ထူအစုစုတို့ကို လှူဒါန်းမှုပြုလုပ်သည်။

ဆရာတော်ဘုရားကြီး ဟောကြားသည့် အနုမောဓနာ အနှစ်ချုပ်မှာ
ယနေ့ မွေးနေ့ ဝိဇာတအခမ်းအနားကို အကြောင်းပြု၍ ဘဝမှာ မှာသက်သာရုံမျှ မဟုတ်ပဲနဲ့ ဒုက္ခအားလုံး အဆုံးသတ် ဖို့ အထိ ဦးတည်ကြရမှာဖြစ်တယ်…ဒုက္ခကို သုခလို့ပြောင်းလို့မရဘူး….ရထားတဲ့ သင်္ခါရဒုက္ခ ခန္ဓာကိုယ်ကြီးကို အဆုံးသတ်ရမှာဖြစ်တယ် မြဲတာ တစ်ခုမရှိတာမို့ တရားကျင့်ဖို့လိုအပ်တယ် လို့ မြတ်စွာဘုရားက ဟောကြားထားပါတယ် တရားကျင့်တာက မမြဲတာကို မြဲအောင်လုပ်တာမဟုတ်ဘူး မမြဲတာတွေ အဆုံးသတ်ဖို့လုပ်ရတာဖြစ်တယ် အဲဒီရထားတဲ့ ခန္ဓာကိုယ်ဒုက္ခကို သုခအဖြစ်ပြောင်းလို့မရသည့်အတွက်ကြောင့် ဒီဒုက္ခမျိုးနောက်ထပ်မရဖို့ အတွက် ကိုယ်လုပ်တဲ့ကုသိုလ်က စွမ်းဆောင်ပေးသွားမယ် အဲဒီရည်ရွယ်ချက်နဲ့ မွေးနေ့လုပ်ကြတယ် ကျောင်းတွေဆောက်ပြီးလှူကြတယ် ဘဝခရီး ရရှိနေခိုက်မှာ ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်လို့ ပဲ အနှစ်ချုပ်အနေနဲ့မှတ်သားသင့်ပါတယ် တရားချစ်ခင်သူတော်စင်အပေါင်းတို့ မွေးနေ့ပွဲလုပ်ခြင်းဟာ ပျော်ရွှင်ချမ်းမြေ့ဖို့အတွက်မဟုတ်ပဲနဲ့ ပျော်ရွှင်စရာကို တကယ်ဖြစ်ပေါ်စေတတ်တဲ့ ကုသိုလ်ကောင်းမှုကိုရဖို့ ပြုလုပ်ကြတာသာဖြစ်တယ် လို့ အမှန်တရားကိုသိရှိပြီးတော့ နေ့စဉ်နဲ့အမျှ ဘဝခရီးမှာ ကုသိုလ်တရားဖြစ်ပွါးအောင်ကြိုးစားအားထုတ်နိုင်ကြပါစေ ဟု မွေးနေ့ အမှတ်တရ အနုမောဓနာတရားဟောကြားသည်။
(ဓမ္မသဘင်အဖွဲ့ )

1 month, 3 weeks ago

ပတ်ဝန်းကျင်လောက ကြီးကို ကြည့်မယ်ဆိုရင် ဘယ်အရာမှ ခိုင်မြဲမှု မရှိတာ သေချာတယ်တဲ့။

လူတွေရဲ့ စိတ်ဆန္ဒဟာ ကိုယ့်ရဲ့ လုံခြုံရာဘေးကင်းရာ ကိုယ့်ရဲ့ဘဝ နားခိုရာကို အမြဲတမ်း ရှာဖွေနေကြတယ်။နော်

နေစရာအတွက် လူတွေဟာအမြဲတမ်း စိတ်ဝင်စားနေရတယ်။

အဲ့ဒီလို စိတ်ဝင်စားရင်းနဲ့ ဒီနေရာကောင်းမယ်ထင် တယ်၊ဒီအခြေအနေကောင်းလိမ့်မယ်လို့မျှော်လင့်ချက်တွေ ရှိနေကြပေမယ့် ထင်တဲ့အတိုင်းမဟုတ်ပဲ အဆုံးသတ်သွားတာ တွေ အများကြီးပဲ။

ထင်တဲ့အတိုင်း မဟုတ်ပဲ အဆုံး သတ်သွားတာ။

ဘာလို့တုန်း ဆိုရင် လူဆိုတာ ကိုယ့်ကို ထာဝရနုပျိုနေမယ်လို့ထင်ပေမယ့် လို့ အိုမင်းခြင်းနဲ့ အဆုံးသတ်သွားရပြန်တယ်။

ထာဝရကျန်းမာနေမယ်လို့ ထင်ပေမယ့်လို့ ရောဂါဖြစ်ခြင်းမှာလည်း အဆုံးသတ်သွားကြတယ်။

ထာဝရအသက်ရှင်နေမယ်လို့ ထင်ပေမယ့်လို့ သေဆုံးခြင်းမှာ အဆုံးသတ်သွားကြတယ်။

ဘယ်သူမှ သူ့ကိုယ်သူ သေမယ် လို့ မထင်ကြဘူး။နော်

ဘယ်သူက မှ သူ့ကိုယ်သူ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားလိမ့်မယ် ဘယ်သူကမှ သူ့ကျန်းမာရေးပျက်စီးသွားမယ် လို့ ကိုယ့်ကိုယ်ကို မျှော်လင့်မထားကြဘူးတဲ့။

အားလုံးမျှော်လင့်ကြတာကတော့ ကိုယ်ကောင်းစားဖို့ ကိုယ်လုံခြုံစိတ်ချဖို့ ဒါပဲမျှော်လင့်ကြတယ်။

သို့သော် တကယ်ရလားလို့ ဆိုရင် မရဘူးတဲ့။

အလုပ်တစ်ခုကိုအောင်မြင်လိမ့်မယ်လို့ထင်တယ် လုပ်တယ်။မအောင်မြင်ဘူး။နော်

လူတကာအထင်ကြီးမယ်ထင်ပြီး လုပ်တယ် အထင်မကြီးဘူး။

လူတကာချီးမွမ်းမယ် လို့ထင်ပြီးလုပ်တော့ကဲ့ရဲ့ခံရပြန်တယ်။

ချမ်းသာမယ် ထင်ပြီးလုပ်တော့ ဒုက္ခနဲ့တိုးတယ်။

အဆုံးသတ်တွေက အဲ့ဒီလိုချည်းပဲ ဖြစ်နေတယ်။

ကိုယ်မထင်မှတ်တဲ့ အဆုံးသတ်ချည်းနဲ့ပဲ လောကကြီးက အဆုံးသတ်နေတာ ဆိုတော့ လောကကြီးရဲ့ ခိုင်မာမှု အနှစ်သာရ ရှိမှုဟာ ဘယ်နေရာမှ ရှာမတွေ့နိုင်ဘူးတဲ့။

အားလုံးဟာ လှုပ် လှုပ် လှုပ် လှုပ် နဲ့ ယိမ်းယိုင်နေတဲ့ သဘောပဲ တွေ့ရတယ်။

သင်္ခါရတရားမှန် သမျှ ဘယ်အရာမှ တည့်မတ် တည်ငြိမ် နေတာမရှိဘူး။အမြဲတမ်း ပြောင်းလွဲနေတာ။

Ever Changes
ဘာပဲဖြစ်ဖြစ် ever changes ပဲ။

နော်။

အမြဲတမ်း ပြောင်းလွဲ နေတာ။ကောင်းမယ်ထင်လည်း မကောင်းဘူး။

မျှော်လင့်ကြတာပဲလေ။

အခုဆိုရင် ဘုန်းကြီးတို့အခု လက်တွေ့တွေ့နေရတဲ့ ကမ္ဘာကြီးမှာ လက်တွေ့ တွေ့နေကြတယ်။

2019ခုနှစ်မှာ ပေါ်လာတဲ့ ဗိုင်းရပ်စ် ရောဂါနဲ့ ။ဒီလိုလို့ ဘယ်သူမှ မမျှော်လင့်ဘူးလေ။

မမျှော်လင့်တာကြီးက ခုဖြစ်နေတယ်။

ဖြစ်နေတာလည်း အယ် ဖြစ်ခါစတုန်းကအဲ့လိုပြောတယ် နွေ ပေါက်ရင် ပျောက်သွားမှာပါဆို ပြောသံတွေကြားတယ်။

နွေပေါက်လည်း မပျောက်ဘူး။ခေါင်းတောင် ထောင်လာသေးတယ်။

နောက်မိုးရွာတော့ ပျောက်မယ် ပြောတယ် မိုးရွာလည်း မပျောက်ဘူး။

ဆောင်းရောက်တော့လည်း ပျောက်သွားလိမ့်မယ်လို့ ထင်ကြတယ်။ဆောင်းရောက်တော့လည်း မပျောက်ပြန်ဘူး။

