Unlock a World of Free Content: Books, Music, Videos & More Await!

Delta News Agency

Description
Delta News Agency is the one of the handful of the local media outlets operating in Myanmar. Based in the Irrawaddy delta region , DNA aims to contribute socio-economic development of the region serving the information needs of the local public.
We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 3 weeks, 5 days ago

Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 4 months ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 1 day, 12 hours ago

2 weeks, 4 days ago

ဧပြီ ၊ ၁၀

စစ်အာဏာရှင်နဲ့ တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ ထိုင်းဟာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာမယ့် မြောက်မြားစွာသော စစ်ရှောင်တွေကို လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်ဖို့ အဓိက မဏ္ဍိုင်ဖြစ်လာပါတယ်။ မြန်မာ့ အိမ်နီးချင်းလည်းဖြစ်၊ အာဆီယံ အဖွဲ့ဝင်လည်းဖြစ်တဲ့ ထိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည် ထွန်းကားဖို့ ညှိနှိုင်းဆွေးနွေးမှုတွေအတွက် အခန်းကဏ္ဍ တခုတော့ ပါဝင်ရမှာလည်း အမှန်ပါပဲ။

ဒါပေမဲ့ အဲဒီအဆင့် မတိုင်ခင် ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ရဲ့ အစိုးရဟာ မြန်မာနဲ့ ပတ်သက်တဲ့ သံတမန်ရေး မူဝါဒတွေနဲ့ လူသားချင်း စာနာမှု ထောက်ပံ့ရေး အစီအမံတွေဟာ မျှတတဲ့၊ ပွင့်လင်းမြင်သာတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ ချဉ်းကပ်မှုမျိုးတွေဆိုတာ သေချာအောင် အရင်လုပ်ဆောင်ရပါမယ်။ ဘက်မလိုက် မူဝါဒမျိုးကို ခိုင်မာအောင် ဆုပ်ကိုင်မထားရင် ထိုင်းဟာ အင်မတန် ရှုပ်ထွေးပွေလီတဲ့ ပြည်တွင်း အကျပ်အတည်း တခုထဲကို တရွတ်တိုက် ဆွဲချခံရတာမျိုး ဖြစ်သွားနိုင်ပါတယ်။

မဲဆောက်လေဆိပ်မှာ မြန်မာစစ်တပ်ရဲ့ စင်းလုံးငှား လေယာဉ်တွေ ဆင်းသက်ဖို့ ခွင့်ပြုပေးခဲ့တယ်ဆိုတဲ့ နောက်ဆုံးရ သတင်းတွေကို ကြည့်ရင်တော့ ထိုင်းအစိုးရဟာ အခုလိုမျိုး ခက်ခဲတဲ့ ကိစ္စတွေကို ကိုင်တွယ်နိုင်စွမ်း မရှိသေးဘူးလို့ပဲ သုံးသပ်ရပါမယ်။ အဲဒီ လေယာဉ်တွေဟာ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေ၊ အသုံးအဆောင်တွေနဲ့ ယုတ်စွအဆုံး ငွေကြေးတွေကို မြန်မာဖက် ပြန်သယ်ရာမှာ အသုံးပြုခဲ့တယ်လို့ ကောလာဟလတွေ ပျံ့နှံ့နေပါတယ်။

အခုဆိုရင် အတိုက်အခံတွေနဲ့ ဝေဖန်သူတွေက ထိုင်းအစိုးရဟာ ဒီကိစ္စကို တလွဲတချော် ကိုင်တွယ်ခဲ့လို့ နိုင်ငံတကာ အမြင်မှာ ထိုင်းရဲ့ပုံရိပ်ကို ထိခိုက်စေခဲ့ပြီလို့ အပြစ်တင်နေကြပါပြီ။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ အဲဒီ လေယာဉ်တွေဟာ တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်လိုက်ရာ နယ်စပ်မြို့ မြဝတီကနေ ထွက်ပြေးလာတဲ့ မြန်မာ စစ်တပ် အရာရှိတွေနဲ့ မိသားစုဝင်တွေကို ပြန်လည် ခေါ်ယူနိုင်ဖို့ ထိုင်းအစိုးရ ကိုယ်တိုင်က ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ ထိုင်းအစိုးရက ဒီကိစ္စကို သိပ်ပြီး လေးလေးနက်နက် မဟုတ်သလို ပုံဖော်ဖို့ ကြိုးစားနေပေမယ့် ဒေသခံ ပြည်သူတွေကတော့ လေယာဉ်ပေါ် ဘာတွေ ပါသွားသလဲ ဆိုတာကို သိချင်နေတုန်းပါ။ ဒါကလည်း အတိတ်တုန်းက ထိုင်းအစိုးရရဲ့ မြန်မာအပေါ် ကျင့်သုံးတဲ့ မူဝါဒတွေအပေါ် အခြေတည်လာတဲ့ သံသယတွေ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ပယာရွတ် ချန်အိုချာ ဦးဆောင်ခဲ့တဲ့ ကာလတွေတုန်းက ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နီးနီးကပ်ကပ် ထိတွေ့ ဆက်ဆံမှုတွေ ရှိခဲ့ပါတယ်။ အာဏာသိမ်းပြီး လပိုင်းလောက် အကြာမှာ ထိုင်းဟာ မြန်မာစစ်တပ်အတွက် ရိက္ခာထောက်ပံ့တာတွေတောင် ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ (ထိုင်းနဲ့ မြန်မာစစ်တပ်တွေဟာ အာဏာသိမ်းမှု မတိုင်ခင်တုန်းက နယ်စပ်မှာ ပူးပေါင်း ကင်းလှည့်တာတွေ လုပ်ဆောင်ခဲ့ပါတယ်)

လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက မြန်မာ တိုက်လေယာဉ်တွေဟာ တော်လှန်ရေး အင်အားစုတွေကို ဗုံးကြဲချိန်မှာ ထိုင်းလေပိုင်နက်ကို ကျူးကျော်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသံတိတ်နေလို့လည်း ထိုင်းစစ်တပ်က အတော်လေး ဝေဖန် ခံခဲ့ရဖူးပါတယ်။

ဒါ့အပြင် ထိုင်းစစ်တပ်ရဲ့ မူဝါဒအရ ဒုက္ခသည်တွေကို မြန်မာဖက် ပြန်ပို့ခဲ့တဲ့ လုပ်ရပ်တွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ မြန်မာနိုင်ငံသားတွေကို အန္တရာယ်တောထဲ တွန်းပို့နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန် ထောက်ပြထားပါတယ်။ ထိုင်းစစ်သားတွေ ကိုယ်တိုင် ဘက်မလိုက် ဝါဒကို လက်ကိုင်ပြုတာ သေချာအောင် ဝန်ကြီးချုပ် ဆရက်သာရော၊ ကာကွယ်ရေးဝန်ကြီး ဆူတင် ကလွန်ဆန်တို့ပါ ဖိဖိစီးစီး ဆောင်ရွက်ဖို့ လိုပါတယ်။