ဗိုင်းရပ်စ် ကအမျိုးမျိုးပြောင်းလိုက်တယ်။

နော်။အမျိုးမျိုးပြောင်းပြီးတော့ အရင်တုန်းက ဒယ်လ်တာ တို့ အယ်လ်ဖာတို့နဲ့ လာခဲ့တာ အခုတစ်ခါ အိုမီခရွန်ဆိုပြီးတော့ လာပြန်ပြီ။

တစ်နှစ်ကျော် နှ နှစ်ထဲ ရောက်နေပြီ။

ပျောက်သေးဘူး။ဘယ်တော့ပျောက်မယ်မှန်း မျှော်လင့်လို့ မရဘူး ဖြစ်နေတယ်။

အဲ့တော့ မထင်မှတ်တာတွေ အကုန်ဖြစ်နေတယ်။

လောကကြီးက ကောင်းတာတွေနဲ့ တွေ့မယ် ထင်ပြီးတော့ မကောင်းတာတွေ ကြုံရတယ်။

အဲ့တာကြောင့်မို့ မြတ်စွာဘုရားက ပတ်ဝန်းကျင်က ကိုယ့်ရဲ့ ပတ်ဝန်းကျင် လောကကြီးက အနှစ်သာရ ရှိမယ် လို့ထင်တာ လုံးဝ အနှစ်သာရ မရှိဘူးတဲ့။

အားလုံးဟာတည်ငြိမ်မှု မရှိပဲနဲ့လှုပ်ရှားယိမ်းယိုင်နေတာ သာဖြစ်တယ်တဲ့။

ကိုယ့်အတွက်တော့ ဒီနေရာလေးက လုံခြုံစိတ်ချရတယ်လို့ ထင် နေကြသော်လည်းပဲ လုံခြုံစိတ်ချရတဲ့ နေရာဆိုတာ မတွေ့ရဘူး။

လောကကြီးထဲမှာ လုံခြုံစိတ်ချလို့ ရတဲ့ နေရာရှာလို့မတွေ့ဘူးလို့ အဲ့ဒီလို မြတ်စွာဘုရားက ဒီသုတ္တန်မှာ ဟောကြားခဲ့တာဖြစ်တယ်ပေါ့။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်

1 month, 3 weeks ago

"ဇိနေ ကဒရိယံ ဒါနေန”တဲ့။နှမြောတဲ့ ပုဂ္ဂိုလ်ကို မိမိက ပေးကမ်းစွန့်ကြဲခြင်းဖြင့်အနိုင်ယူပါတဲ့။

နှမြောတဲ့ပုဂ္ဂိုလ်နဲ့ စွန့်ကြဲပေးကမ်းတတ်တဲ့
ပုဂ္ဂိုလ်၊ဘယ်သူက နိုင်လို့ ဘယ်သူရှုံးတာလဲ အနိုင်
အရှုံး တွက်ကြည့်ရမယ်။

ဒီနေရာမှာ ကဒရိယ ဆိုတဲ့စကားလုံးဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ။

ကဒရိယ ဆိုတာထဒ္ဓမစ္ဆရီ တစ်ကယ့်ကို ပြင်းထန် တဲ့ မစ္ဆရိယ ကြီးမားတဲ့ပုဂ္ဂိုလ်ကို ခေါ်တာ။

အေး .. မစ္ဆရိယနဲ့ကဒရိယဘယ်လို ကွာသလဲ ဆို ရင် နှမြောဝန်တိုတတ်တဲ့ မစ္ဆရိယပုဂ္ဂိုလ် ဟာ ကိုယ့် ပစ္စည်းသာ ကိုယ်နှမြောတာ လှူမယ်
တန်း မယ်မဟုတ်ဘူး။

ရလာတဲ့အခွင့်အရေးကို ကိုယ်သာ ခံစား ချင် တယ် ဆို တဲ့ ပုဂ္ဂိုလ်မျိုး။

ကဒရိယ ကျတော့ အဲလိုမဟုတ်ဘူး။ ကိုယ့်ဟာ လည်း မလှူဘူး။ သူများလို့ရှိရင်လည်း တားမြစ်တယ်။

မစ္ဆရိယစိတ် ရှိတဲ့ပုဂ္ဂိုလ်က ကိုယ်ကိုယ်တိုင်သာ မလှူတာ၊သူများ လှူတာကို မပြောဘူး။

ကဒရိယဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ အဲလိုမဟုတ်ဘူး၊ သူများလှူတာကိုလည်း မလှူရအောင်ဟန့်တား တတ် တဲ့ပုဂ္ဂိုလ်။သူက ပိုပြင်းထန်တယ်။

အဲဒီလို ပိုပြင်းထန်တဲ့ မစ္ဆရိယစိတ်ရှိတဲ့ပုဂ္ဂိုလ်ကို ပေးကမ်းစွန့်ကြဲခြင်းဖြင့်သာလျှင် သူ့ကို အနိုင် ရနိုင်တယ်လို့အနိုင်ယူနည်းကို မြတ်စွာဘုရားက ဟောတယ်။

ဒါကပစ္စုပ္ပန်ဘဝ အနိုင်ရပုံပဲ။

သံသရာမှာ အနိုင်ရပုံကို ကြည့်မယ်ဆိုရင် နှမြော
ဝန်တိုနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘာမှ မလှူ ဘူး။

ဘာမှ မလှူသည့်အတွက် သံသရာမှာ လူဖြစ်ရင်
ဘယ်တော့မှ ပြည့်ပြည့်စုံစုံ မရဘူးတဲ့၊ ဆင်းရဲ မွဲ တေတဲ့လူ ဖြစ်ရတယ်။

ဒါနကောင်းမှုပြုတဲ့ ပုဂ္ဂိုလ်ကျတော့
အစစအရာရာ ပြည့်စုံတယ်။

ဒါနရှိတဲ့လူနဲ့ မရှိတဲ့လူဘဝသံသရာ မှာ ခရီး သွား တဲ့ အခါ အလွန်ပဲ ကွာခြားတယ်။

အဲဒါကို ကြည့်မယ်ဆိုလို့ရှိရင် ဒါနမရှိတဲ့ ပုဂ္ဂိုလ်
ဟာ အရှုံးသမားပဲ။

ဒါန ရှိတဲ့ပုဂ္ဂိုလ်ဟာ အနိုင်ရတဲ့ပုဂ္ဂိုလ်ပဲ။

ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်အခါ
ကာလတုန်းက သူငယ်ချင်း ရဟန်းတော် နှစ်ပါး ရှိတယ်။

သုမနသုတ္တန်မှာလာတဲ့ သူငယ်ချင်း ရဟန်းနှစ်ပါး
တစ်ပါးက ဝိပဿနာတရားအားထုတ်တယ်။

ဒါနကောင်းမှု လုပ်စရာမလိုဘူး။ ဝိပဿနာ အကျင့်ပဲ ကျင့်မယ်လို့ ဆိုတယ်။

တစ်ပါးကတော့ အေး ဘုန်းကြီးဆိုပေမယ့် လို့ ဒါနကောင်းမှုဆိုတာ လုပ်သင့်တယ်။

သာရဏီယဝတ်ဆိုတာ ဖြည့်သင့်တယ်လို့ ယူဆ ပြီးကိုယ်ရလာတဲ့ဆွမ်းသင်္ကန်းကို သီတင်း သုံးဖေါ် တွေ ကိုမျှဝေလှူဒါန်းတယ်။

ဟိုတစ်ပါးကတော့ ဘယ်သူ့ကိုမှလှူစရာ မလိုဘူး၊ တရားကျင့်ဖို့က အဓိကတဲ့။

ခုခေတ်လိုဆို ဒါနက သံသရာရှည်တယ်လို့ ပြောတာဖြစ်ချင်ဖြစ်မယ်။

လှူစရာမလိုဘူးဆိုပြီး မလှူဘဲ နေတဲ့ပုဂ္ဂိုလ်။

သူငယ်ချင်း ၂-ပါး၊ တစ်ပါးနဲ့တစ်ပါး အမြင် မတူ ကြ ဘူး။

အဲတော့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီး သံသရာ
ခရီးကို သွားကြရတယ်။

အဲဒီ ကဿပမြတ်စွာဘုရားလက်ထက်က ရဟန်း ၂-ပါး ပျံလွန်တော်မူကြတဲ့အခါနတ်ပြည် သွားဖြစ် တယ်။

ဝိပဿနာ အကျင့်သာကျင့် ဘာမှမလှူတဲ့ ပုဂ္ဂိုလ် က နတ်ပင်ဖြစ်လင့်ကစား ဟိုပုဂ္ဂိုလ်ရဲ့ အဆင့် အတန်း ကို မမှီဘူး၊ ဒါနကုသိုလ်ကောင်းမှု ရှိတဲ့ ကိုယ်တော်က ဖြစ်လာတဲ့ နတ်ကအသက်လည်း ပိုရှည်တယ်။

အဆင်းလည်း ပိုလှတယ်၊ချမ်းသာသုခ လည်း ပိုကြီးတယ်။ခွန်အားဗလလည်းပိုကြီးတယ်။

အစိုးရမှုလည်း ပိုကြီးတယ်။နတ်၌ဖြစ် သော
အဆင်း၊ အသံ၊အနံ့၊ အရသာတွေကလည်း
ဟိုပုဂ္ဂိုလ်ထက်သာတယ်။

ဒါနကောင်းမှု မလုပ်ခဲ့တဲ့ပုဂ္ဂိုလ်က အစစအရာရာ နိမ့်ကျတယ်။

အော် အဲဒီမှာတင် ဒါန မရှိသူက ရှုံးသွားပြန်ပြီ ၊သံ သ ရာမှာ သူဟာအရှုံး နဲ့ တွေ့ရပြန်ပြီး၊နတ်ပြည် က နေပြီး လူ့ပြည်ရောက်တဲ့အခါမှာဒါန ကောင်း မှု ပြုခဲ့တဲ့ပုဂ္ဂိုလ်က ဘုရင့်ရဲ့သား လာဖြစ်တယ်။

ဒါနကောင်းမှုမပြုခဲ့တဲ့ ကိုယ်တော်က အထိမ်း တော် ရဲ့သား လာဖြစ်တယ်။ဒီမှာလည်း ရှုံးသွား ပြန်ပြီ။

အဲဒီလို အနိုင်အရှုံးဆိုတာ ကောင်းတာ လုပ်တာနဲ့
မကောင်းတာလုပ်တာ၊ဒါနရှိတာနဲ့ မရှိတာ၊ နိုင်သူ နဲ့ရှုံးသူ။ဒီပစ္စုပ္ပန်ဘဝမှာတင် မဟုတ်ဘူး။

သံသရာမှာပဲကြည့်လိုက်မယ်၊ဒါနကောင်းမှု မရှိတဲ့ ပုဂ္ဂိုလ်ဟာရှုံးနေတယ်။

ဒါနရှိတဲ့ ပုဂ္ဂိုလ်ဟာ အနိုင်ရ နေတယ်။
ဒီလို အနိုင်အရှုံး ဆိုတာ တွက်လို့ရတယ်ပေါ့။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

2 months ago

ဟောတစ်ဘဝရောက်လာပြန်ပြီ၊သူတို့ဖန်တီးလိုက်တဲ့ အရာတစ်ခုသည် နောက်ဆုံးမှာ အိုရပြန်ပြီ နာရပြန်ပြီ သေရပြန်ပြီ။ဒီ အိုခြင်း နာခြင်း သေခြင်း လို့ဆိုတဲ့ ပြဿနာကို
လွန်မြောက်ချင်ရင် ဘာလုပ်ရမလဲဆိုတော့ မွေး အောင်လုပ်နေတဲ့၊ ဘဝတစ်ခုရအောင် လုပ်နေ တဲ့
၊အမှန်တရားကို မသိအောင် ကာနေတဲ့ အဝိဇ္ဇာကို ဖယ်လိုက်ရမယ်၊အဝိဇ္ဇာဖယ်လိုက် တာနဲ့တွယ်တာ မှုမဖြစ်ဘူး။ ။

မအိုရာ မနာရာ မသေရာဆိုတာ တစ်ချို့ကထင်နေ
တယ်၊လူဖြစ်လာပြီး ဘယ်တော့မှ မအိုတော့ဘူး လို့ထင်တာ။

ဖြစ်ကိုမဖြစ်တော့တာနော်၊နိဗ္ဗာန်ဆိုတာ ဖြစ်ကို မဖြစ်တော့တာ။

ဘာလို့မဖြစ်တုန်းဆို ခုနက လှည့်စားမှုတွေနဲ့ လိုချင်မှုတွေမရှိတော့ဘူး။

မရှိသည့်အတွက်ကြောင့် ဘဝဆိုတာ စကို
မစလာတော့ဘူး။

အဲဒီနည်းလမ်းကိုပဲ မြတ်စွာဘုရားက ရှာဖွေ
တွေ့ထားတာတဲ့။

ဖြစ်လာတဲ့သတ္တဝါကို မအိုအောင် လုပ်နိုင် တာ တော့ မဟုတ်ဘူး၊ မဖြစ်အောင်လုပ်တဲ့ နည်းစနစ် တဲ့။

လူတိုင်းလူတိုင်းဟာ အိုလည်းမအိုချင်ဘူး၊ နာလည်း မနာချင်ဘူး၊ သေလည်းမသေချင်ဘူး၊ တကယ်တော့ ရလားဆိုမရဘူး။

နောက်ဆုံးမှာ အသက်တောင် ဆွဲဆန့်လို့ မရ တာကြီးကိုမအို မသေဖို့ဆိုတာ အခဲယဉ်းကြီးလေ။

မသေချင်ဘဲနဲ့ပဲ သေရမှာပဲ၊အဲဒီတော့ မြတ်စွာဘုရား က မသေရာလမ်းကြောင်းဆိုတဲ့
အကောင်းဆုံးလမ်းကြီးကို ရှာဖွေတွေ့ထားတာ။

ဒါကြောင့်မို့“သုဂတ” လို့ခေါ်တာ။ အဲဒီ မသေရာ လမ်းကြောင်းဆိုတာ ဘယ်လမ်းလဲ ဆိုရင်မဂ္ဂင် ရှစ်ပါး တည်းဟူသော လမ်းကြောင်းပဲ။

အဲဒီ မဂ္ဂ ဆိုတဲ့လမ်းဟာ ဘာနဲ့ဖွဲ့စည်းထား တာ တုန်း ဆိုတော့ သမ္မာဒိဋ္ဌိ,သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ
, သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ လို့ခေါ်တဲ့ ဒီရှစ်ပါးနဲ့
ဖွဲ့စည်းထားတာ။

မဂ္ဂဆိုတာ ဒီအဖွဲ့အစည်းတစ်ရပ်ရဲ့နာမည်၊ဒီ ရှစ် ပါး ကို ပေါင်းပြီးတော့“မဂ္ဂ” လို့ခေါ်တာ။

ဝိပဿနာတရား အားထုတ်နေတဲ့အချိန်မှာလည်း ဒီရှစ်ခုနဲ့သွားနေတာ။

သို့သော် စွမ်းအားပြည့်သွားပြီဆိုရင် မဂ်ဉာဏ်
ဖြစ်သွားပြီ၊အဲဒီတော့ လုပ်ရတာက ဝိပဿနာမဂ္ဂ၊ ရလိုက်တာက အရိယာမဂ္ဂ၊ ဝိပဿနာက အလုပ် လုပ်ပြီး အသိဉာဏ်တွေ ဖွံ့ဖြိုးလာအောင်၊
အတွေး တွေ မှန်ကန်လာအောင်ကိုယ်ကျင့် တရားကို အခြေခံပြီးတော့ ကြိုးစားမှု တွေ သတိ
ထားမှုတွေ သမာဓိတွေ ဒီစွမ်းအားတွေကို မြှင့်ရင်း မြှင့်ရင်းနဲ့နောက်ဆုံးမှာ ဒီရှစ်ခုက တစ်ခုတည်း ကဲ့သို့ ဖြစ်သွားတယ်။

စွမ်းအားပြည့်တယ်ဆိုတာ ဝိပဿနာအခိုက် တုန်း ကတော့ရှစ်ခုက ရှစ်မျိုးဖြစ်နေကြတယ်။

တစ်စထောင် တစ်စလဲနဲ့ရှစ်မျိုးမှန်းသိသာတယ်
၊အလုပ်တွေလုပ်နေကြတာ။

အဲဒီရှစ်ခုက တပေါင်းတည်း ဖြစ်သွားပြီဆိုရင် အရိယာမဂ္ဂ ဖြစ်သွားပြီ။

တစ်ခုတည်းဖြစ်သွားပြီဆိုရင် စွမ်းအင်တွေ
အားလုံးစုသွားတယ်၊တစ်ခုတည်းလိုဖွဲ့စည်းပြီး စည်းလုံးညီညာသွားပြီ ဆိုလို့ရှိရင် ကိလေသာအားလုံးကို ဖယ်ရှားပစ်လိုက်ပြီး
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားကို “သောဘဏ ဂမနတ္တာ သုဂတော”တင့်တယ်သော အပြစ်
ကင်းသော လမ်းကြောင်းရှိတဲ့ပုဂ္ဂိုလ်မြတ်တဲ့ ဒီလို အဓိပ္ပါယ်ရတယ်။