မတည်ငြိမ်မှုတွေ တရိပ်ရိပ် တိုးပွားလာတဲ့ အခြေအနေမှာ အမျိုးသား လုံခြုံရေးကောင်စီ အဖွဲ့ဝင်ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ပါရာဒွန် ပက်တန်နာသက်ဘူတာက ထိုင်းအစိုးရ အနေနဲ့ မြန်မာ့အရေးအတွက် နိုင်ငံတကာကို ထိတွေ့ဆက်ဆံ ဆွေးနွေးဖို့ အထူးစင်တာ တခုနဲ့ လူထုဆက်ဆံရေး အဖွဲ့တခု ထူထောင်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ဒါ့အပြင် နယ်စပ်နားမှာ အခြေစိုက်ပြီး ဒုက္ခသည်တွေ အခြေအနေကို စောင့်ကြည့်ဖို့၊ စာရင်းသွင်း မှတ်သားပေးဖို့ တာဝန်ယူမယ့် အထူးစင်တာ တခု ထူထောင်သင့်တယ်လို့ပါ သူက အကြံပြုခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ ဝန်ကြီးချုပ် ဆရက်သာရဲ့ အစိုးရဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အခက်ခဲဆုံး စိန်ခေါ်မှုတွေကို ကိုင်တွယ်နေရတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီထဲမှာ ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်ကြား ချိတ်ဆက်မှုတွေကို လျှော့ချဖို့ဆိုတဲ့ ဖိအားတွေလည်း ပါဝင်နေပါတယ်။ မြန်မာ့ အကျပ်အတည်းထဲမှာ လုံးထွေးရောယှက်သွားဖို့ ဆိုတာက ထိုင်းအတွက် လိုလားချင်စရာ မရှိဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။ ထိုင်းအစိုးရဟာ ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာ စစ်ရှောင်တွေအတွက် ကူညီ ထောက်ပံ့မှု အစီအစဉ်တွေကို ကြီးမှူးရင်း နယ်စပ်က တရားမဝင် ကုန်သွယ်မှုတွေကိုလည်း နိုးနိုးကြားကြား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

2 weeks, 5 days ago

ဧပြီ ၊ ၁၀

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံက စစ်ကောင်စီဘန်ကာ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ၂၀၂၂ခုနှစ်အတွင်း ဖမ်း ဆီးခံခဲ့ရတဲ့လူငယ်တဦး စစ်ကောင်စီလက်ထဲ သေဆုံးသွားတဲ့အကြောင်းမိသားစုက နှစ်နှစ်နီးပါးအကြာ အခုရက်ပိုင်းက မှ သိရတယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။

သေဆုံးသွားသူဟာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာနေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုရန်လင်းဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀ ရက် မနက် ၅ နာရီလောက်မှာ စစ်ကောင်စီတပ်က နေအိမ်ကနေ ပိတ်ဆို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

“အဖမ်းခံရကတည်းက ရဲစခန်းတွေ၊ ထောင်တွေမှာ လိုက်စုံစမ်းတာ လုံးဝမရဘူး၊ အဲဒါနဲ့ ICRC(ကြက်ခြေနီအဖွဲ့)ကို အ ကူ အညီတောင်းထားတာ၊ မနေ့ကတော့ ဆုံးသွားပြီလို့ ICRC က သတင်းလာပေးလို့ သိရတာ" လို့ ကိုရန်လင်းဦးရဲ့ မိသားစုနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

မိသားစုဝင်တွေ သိရှိခဲ့ရတဲ့ အချက်အလက်တွေအရတော့ ကိုရန်လင်းဦးဟာ အဖမ်းခံရပြီး တလလောက်အကြာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်ကတည်းက သေဆုံးခဲ့တာဖြစ်ပြီး ဘယ်မှာသေဆုံးခဲ့တာလဲဆိုတာကိုတော့ အတိအကျမသိရပါဘူး။

“ရန်ကင်းရဲစခန်းမှာ သေမှုသေခင်း စာရင်းသွင်းထားတယ်ဆိုပြီး ICRC က အကြောင်းကြားလာတာ၊ ရဲစခန်းကလည်း ဆုံး သွားပြီဆိုတာ အတည်ပြုပေးတယ်” လို့လည်း အထက်ပါနီးစပ်သူက ပြောပါတယ်။

ကိုရန်လင်းဦးနဲ့အတူ သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် ကိုဟိန်းဇော်လည်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ကိုဟိန်း ဇော်ရဲ့ အခြေအနေကိုတော့ မသိရပါဘူး။