အရိယမဂ်ဆိုတဲ့လမ်းကြောင်းကို မြတ်စွာဘုရား ပထမဆုံးတွေ့ရှိတယ်။အဲဒီ လမ်းကြောင်းအတိုင်း လျှောက်တယ်။လမ်းဆုံးပန်းတိုင် ကိုလည်းေ ရောက်ခဲ့ ပြီ။

အဲဒါကြောင့်မို့ သုဂတ လမ်းကြောင်းကိုလည်း သိသူ၊လမ်းဆုံးကိုလည်း ရောက်ပြီးသူဆိုတဲ့ အဓိပ္ပါယ်ရတယ်ပေါ့။ ။

အဲဒီတော့ ဒီ မသေတဲ့လမ်းကြောင်းကို ဘယ်သူမှ မတွေ့ဘူး။

အကောင်းဆုံး အစစ်မှန်ဆုံး အပြစ်ကင်းဆုံး လမ်း ကြောင်း ကို မြတ်စွာဘုရားကိုယ်တိုင် စတွေ့ တာဖြစ် သောကြောင့် သုဂတ-အကောင်းဆုံးသော
လမ်းကြောင်းကို လျှောက်လှမ်းပြီးသူ ဆိုတဲ့ အဓိပ္ပါယ်နဲအကောင်းဆုံးသော လမ်းကြောင်းရှိတဲ့ ပုဂ္ဂိုလ်မြတ်အနေနဲ့“သုဂတ” လို့ခေါ်တာ
၊ ဒါက အဓိပ္ပါယ်တစ်ခုနော်။

တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်း တို့
၊ဗုဒ္ဓမြတ်စွာရဲ့ သုဂတ ဂုဏ်တော်ကြီးကို နာယူ
မှတ်သားပြီးတော့..

တို့တတွေဟာလည်း မှန်ကန်တဲ့ လမ်းကြောင်းကို ပိုင်ဆိုင်ဖို့အရေးကြီးတယ်၊ပိုင်ဆိုင်ထားပြီး အဲဒီ
လမ်းကြောင်းအတိုင်း လျှောက်လှမ်းလို့ ပန်းတိုင် ကို ရောက်တဲ့ပုဂ္ဂိုလ်တွေ လည်း ဖြစ်ဖို့ လိုအပ် တယ်။

လုပ်တဲ့လုပ်ငန်းသည်သေသေသပ်သပ် နဲ့ နောက် ကြောင်း မပြန်ရအောင် သေသပ်တဲ့အလုပ် မျိုးနဲ့ တို့တတွေ လုပ်ရမှာဖြစ်တယ်။

ကျင့်ဆောင်တဲ့၊လျှောက်လှမ်းတဲ့ လမ်းဟာ လည်း ပဲမှန်ကန်တဲ့လမ်းကြောင်းက လျှောက်လှမ်း လာတာ ဖြစ်ရမယ်။

စကားပြောတဲ့အခါမှာလည်းပဲ မှန်ကန်ပြီးတော့ အကျိုးရှိတဲ့ စကားမျိုးကိုသာလျှင် တို့တတွေ ရွေးချယ်ပြီးတော့ပြောကြရမှာဖြစ်တယ်ဆိုတဲ့ မြတ်စွာဘုရားရဲ့ သုဂတ ဂုဏ်တော်ကို အာရုံ ပြုပြီး ကောင်းတဲ့ကိုယ်ကျင့်တရားတွေ ကျင့်သုံး
ထူထောင်နိုင်ကြ ပါစေကုန်သတည်း။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

2 months ago

မြတ်ဗုဒ္ဓ၏ သုဂတော ဂုဏ်တော် ဆိုသည်မှာ...

ဘဂဝါ ဣတိပိ သုဂတော၊သုဂတော ဆိုတာ....
အက္ခရာ သုံးလုံးသာ ပါဝင်တဲ့ မြတ်ဗုဒ္ဓ၏ ဂုဏ် တော် တစ်ပါးဖြစ်တယ်။

လူ့လောကတွင်မက နတ်ပြည်၊ဗြဟ္မာပြည် အပါ
အဝင် သတ္တလောကကြီးတစ်ခုလုံး သိမ်းကျုံး ကျော်ကြားထင်ရှားတော်မူခဲ့တယ်။ ။

သုဂတ စကားလုံးရဲ့ အဓိပ္ပါယ်ကို စာပေကျမ်းဂန် မှာငါးမျိုးဖွင့်ဆိုထားတယ်။

အဲဒီ ငါးမျိုးလုံးဟာ မြတ်စွာဘုရားနဲ့ဆက်စပ်ပြီး သိရှိမှတ်သားကြရတဲ့ ဂုဏ်ရည်တွေချည်းပဲ
မြတ်စွာဘုရား မှာ လောကလူသားတွေထက် အင်မတန်မြင့်မားတဲ့ ဂုဏ်အရည်အချင်း တွေ ရှိတယ်။

ဒီလို ဂုဏ်အရည်အချင်းတွေရှိတဲ့ပုဂ္ဂိုလ် မှ ဘုရား လို့ သတ်မှတ်လို့ရတယ်။

အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂ တောဆို တဲ့ ဂုဏ်အရည်အချင်းတွေနဲ့ ပြည့် စုံမှ ဘုရားဖြစ်နိုင်တဲ့ စံဆိုတာ သတ်မှတ်ချက်ရှိတယ်။

ဒီ အရည်အချင်းတွေအားလုံးဟာ အသိဉာဏ်ရဲ့ ထက်မြက်မှုနဲ့ ပတ်သက်တာတွေချည်းပဲပေါ့။

ဘုရားဆိုတာ အသိဉာဏ်ထက်မြက်မြင့်မားတဲ့ ပုဂ္ဂိုလ်သာဖြစ်တယ်။

သို့သော် အသိဉာဏ် ထက်မြက်မြင့်မားမှု ဆိုတာ ဟာအလိုအလျောက် ထက်မြက်မြင့်မားလာတာ မဟုတ်ဘူး၊ကျင့်ကြံကြိုးကုတ်အားထုတ်ခဲ့လို့၊လေ့ ကျက် သင်ကြားခဲ့လို့သာဖြစ်တယ်။

သီလစွမ်းအားမြင့်မားမှု၊သမာဓိစွမ်းအား မြင့်မားမှု
ကြောင့် အသိဉာဏ်ဟာ မြင့်မားရတယ်။

မသိတာ မရှိရလေအောင် ဉာဏ်ပညာရဲ့ အစွမ်း သတ္တိ ထက်မြက်မှုကို အကြောင်းပြုပြီး ဒီဂုဏ် တော် တွေ ရရှိလာတာဖြစ်တယ်။

ဒါကြောင့်မို့အသိဉာဏ်ဟာ အဓိက ၊ကျန်တာတွေ က ပံ့ပိုးပေးတဲ့အကြောင်းတရားတွေ မျှသာ ဖြစ် တယ်။

သုဂတဆိုတဲ့ စကားလုံးကို သု-ဂတ လို့ခွဲပြီး “သု” ကအဓိပ္ပါယ်တစ်ခု၊“ဂတ”ကအဓိပ္ပါယ်တစ်ခု၊“သု'ဆိုတာ ကောင်းမြတ်တယ် တင့်တယ်တယ် ကျေ နပ် စရာ ကောင်းတယ် အပြစ်ကင်းတယ်ဆိုတဲ့ အဓိပ္ပါယ် ရတယ်။

‘ဂတ'ဆိုတာ သွားရောက်ခြင်း သို့မဟုတ် လမ်း ကြောင်း၊အပြစ်ကင်းတဲ့လမ်းစဉ် မှန်ကန်တဲ့ လမ်း စဉ် ရှိတဲ့ပုဂ္ဂိုလ်လို့ ဒီလိုအဓိပ္ပါယ်ရတယ်။

လောကမှာ လမ်းစဉ်မှားနေတယ်ဆိုတဲ့ ပုဂ္ဂိုလ်
တစ် ယောက်ဟာ လမ်းဆုံးရောက်ဖို့ဆိုတာ အင်မ တန်မှ ခဲယဉ်းတယ်။

မြတ်စွာဘုရားဟာ မှန်ကန်တဲ့ လမ်းစဉ်ရှိလို့ လို ချင် တဲ့ကောင်းကျိုးချမ်းသာတွေကို ရတာဖြစ် တယ်။

မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်း လာတဲ့ ပုဂ္ဂိုလ် ဆိုတဲ့အနေနဲဘဂုဏ်တင်ရတာ ၊လမ်းမှန် ပေါ်သွားတဲ့ ပုဂ္ဂိုလ်ဟာ ဂုဏ်တင်ရမယ့် ပုဂ္ဂိုလ် ပဲ ဖြစ်တယ်။

ဘာဖြစ်လို့တုန်းဆိုရင် လောကမှာ လူတွေဟာ လမ်း မှားလျှောက်နေကြတာတွေက အများကြီးပဲ
၊မမှန်မကန်တဲ့ လမ်းပေါ်ကို လျှောက်လှမ်းလို့ ဆင်းရဲ ဒုက္ခ ကြုံတွေ့နေကြတာတွေ အများ ကြီး ပဲ။

အကုသိုလ်ကို ကုသိုလ်ထင်ပြီး လုပ်နေကြတာ
တွေ၊ ကုသိုလ်ကို အကုသိုလ်ထင်ပြီး ရှောင်နေကြ တာတွေ၊မလုပ်သင့်တာ ကျတော့ လုပ်သင့် တယ် လို့ ထင်ပြီး လုပ်သင့်တာကျတော့ မလုပ်သင့်ဘူး လို့ ထင်ပြီး လမ်းမှားနေတာတွေ၊မိမိ လျှောက် လှမ်း တဲ့ လမ်းဟာ ထင်တဲ့အတိုင်း ဘာတစ်ခုမှ
ဖြစ်မလာတဲ့ မမှန်ကန်တဲ့လမ်းကြောင်း ဖြစ်နေ တာတွေကိုလျှောက်လှမ်းပြီး လမ်းဆုံးတာနဲ့ တပြိုင်နက် ဒုက္ခတွင်းကို သက်ဆင်းကြရတာ တွေ ဖြစ် တယ်ပေါ့။

သုဂတဆိုတာ အပြစ်ကင်းတဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာတဲ့သူလို့ ဒီလိုအဓိပ္ပါယ်ရတယ်။

သောဘနဂမန- အပြစ်ကင်းတဲ့လမ်းကြောင်းပေါ် လျှောက်လှမ်းလာတဲ့သူ။

အပြစ်ကင်းတဲ့လမ်းကြောင်းဆိုတာ ကိလေသာ တွေကုန်ဖို့အတွက် ကျင့်ကြံကြိုးကုတ် အားထုတ် တဲ့ လမ်းကြောင်းပဲ။

ရည်ရွယ်ချက် ဦးတည်ချက်က ဘာလဲလို့ဆိုရင် “သေခြင်းတရားရှိရင် မသေတဲ့တရားဆိုတာ ရှိရ မယ်၊ အဲဒီ မသေတဲ့တရားရဖို့ ဘယ်လမ်း ကြောင်း က သွားရမလဲ” စူးစမ်းရှာဖွေတယ်။

နောက်ဆုံး အဲဒီလမ်းကြောင်းအတိုင်း သွားတဲ့ အခါမှာမသေရာနိဗ္ဗာန်ဆိုတာကို ရောက်ရှိ သွားတယ် ပေါ့။

အဲဒီလမ်းကြောင်းကနေလျှောက်တာ။

လောကလူသားတွေ မဖြေရှင်းနိုင်တဲ့ပြဿနာ ဘာလဲ?

လူတိုင်းကြုံတွေ့နေရတဲ့ပြဿနာ ဘာလဲ။

ဖြေရှင်းလို့မရတဲ့ပြဿနာကဘာလဲဆိုရင် အိုခြင်း, နာခြင်း,သေခြင်းဆိုတဲ့ ပြဿနာပဲ၊ဘာလူမျိုး ပဲ ဖြစ်ဖြစ် ဘယ်ဘာသာ ကိုးကွယ်တဲ့ ပုဂ္ဂိုလ်ပဲဖြစ် ဖြစ် ဒီပြဿနာအဖြေ ရှာတွေ့နိုင်ပါ မလား မတွေ့ နိုင် ဘူး၊

မြတ်စွာဘုရားကိုယ်တိုင်က ဟောထားတယ် “နတ္ထိ
ဇာတဿ အမရဏံ” မွေးလာပြီးတဲ့နောက် မသေ တဲ့ သတ္တဝါဆိုတာ လောကမှ မရှိပါဘူးတဲ့။

အဲဒီတော့ ဘာသာရေးပြဿနာတစ်ခု အနေနဲ့ ကြည့်မယ် ဆိုရင် မွေးလာပြီးတဲ့နောက်
မသေအောင် လုပ်နိင်တဲ့နည်း ရှိလားဆိုတော့ မရှိဘူး။

ဒါဖြင့်မသေရအောင် ဘာလုပ်ရမလဲဆိုရင် မမွေး အောင် လုပ်ဖို့ပဲရှိတယ်တဲ့၊ ဒီလိုဆိုတာ ပေါ့နော်။

အဲဒီတော့ နောက်ထပ်ပြန်မွေးနေတာ ဘာ့ကြောင့် တုန်းဆိုရင် လိုချင်တဲ့တဏှာဦးဆောင်တဲ့ အမှန် မသိ အောင် အဝိဇ္ဇာက အမှောင်ချထားတယ်။

ကံတရားတွေက တွန်းပို့တယ်၊မွေးရပြန်တယ်။

အဲဒီတော့ လက်သည်တွေက ဘယ်သူတုန်းဆို ရင် အဝိဇ္ဇာရယ် တဏှာရယ် ကံရယ်သူတို့တွေဟာ
လက်သည်ပဲ၊ အဝိဇ္ဇာက အမှန်မမြင်အောင် ဖုံးကွယ်ပေးထားတယ်။

တဏှာက သဘောတွေကျတယ် တွယ်တာတယ်
၊သူတွယ်တာတဲ့နေရာကို ကံကနေ တွန်းပို့ လိုက် တယ်။

2 months ago

ဝိပဿနာကျင့်စဉ်ကျင့်လို့ရှိရင် အာသဝက္ခယ ဝိဇ္ဇာ ဆိုတဲ့ တတိယဝိဇ္ဇာရတယ်။

အဲဒီ ဝိဇ္ဇာသုံးပါး နဲ့ပြည့်စုံမှ တကယ့်ကို တေဝိဇ္ဇ ဖြစ် တယ်။

ရှင်သာရိပုတ္တရာတို့လည်း ဝိဇ္ဇာသုံးပါးကို မျက် မှောက်ပြုတယ်။ ကျန်တဲ့ ရဟန်းတော် တွေလည်း ဝိဇ္ဇာသုံးပါးကိုမျက်မှောက်ပြုကြတာပဲ။

မြတ်စွာဘုရားနဲ့ ဘာကွာလဲဆိုရင်ဒီဂရီကွာတယ်။

မြတ်စွာဘုရားက ကိုယ်ပိုင်ဉာဏ်နဲ့သိတယ်။

အကန့် အသတ်မရှိအောင် ဉာဏ်ရဲ့ စူးရောက်မှု ရှိတယ်။

နယ်ပယ်အကန့်အသတ်မရှိဘူး၊ ဒါကြောင့်မြတ်စွာ ဘုရားကိုသာလျှင် ဝိဇ္ဇာသမ္မန္န လို့ ခေါ်လို့ရတယ်။

ကျန်တဲ့ပုဂ္ဂိုလ်တွေ ဝိဇ္ဇာဉာဏ်တွေရှိပေမယ့် သူတို့ ဝိဇ္ဇာဉာဏ်တွေက Perfect မဖြစ်ဘူး၊ အတိုင်း အတာ အကန့်အသတ်နဲ့ အားပျော့နေတယ်။

အဲဒီတော့ မြတ်စွာဘုရားရဲ့ဝိဇ္ဇာသမ္ပန္နက ပိုပြီးပြည့်စုံတယ်။

ခြွင်းချက်မရှိအောင် ပြည့်စုံတယ်။ဒါကြောင့်မို့ မြတ်စွာဘုရားကိုသာလျှင် ဝိဇ္ဇာသမ္ပန္နလို့ဝိဇ္ဇာ ဂုဏ်တော်နှင့် ပြည့်စုံပါတယ်လို့ ဒီလို ပြောလို့ ရတယ်။

အာနာပါနဖြစ်ဖြစ် သမာဓိကျင့်စဉ်တစ်ခုကို ကျင့်လိုက်တဲ့အခါမှာပထမဈာန်ရမယ်၊ဒုတိယဈာန် ရမယ်၊ တတိယဈာန်ရမယ်၊ စတုတ္ထဈာန် ရမယ် ဆိုတော့ ကဲ- ဒါတွေ အကုန်လုံး ပေါင်းလိုက်တဲ့ အ ခါ စရဏတရား တစ်ဆယ့်ငါးပါး ပြည့်စုံတယ်။