အာဏာသိမ်းမှုဆန့်ကျင်သူတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲ၊ဖမ်းဆီး၊သတ်ဖြတ်မှုတွေလုပ်လာတဲ့နောက် တုံ့ပြန် တိုက်ခိုက်မှုတွေပေါ်ပေါက်လာချိန်မှာ သမိုင်းလမ်းဆုံက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူလေ့ရှိတဲ့ ရဲကင်းနဲ့ ဘန်ကာတွေ ဟာ မကြာခဏတိုက်ခိုက်ခံရလေ့ရှိခဲ့ပါတယ်။

အထက်ပါသေဆုံးသွားသူကိုရန်လင်းဦးတို့ ရက် ၂၀ လောက်အလို ၂၀၂၂ ခုနှစ်၊ မေလ ၁၇ ရက်မှာ သမိုင်းလမ်းဆုံ မီးပွိုင့်လမ်း လယ်မှာရှိတဲ့ ဘန်ကာ ဗုံးပစ်သွင်းခံရတာ၊ပစ်ခတ်ခံရတာတွေရှိခဲ့သလို အဲ့ဒီမတိုင်ခင် ၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်းက လည်း သမိုင်းလမ်းဆုံစီးတီးမတ် အနီးက လုံခြုံရေးဘန်ကာ ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

အတည်မပြုနိုင်တဲ့သတင်းတွေအရ အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။သေ ဆုံးသွားတဲ့အကြောင်း မိသားစုကအခုမှသိရတဲ့ ကိုရန်လင်းဦးနဲ့ အတူဖမ်းဆီးခံရသူ ကိုဟိန်းဇော်တို့ဟာ အဲ့ဒီတိုက်ခိုက်မှုတွေ နဲ့ ပတ်သက်မှုရှိမရှိဆိုတာကိုတော့ DNAအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားပြီးနောက် မကြာခင်မှာပဲ သတ်ဖြတ်ခံလိုက်ရပြီး မိသားစုကိုအကြောင်းမကြား၊အသိ မ‌ပေးဘဲ ဖုံးကွယ်ခံထားရသူတွေအများအပြားရှိနေပါတယ်။ကိုရန်လင်းဦးတို့လိုပဲ ဖမ်းဆီးခံရပြီးနောက်သတ် ဖြတ်ခံလိုက် ရတဲ့ ရန်ကုန်မြို့ခံ လူငယ်နောက်တဦးဟာလည်း သေဆုံးပြီးခုနစ်လအကြာ အခုလအတွင်းကမှ မိသားစုဆီအသိ ပေးခံ ခဲ့ရပါတယ်။

စစ်တပ်ကဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံရပြီး မိသားစုက ချက်ချင်းမသိလိုက်ရသူတွေထဲမှာ ရိုးရာ လက်ဝှေ့ချန်ပီယံ တူးတူးလို လူသိများထင်ရှားသူလည်း ပါဝင်ပါတယ်။စစ်ကောင်စီဟာ လက်ဝှေ့ကျော်တူးတူးကို ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ဖမ်းဆီးခဲ့ပြီး တနှစ်အကြာ ၂၀၂၃ခုနှစ် ဧပြီလမှာ ပစ်ခတ်သတ်ဖြတ်ခဲ့ပေမယ့် မိသားစုကိုတော့ သုံးလလောက်အကြာမှ အသိ ပေးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ မှတ်တမ်းတွေအရ အာဏာသိမ်းမှုဆန့်ကျင်သူနဲ့ ဆန့်ကျင် သူအဖြစ် သတ်မှတ်ဖမ်းဆီးခံရတဲ့ လူဦးရေထောင်ချီဟာ ဘယ်နေရာမှာ ထိန်းသိမ်းချုပ်နှောင်ခံထားရတယ်ဆိုတာ မိသား စုကမသိရ၊ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ခံခဲ့ရတယ်လို့ ၂၀၂၂ခုနှစ်ကထုတ်ပြန်တဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါ တယ်။