နိဗ္ဗာန်သွားတဲ့ပုဂ္ဂိုလ်တွေ မသေရာနိဗ္ဗာန်ကို ဘာနဲ့ သွားလဲ? ဒီဆယ့်ငါးပါးနဲ့သွားတယ်လို့ ဒီလို ဆို တယ်။

သီလသမ္ပန္န၊ဘောဇနေမတ္တညုတာ တို့က သီလပဲ
၊သီလအုပ်စုထဲမှာ ဝင်သွားတယ်။

ဇာဂရိယာနုယောဂ က ဝီရိယတို့သတိတို့ အုပ်စု ထဲ မှာဝင်သွားတယ်။သူတော်ကောင်းတရားခုနစ် ပါး ဆိုတာက အားလုံးကိုခြုံထားတဲ့ General Point ကိုပေးတယ်။

ဈာန်လေးပါးဆိုတော့ သမာဓိကျင့်စဉ်ကို ကျင့်ခိုင်း
တာပဲ၊အကျဉ်းချုပ်လိုက်မယ်ဆိုရင် သီလ၊သမာဓိ
၊ ပညာပဲ။

နိဗ္ဗာန်ကိုသွားတယ်ဆိုတာ သီလ၊သမာဓိ ၊ပညာနဲ့ မှဖြစ်တာကိုး။

မြတ်စွာဘုရားဟာ သူများနဲ့မတူတဲ့ သီလ ၊သူများ နဲ့မတူတဲ့ ဣဋိယသံဝရ၊သူများနဲ့မတူတဲ့ဘောဇနေ မတ္တညုတာ။

သူတစ်ပါးတွေနဲ့မတူတဲ့ ဇာဂရိယာနုယောဂ ၊သူ တစ်ပါး တွေနဲ့လုံးဝမတူတဲ့ အလှမ်းမမှီ နိုင် လောက် အောင်မြင့်မားတဲ့ သူတော်ကောင်း တရား ခုနစ်ပါး၊ ဈာန်လေးပါး ဆိုတာတွေနဲ့ ပြည့်စုံတော်မူတယ်။

ဒါတွေနဲ့ပြည့်စုံလို့ ဝိဇ္ဇာစရဏ သမ္ပန္နော၊ဝိဇ္ဇာ
သုံးပါး၊စရဏတစ်ဆယ့်ငါးပါးနဲ့ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားလို့ ထင်ရှားတာဖြစ်တယ်။

တရားချစ်ခင်သူတော်စင် ပရိသတ်အပေါင်းတို့၊
မြတ်ဗုဒ္ဓ၏ ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော် ဆိုတာ ဟာ အလွန်ကြီးမားမြင့်မြတ်တဲ့ဂုဏ်အရည် အချင်း သာဖြစ်တယ်။

အဲဒီ ဂုဏ်အရည်အချင်းတွေက လွဲပြီးတော့ ဘယ် ပုဂ္ဂိုလ်မှ နိဗ္ဗာန်ဆိုတာရနိုင်တာ မဟုတ်ဘူး။

သို့သော် မြတ်စွာဘုရား ရရှိထားတဲ့အရည် အချင်း ကို ကျန်တဲ့ပုဂ္ဂိုလ်တွေက မှီနိုင်တာမဟုတ်ဘူး။

ဒါကြောင့် မြတ်စွာဘုရားကိုသာလျှင် ဝိဇ္ဇာစရဏ သမ္ပန္န၊ အသိဝိဇ္ဇာ၊အကျင့်စရဏနဲ့ ပြည့်စုံ တော် မူ တဲ့ မြတ်စွာဘုရားလို့ တစ်လောကလုံးမှာ ထင်ရှား ကျော်ကြားတော်မူတာဖြစ်တယ်ဆိုတာ ကို သိ ရှိကြည်ညိုကြ ၍ မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော် ကျေးဇူး
တော်တွေကိုအာရုံပြုပြီးဝမ်းသာပီတိဖြစ်တော်မူ
နိုင်ကြပါစေကုန်သတည်း။ ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

2 months ago

မြတ်စွာဘုရား၏ “ဝိဇ္ဇာစရဏသမ္ပန္နော ဂုဏ်တော်” ဆိုသည်မှာ...

“သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော-ဘုန်း တော်ကြီးမား ထိုရှင်တော်မြတ်ဘုရားဟာ ဝိဇ္ဇာ သုံးမျိုး၊ဝိဇ္ဇာရှစ်မျိုး၊စရဏ တစ်ဆယ့် ငါးမျိုး လို့ ဆိုတဲ့ ဂုဏ်ရည် တွေ နဲ့ထူးခြားစွာ ပြည့်စုံတော် မူ သောကြောင့် ဝိဇ္ဇာစရဏသမ္ပန္န ဟု လူ့ပြည်နတ် ပြည် ဗြဟ္မာပြည်တိုင်အောင် လွှမ်းခြုံ ကျော်ကြား တော်မူပါပေ၏”။

ဝိဇ္ဇာ နဲ့စရဏ အရည်အချင်း နှစ်ရပ်နဲ့ ပတ်သက် ပြီးဝိဇ္ဇာဆိုတာ အသိပညာ။

လောက မှာ ဝိဇ္ဇာ ဆိုတဲ့ စကားလုံးအောက်မှာ ပညာရပ် အမျိုးမျိုးရှိတယ်။

မြတ်စွာဘုရားလက်ထက်တုန်းက ဝိဇ္ဇာ ဆိုတဲ့ စကား လုံး ကို အဓိပ္ပါယ်ဖော်ဆောင်တဲ့ အခါမှာ အသိပညာ အမျိုးမျိုးကို ဝိဇ္ဇာလို့
အဓိပ္ပါယ် ဖော် တယ်။

စရဏဆိုတာ အဲဒီ ဝိဇ္ဇာဆိုတဲ့ အသိဉာဏ်ရဖို့ အတွက်ကျင့်ကြံကြိုးကုတ် အားထုတ်ရတဲ့ နည်း လမ်း ကိုခေါ်တယ်။

စရဏ နဲ့ ဝိဇ္ဇာ ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာ စရဏကျင့်စဉ်ကို ကျင့်မှ ဝိဇ္ဇာဆိုတဲ့ ပညာရပ်တစ် ခု ကို ရနိုင်တယ် ဆိုတဲ့အဓိပ္ပာယ် ကိုသိရတယ်။

မြတ်စွာဘုရားဟောတဲ့ ဝိဇ္ဇာသုံးပါးဟာ သာမန် နဲ့ ရနိုင်တာမျိုး မဟုတ်ဘူး။အလွန်ခက်ခဲတယ်။

မြတ်စွာဘုရားရဲ့ ဝိဇ္ဇာသုံးပါး ကို အကျဉ်းချုပ် ပြောမယ် ဆို လို့ရှိရင် ပုဒိအာ လို့ပြောရမယ်။

“ပု”ဆိုတာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊“ဒိ” ဆိုတာ
ဒိဗ္ဗစက္ခုဉာဏ်၊ “အာ”ဆိုတာ အာသဝက္ခယဉာဏ်။

ဒီဉာဏ် သုံးမျိုးရမှ တေဝိဇ္ဇ- ဝိဇ္ဇာသုံးပါးနဲ့ ပြည့်စုံ တယ် လို့ ဒီလိုသတ်မှတ်တယ်။

ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ဆိုတာ လူတိုင်းလူတိုင်း ဟာအတိတ်ဆိုတာရှိတယ်။ဒီဘဝမှာ အတိတ် ရှိ သလို ဘဝမြောက်များစွာမှာ အတိတ်ဘဝ တွေ ရှိ ခဲ့တယ်။

အဲဒီ အတိတ်ဘဝ အကြောင်းအရာတွေကို ပြန်ပြီး သိနိုင်တဲ့ အသိဉာဏ်မျိုး ကိုခေါ်တယ်။

သာမန်ပုဂ္ဂိုလ်တွေ ဒီဝိဇ္ဇာကို သင်လို့ရတာမှမဟုတ် တာ၊ကျင့်ရမယ့်ဟာလေ။

မြတ်စွာဘုရားက ဝိဇ္ဇာရဲ့စံကို သတ်မှတ်လိုက်တဲ့
အခါမှာ ပုဗ္ဗေနိဝါသာနုဿတိတဲ့ အတိတ်ဘဝကို သိနိုင်ရမယ်။