ဒါဟာ အတင်းအကျပ်ပျောက်ဆုံးစေမှု ကျူးလွန်တာလို့လည်း AAPP ကထောက်ပြထားပါတယ်။အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊မိသားစုဝင်တွေရဲ့ ထုတ်ဖော်ပြောဆိုချက်တွေအရလည်း အလားတူ ဖမ်းဆီးခံရပြီးနောက် သတင်းမရတော့ဘဲ အဆက်အသွယ်ပြတ်ပျောက် ဆုံးသွားသူတွေအများအပြားရှိနေပြီး ဒီလိုပျောက်ဆုံးသူတွေထဲ မန္တလေးမြို့အခြေစိုက် သံဃသမဂ္ဂ(မန္တလေး)က သံဃာ တချို့လည်းပါဝင်နေပါတယ်။

အာဏာသိမ်းပြီးချိန်ကနေ အခုနှစ် မတ်လကုန်အထိ AAPP ကအတည်ပြုထားတဲ့ မှတ်တမ်းတွေအရ စစ်ကောင်စီ လက် ချက်နဲ့ သေဆုံးခဲ့သူ စုစုပေါင်း ၄၈၀၀အထိရှိပြီး အဲ့ဒီအထဲက ၁၆၉၉ဦးဟာ အရှင်ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရတာလို့ ဖော်ပြထားပါတယ်။

2 weeks, 5 days ago

ဧပြီ၊ ၁၀

ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသူတဦးရဲ့ မိခင်ဖြစ်သူဟာ သမီးကို ထောင် ဝင်စာ ပါ ဆယ်ပို့ရင်း အပူဒဏ်ကြောင့် ဦးနှောက်သွေးကြောပျက်ကာ သေဆုံးသွားတယ်လို့ နိုင်ငံရေး အကျဉ်းသူ များအဖွဲ့ (WOPP) တာဝန်ခံ မဇူးဇူးမေယွန်းက DNA ကိုပြောပါတယ်။

“ သူရဲ့သမီးကိုထောင်ဝင်စာပါဆယ်သွားပို့ချိန်မှာ သူသမီးအထဲကိုပြန်သွားချိန်သူကလည်း ထောင်က ပြန်အ ထွက်ပေါ့ကားပေါ်မှာပဲ ဆုံးသွားတာ” လို့ သူကပြောပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ်သုံးနှစ်ကျခံနေရတဲ့ မပန်းအိခင်ရဲ့ မိခင် အသက် ခြောက်ဆယ်ကျော်အရွယ် ဒေါ်ကြည်ညွန့်ဆိုသူ အခုလိုသေဆုံးသွားခဲ့ရတာလို့ သိရ ပါတယ်။

အဲဒီနိုင်ကျဉ်းဖြစ်သူရဲ့ မိခင်မှာ ရောဂါ ကြီးကြီးမားမားဖြစ်နေတာမျိုးမရှိဘဲ ရာသီဥတုအပူချိန် မြင့်တက်နေမှု ကြောင့်သာ ဦးနှောက်သွေးကြောပျက်ပြီး သေဆုံးခဲ့ရတာလို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ကဆိုထား ပါတယ်။

“ သူ(မပန်းအိခင်)က အရင်တခါဖမ်းခံရပြီး လွတ်ငြိမ်းနဲ့ ပြန်လွတ်လာသူပေါ့၊အဲ့မှာ ၂၀၂၂ ထဲမှာ နောက် တခါ ပြန်ဖမ်းခံရပြီး အင်းစိန်ထောင်က တဆင့် သာယာဝတီထောင်ကို အရွှေ့ခံလိုက်ရတာပါ “ လို့ မဇူးဇူး မေယွန်းကပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနက အကျဉ်းသားတွေကို ထောင်ဝင်စာပါဆယ်ပို့ တဲ့နေရာ မှာ မိ သားစုဝင်တွေကိုသာ ပို့ခွင့်ပြုဖို့ ကန့်သတ်ထားတာပါ။

“ သူက ရန်ကုန်ဇာတိကပေါ့နော် သူမိသားစုတွေကလည်း ရန်ကုန်ကပဲ သာယာဝတီကို ပါဆယ်ပို့ တာတွေလုပ် ပေးတာ” လို့ မဇူးဇူးမေယွန်းကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က နိုင်ငံရေးအကျဉ်းသူတွေကို ဥပဒေမဲ့ ဖမ်းဆီးနေမှုတွေပြုလုပ်နေတဲ့ အပြင် မိသား စုဝင်တွေ ကိုပါ သွယ်ဝိုက်တဲ့ နည်းလမ်းတွေနဲ့ အသက်ဆုံးရှုံးရအောင် ပြုလုပ်နေတဲ့အတွက် အခုလို အသက်ဆုံးရှုံး မှုတွေ ကို ရှုတ်ချတယ်လို့ နိုင်ငံရေး အကျဉ်းသူများအဖွဲ့ကထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - Social Media

3 weeks ago

ဧပြီ၊ ၈

ရခိုင်ပြည်နယ်မှာ စစ်ကျန်လက်နက်တွေနဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်၊ သေဆုံးရတဲ့ အရပ်သားပြည်သူတွေ ဆက်တိုက်ရှိနေတာကြောင့် ရှင်းလင်းရေးလုပ်ငန်းတွေ စနစ်တကျလုပ်ပေးဖို့ ဒေသခံတွေက တောင်းဆိုကြပါတယ်။

ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအတွင်းရှိ စစ်ကောင်စီတပ်က စခန်းချနေထိုင်ခဲ့တဲ့ နေရာတွေအနီးတဝိုက်မှာ မိုင်းပေါက်ကွဲမှုတွေ ဆက်တိုက်ရှိနေတာဖြစ်ပြီး ထိခိုက်၊ သေဆုံးရသူ ဆယ်ချီရှိပြီလို့ စာရင်းကောက်ယူနေသူတွေက ဆိုပါတယ်။

"တပ်တော်က မိုင်းတွေ ရှင်းထားပြီးပြီဆိုပေမယ့် သေသေချာချာအသေးစိတ် မလုပ်ရသေးတော့ အထိအခိုက်တွေ ရှိနေတာပါ၊ ထင်းခွေ၊ ငါးရှာကအစ ပြည်သူတွေမှာ အန္တရယ်အရမ်းများပါတယ်၊ ပညာပေးတာတွေလည်း သေချာမလုပ်နိုင်တော့ ပိုဆိုးတာပေ့ါ" လို့ မင်းပြားမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေအထိုင်ချနေခဲ့တဲ့ မင်းပြားမြို့အနီး ငတန်ပျင်းရွာမှာ စစ်ကျန်ဗုံးသီးတလုံးကို ထုကြည့်ရာကနေ သက်ကြီးအမျိုးသားတဦး သေဆုံးပြီး သမီးဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာရသွားခဲ့ပါတယ်။

မတ်လ ၃၀ ရက်နေ့ကလည်း မင်းပြားမြို့ ကျိန်းတောင်တက်လမ်းအနီးမှာ မိုင်းပေါက်ကွဲလို့ ဒေသခံလူငယ်တဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ စခန်းချနေခဲ့တဲ့ မင်းပြားမြို့ပေါ်၊ မြေပုံမြို့ပေါ်နဲ့ မင်းပြားမြို့နယ် ကျားရဲပြင်ရွာတို့မှာလည်း မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးရသူတွေ ရှိခဲ့ပါတယ်။

အလားတူပဲ အခြားသော AA သိမ်းပိုက်ထားတဲ့မြို့နယ်တွေအတွင်းရှိ ပြည်သူတွေဟာလည်း မိုင်းနဲ့ စစ်ကျန်လက်နက်တွေ ပေါက်ကွဲမှာ စိုးရိမ်တာကြောင့် လွတ်လွတ်လပ်လပ်သွားလာလို့မရကြသေးဘူးလို့ ပြောကြပါတယ်။