ဒီပညာ နဲ့သိနိုင်တဲ့ပုဂ္ဂိုလ်မှ ဝိဇ္ဇာ နဲ့ပြည့်စုံသူ၊ကိုယ့် ရဲ့အတိတ်ဘဝ ဘယ်လောက်ပဲရှည်ဝေးဝေး ပြန် ပြီး အမှတ်ရနိုင်တဲ့ သတိစွမ်းအားရှိတဲ့ အသိပညာ မျိုးကို ဝိဇ္ဇာလို့ခေါ်တာ။

သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီး ပထမဈာန် ၊ဒုတိ ယ ဈာန်၊တတိယဈာန်၊စတုတ္ထဈာန်ရပြီးတော့မှ ဒီအသိဉာဏ် ဝိဇ္ဇာမျိုးကရနိုင်တာကိုး။

အဲဒီတော့ သာမန်ပုဂ္ဂိုလ်တွေမရနိုင်ဘူး။ စာကျက်
သလိုကျက်လို့လည်းမရဘူး။အဲဒါကမှဝိဇ္ဇာအစစ်လို့ မြတ်စွာဘုရားက သတ်မှတ်ပြတယ်။

အတိတ်သိတယ်ဆိုတာ ဝိုးတိုးဝါးတား သိတာ မ ဟုတ် ဘူး။

ခုခေတ် လူဝင်စားတွေ ဘယ်တုန်းက ဘာဖြစ်ခဲ့ တယ် ဆိုတဲ့အသိမျိုးမဟုတ်ဘူး၊မနေ့က အဖြစ် အပျက် တစ်ခုကို ဒီနေ့ပြန်ပြောသလို တိတိကျကျ အကုန်သိတယ်။

နောက်တစ်ခါ ဒိဗ္ဗစက္ခုဝိဇ္ဇာ၊ဒိဗ္ဗစက္ခုဆိုတာ နတ် တွေရဲ့မျက်စိလို ဝေးတဲ့အရာကိုလည်း ကြည့်လို့ ရတယ်။

ကွယ်နေတဲ့အရာကိုလည်း မြင်နိုင်စွမ်းရှိတယ်။

လူတွေမြင်ကွင်းထက် ပိုပြီးတော့ စွမ်းရည် သတ္တိ ထက် တဲ့ မြင်အားကောင်းတဲ့ အသိဉာဏ်တစ် မျိုး ကို ဒိဗ္ဗစက္ခုဝိဇ္ဇာလို့ ခေါ်တယ်နော်။

ဒါဟာလည်းပဲ စတုတ္ထဈာန် ရပြီးတဲ့အခါမှာ ဒိဗ္ဗ စက္ခု ဆိုတာ ဖြစ်တယ်။

အဲဒီဒိဗ္ဗစက္ခုကလည်းပဲ အတိုင်းအတာတစ်ခုနဲ့ အ လင်းရောင်ဖြန့်ကြက်ပြီးမှသာ ကြည့်လို့ရတယ်။

ကြည့်ချင်တဲ့ အတိုင်းအတာအလိုက် အလင်း ရောင် ကြီးကို ဖြန့်ရတယ်။ဥပမာ ည မှောင်နေ တဲ့ အချိန်မှာ ဓာတ်မီးနဲ့ ထိုးကြည့်သလိုပဲ။

အလင်းရောင်မပါရင် ပကတိမျက်စိက မမြင်ရ သလို ဒိဗ္ဗစက္ခုဆိုတဲ့ ဉာဏ်မျက်စိကလည်း အလင်း ရောင် မပါရင် မမြင်ရဘူး။

မျက်စိရဲ့ သဘာဝချင်းတူတယ်၊ဆန့်ကျင်တာ မဟုတ်ဘူး။

ဒိဗ္ဗစက္ခုဆိုတာကို မြတ်စွာဘုရားက ဒုတိယဝိဇ္ဇာ လို့ သတ်မှတ်တယ်။

နောက်တစ်ခု အာသဝက္ခယဝိဇ္ဇာ။ ကိုယ့်ရဲ့ သန္တာန် မှာစီးဝင်နေတဲ့ကိလေသာကိုအာသဝလို့ခေါ်တယ်။

မျက်စိကမြင်လိုက်ရင် လောဘဖြစ်လိုက် မောဟ ဖြစ်လိုက်၊နားကကြားတဲ့ အသံကို အကြောင်း ပြု ပြီး လောဘဖြစ်လိုက် မောဟဖြစ်လိုက် ၊နှာခေါင်း က နမ်းရှူရတဲ့အနံ့၊လျှာနဲ့လျက်ရတဲ့အရသာ ၊ခန္ဓာ ကိုယ်နဲ့ ထိတွေ့ရတဲ့ အထိအတွေ့၊စိတ်ကူး
ကြံစည်ရတဲ့ အာရုံတွေပေါ်မှာ လောဘဖြစ်လိုက် မောဟဖြစ်လိုက်၊မှားယွင်းတဲ့အမြင်တွေနဲ့မြင်လိုက်ပေါ့။

ဒီ အာသဝဆိုတာတွေက မပြတ်စီးဝင်နေတယ်။

အဲဒီ စီးဝင်နေတဲ့ အာသဝတွေကို လုံးဝ ကုန်ဆုံး သွားစေနိုင်တဲ့ ဝိပဿနာကျင့်စဉ်ကိုကျင့်ရတယ်။

ဝိပဿနာကျင့်စဉ်ကိုကျင့်ပြီး သစ္စာလေးပါးကို သိလိုက်တာနဲ့ တပြိုက်နက် မဂ်လေးပါး ဖိုလ် လေးပါး အဆင့်ဆင့်ရောက်တယ်။

မဂ်ဉာဏ်လေးပါးဖြင့် ကိလေသာတွေကိုတစ်စ ချင်း တစ်စချင်း ဖြုတ်ပယ်တယ်။

အရဟတ္တမဂ်ရောက်တဲ့အခါ အာသဝဆိုတာ လက် ကျန် မရှိအောင် ကုန်သွားတယ်။

အဲဒီလို အာသဝတွေကို ရှင်းပစ်နိုင်တဲ့ အရဟတ္တ မဂ်ဉာဏ် ကိုအာသဝက္ခယလို့ခေါ်တာပဲ။

အဲဒီ အရဟတ္တမဂ်ဉာဏ်ရဲ့ အကျိုး အရဟတ္တဖိုလ် ကို လည်း အာသဝက္ခယလို့ခေါ်တယ်။

အဲဒီအသိဉာဏ်မျိုးကိုမှ အာသဝက္ခယဝိဇ္ဇာ လို့ သတ်မှတ်တယ်။

ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဆိုတာလည်းပဲ ဉာဏ် ရဲ့စွမ်းရည် ကြီးရင်ကြီးသလောက် အတိုင်းအတာ အကန့်အသတ်မရှိ မြင်နိုင်တယ်လို့ ဒီလိုဆိုတယ်။ အဲဒါမှ ဝိဇ္ဇာ။သမထကျင့်စဉ် ကျင့်လို့ရှိရင် ပထမဝိဇ္ဇာ၊ဒုတိယ ဝိဇ္ဇာ ရတယ်။

2 months ago

ဝဋ်....
°°°°°°°°°
ဝဋ်ဆိုတာ… လှည့်တတ်
လည်တတ် ပတ်တတ်လို့
ဝဋ်လို့ ခေါ်ပါတယ်။

ကိလေသာဝဋ်ကြောင့်
ကမ္မဝဋ်ဖြစ်တယ်။
ကမ္မဝဋ်ကြောင့်
ဝိပါကဝဋ်ဖြစ်တယ်။

ပစ္စည်းတစ်ခု လိုချင်မှု
လောဘဆိုတဲ့
ကိလေသာဝဋ်ကြောင့်
ကမ္မဝဋ်ဖြစ်တဲ့…
ကိုယ်နဲ့ နူတ်နဲ့
ရအောင် ကြိုးစားတယ်။

ကြိုးစားလို့ ရလာတာက
ဝိပါကဝဋပွါပဲ …။

ဒါက ပစ္စုပ္ပန် ဘဝမှာ
ဖြစ်နေတဲ့…
ဝဋ်သုံးပါး လည်ပုံပါပဲ။

အခုဘဝမှာ ဆင်းရဲတယ်။
ဆင်းရဲတော့… နောင်ဘဝမှာ
လူချမ်းသာ နတ်ချမ်းသာ
ဖြစ်ဖို့ အတွက်…
ကုသိုလ်ပြုပြီး ဆုတောင်းတယ်။

သေလွန်တဲ့အခါမှာ
ကိုယ်လိုချင်တဲ့…
လူချမ်းသာ နတ်ချမ်းသာ ရတယ်။

လူချမ်းသာ နတ်ချမ်းသာ
လိုချင်တာက… ကိလေသာဝဋ်။
တောင့်တတဲ့ ဝဋ်ပေါ့။

ကိလေသာဝဋ်ကြောင့်
ရအောင် ကုသိုလ်ပြု
ဆုတောင်းတာက…
ကမ္မဝဋ်။
ကြိုးစားအားထုတ်တဲ့ ဝဋ်ပေါ့။

လူချမ်းသာ နတ်ချမ်းသာ
ရတာက… ဝိပါကဝဋ်၊
အကျိုးပေးတဲ့ ဝဋ်ပေါ့။

ကောင်းတာလုပ်ရင်
ကောင်းတဲ့ဝဋ်တွေ
လည်တယ်။
မကောင်းတာလုပ်ရင်
မကောင်းတဲ့ဝဋ်တွေ
လည်တယ်၊ လှည့်တယ်
ပတ်ပါတယ် …။

ဒီဝဋ်တွေဟာ…
သစ္စာနဲ့ ကြည့်ရင် -

တောင့်တတဲ့ ဝဋ်နဲ့
ကြိုးစားအားထုတ်တဲ့ ဝဋ်က
သမုဒယသစ်စာပါ …။

ရလာတဲ့…
လူချမ်းသာ နတ်ချမ်းသာက
ဒုက္ခသစ္စာပါ။

လူချမ်းသာ နတ်ချမ်းသာဆိုတာ
သာမန်လူတွေ အမြင်မှာ
ချမ်းသာပေမယ့်…
အရိယာသူတော်ကောင်းတွေရဲ့
အမြင်မှာ… ဆင်းရဲပါတယ်။

အို နာ သေနဲ့
မလွတ်ကင်းသေးလို့
ဆင်းရဲပါတယ် …။

မကောင်းတာလုပ်လို့ ရတဲ့
အပါယ်လေးပါး
ဝဋ်ဆင်းရဲကတော့
ပိုပြီး… ဆင်းရဲပါတယ်။

ဝဋ်ဆိုတာ… ဘာဝဋ်ရရ
မကောင်းပါဘူး။
ဆင်းရဲတွေချည်းပါပဲ။

ဝဋ်ကင်းတဲ့… နိဗ္ဗာန်ချမ်းသာပဲ
တောင့်တ ပြုလုပ်
အားထုတ် သင့်ပါတော့တယ်။

ဒေါက်တာ နန္ဒမာလာဘိဝံသ
🙏🙏🙏

2 months ago

ကုသိုလ် အားကြီးလာရင်
အားလုံးက အဆင်ပြေသွားမှာပါ
အမှန်ပါပဲ ...

ကုသိုလ် အမြဲလုပ်ပါ။

ဘဝမှာ အဆင်မပြေတာ တွေ ကြုံတဲ့
အခါတိုင်း
ကုသိုလ်ကောင်းမှု့ ကိုပိုပြီးပြုလုပ်ပါ။

အဆင်မပြေလို့ ဗေဒင်သွားမေးလည်း
ကုသိုလ်လုပ်ခိုင်းတာပဲ မဟုတ်လား။

သူတို့အပြောကတော့ ယတြာချေတာ
ပေါ့။

ဘယ်ဆရာ မှ အကုသိုလ် လုပ်ခိုင်းပြီး
ယတြာမချေခိုင်းဘူး။
ကုသိုလ်ပဲ လုပ်ခိုင်းတာ။

အဲဒီလိုဆိုတော့ သူ့အားကိုးတာထက်
ကိုယ့်အားကိုယ်ကိုးပြီး
ကုသိုလ်တရား ကြိုးစားပွားရုံပေါ့။

အဆင်မပြေလည်း ကုသိုလ်လုပ်၊
အဆင်ပြေရင်လည်း ကုသိုလ်လုပ်၊

အတိုက်အခိုက်ကြုံရင်လည်းကုသိုလ်
လုပ်၊
အနှောက်အယှက် ရှိရင်လည်း ကုသိုလ်
လုပ်၊

ပိုပြီးအဆင်မပြေရင် ပိုပြီးကုသိုလ်လုပ်၊
လုပ်နေရင်း နဲ့ ကို ပိုဆိုးလာနေရင်လည်း
စိတ်ဓာတ်မကျနဲ့။

ယုံကြည်မှုအပြည့်၊ ဇွဲကြီးကြီးနဲ့သာ
ဆက်လုပ်။
သေချာပေါက်ကို ကုသိုလ်က ကိုယ့်ကို
စောင့်ရှောက်ပါလိမ့်မယ်။

ယုံကြည်မှု့ နဲ့ ဇွဲရှိမှု့ ကိုတော့ မလျော့
စေနဲ့။

ဘဝမှာ ကုသိုလ်တွေ အားကြီးလာရင်
အကုသိုလ်တွေ၊ အဆိုးတွေ အားနည်း
သွားမှာပဲလေ။

သောက်ရေခွက်လောက် ရှိတဲ့ ရေထဲကို
ဆား တစ်ကုတ်လောက် ပစ်ထည့်ရင်
အဲဒီရေခွက် ငန်တူးသွားမှာပေါ့။

ရေအပြည့် ရှိနေတဲ့ ရေကန်ကြီးထဲကို
ဆားတစ်ကုတ်လောက်ပစ်ထည့်ကြည့်
ပါလား၊

ရေအရသာ ဘာမှပြောင်းမှာ မဟုတ်ဘူး
လေ။
ရေက များနေတာကိုး။

ဒီလိုပဲ ကုသိုလ်တွေ အားကြီးနေရင်
အကုသိုလ်ဟာ အသေးအမွှားလေးပဲ
ဖြစ်သွားမှာပေါ့။

ဒါကြောင့်
ကုသိုလ်ကောင်းမှု့ကိုလျော့မတွက်ပါနဲ့။
အဆင်တစ်ခါမပြေတိုင်း
ကုသိုလ်တစ်ခု တိုးလုပ်ပါ။
ပိုပြီးမပြေရင် ပိုပြီးလုပ်ပါ။

ကုသိုလ်အားကြီးလာရင် အားလုံးက
အဆင်ပြေသွားမှာပါ အမှန်ပါပဲ။
--

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ🙏

2 months, 1 week ago

အစွန်းရောက်သွားပြီ ဆိုလျှင်
အသိဥာဏ်ကို အမှောင်ဖုံးပြီး
အမှန်နှင့် အမှားကို ခွဲခြားနိုင်စွမ်း မရှိတော့ပါဘူး။

ငါ လုပ်တာသာ
အဟုတ်ထင်နေတဲ့ အတွက်
သူများ ဘာလုပ်လုပ်
မဟုတ်ဘူးလို့ မြင်တော့တာပါပဲ။

ငါ ပြောတာသာ အမှန်ထင်နေတဲ့ အတွက်
သူများ ဘာပြောပြော မမှန်ဘူးလို့
မြင်တော့တာပါပဲ။

"အကျိုးကို ကြည့်ပြီး
အပြစ် မြင်တော့မည် ဆိုလျှင်
အကြောင်းကို ကြည့်ရတယ် … "
"အကြောင်းကို ကြည့်ပြီး
အပြစ် မြင်တော့မည် ဆိုလျှင်လည်း
အကျိုးကို ကြည့်ရပါတယ် … "
"အကြောင်း အကျိုးကို
မညှိထားတဲ့ အသိဟာ
အကောင်း, အဆိုးကိုလည်း
ခွဲခြားပြီး မသိနိုင်ပါဘူး …"

လူ့ဘဝက -
တခြား ဘဝတွေထက် သာတာဟာ
အဲဒီ အသိဥာဏ်တွေ ရှိလို့ပါ။

မြတ်စွာဘုရားကလည်း
မှာခဲ့တယ် မဟုတ်ပါလား
အကန်း ယုံကြည်တာမျိုး
ရမ်းသမ်း ယုံကြည်တာမျိုးတွေမလုပ်ဖို့ကိုလေ။

အသိဥာဏ်ပါတဲ့ ယုံကြည်မှုမျိုးကသာ
ကိုယ့်သန္တာန်မှာ ရေရှည် တည်မြဲတာပါ။

အသိဥာဏ်နှင့် ယှဉ်တဲ့
ယုံကြည်မှုမျိုးကသာ ကိုယ့်အတွက်
ကောင်ကျိုးများစွာကို ဖြစ်စေမှာပါ … ။

(ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး)
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 месяц, 3 недели назад

Animeများကို မြန်မာစာတန်းထိုးဖြင့် ကြည့်နိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက @OnichanAnimeMyanmar ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

India movie Channel gives credit to original websites and translators.

If you own the copyrights of any stuff, we will remove it within 24 hours.

Last updated 6 месяцев, 2 недели назад