"စစ်သားတွေကတော့ သူတို့ဆုတ်ရရင် မိုင်းတွေအများကြီးထောင်ခဲ့မှာပဲ၊ အခု ထင်းမရှိလို့ ထင်းခုတ်ဖို့ မသွားရဲဘူး၊ အလုပ်တွေလည်း ပုံမှန်မလုပ်နိုင်ဘူး၊ မိုင်းကို အရမ်းကြောက်ရတယ်၊ ထိလိုက်ရင် ခြေပြတ်၊ လက်ပြတ်ဖြစ်တာပဲလေ၊ အဲဒါကြောင့် အမြန်ဆုံးရှင်းပေးစေချင်တယ်"လို့ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှ ဒေသခံတဦးက ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)ကတော့ သူတို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးနဲ့ အသိပညာပေးလုပ်ငန်းတွေ လုပ်နေတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် မိုင်းရှင်းကိရိယာအပါအဝင် အခက်အခဲ၊ လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း နီးစပ်သူတွေက ပြောဆိုကြပါတယ်။

ရခိုင်ဒေသခံလူမှုရေးတက်ကြွလှုပ်ရှားသူတဦးကတော့ ရခိုင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာအဖွဲ့တွေအနေနဲ့ အကူအညီပေးဖို့ လိုအပ်ပြီး မိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ကြဖို့လည်း ထောက်ပြပါတယ်။

AA သိမ်းပိုက်ထားတဲ့မြို့နယ်တွေအပြင် စစ်ကောင်စီတပ်က ထိန်းချုပ်ထားတဲ့မြို့နယ်တွေဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့မှာလည်း မိုင်းထိမှန်ပေါက်ကွဲလို့ ထိခိုက်သေဆုံးရတဲ့ အရပ်သားပြည်သူတွေ ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာ အခုတကျော့ပြန်တိုက်ပွဲနောက်ပိုင်း စစ်ကျန်လက်နက်နဲ့ မိုင်းထိမှန်တာတို့ကြောင့် သေဆုံးရသူ နှစ်ဆယ်ဝန်းကျင်နဲ့ ထိခိုက်ဒဏ်ရာရသူ ဆယ်ချီရှိပြီလို့ ဒေသတွင်းစာရင်းကောက်ယူသူတွေက ပြောကြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးရသူဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထက် နှစ်ဆခွဲကျော်ပိုများခဲ့ပြီး ၁၀၅၂ ဦး ရှိခဲ့တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီမိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ထိခိုက်ခံစားရသူတွေထဲက ၂၁ ရာခိုင်နှုန်းဟာ ကလေးတွေဖြစ်တယ်လို့ လည်း UNICEF က ဆိုပါတယ်။

AA ဟာ ရခိုင်ပြည်နယ် ရသေ့တောင်၊ ပုဏ္ဏာကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောနဲ့ ရမ်းဗြဲမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ လည်ပတ်စေဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘူးသီးတောင်၊ မောင်တောနဲ့ အမ်းမြို့နယ်တို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

ဓာတ်ပုံ - ABN

3 weeks ago
Delta News Agency
3 weeks, 1 day ago

ဧပြီ၊ ၇

စစ်ဘေးရှောင်ဒုက္ခသည် သုံးသိန်းခွဲကျော်ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့နေကြရပြီဖြစ်ပြီး တချို့စစ်ရှောင်စခန်းတွေမှာ ရေမသန့်လို့ အရေပြားနဲ့ ဝမ်းရောဂါဖြစ်ပွားသူတွေလည်း ရှိနေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေနဲ့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်ဘေးရှောင်တွေအများစု ရှိနေတဲ့ ပုဏ္ဏာကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ပေါက်တောမြို့နယ်တို့မှာ ရေရှားပါးမှုနဲ့ စကြုံနေကြရတာလို့ ဆိုပါတယ်။

"အရင်တုန်းကတော့ ကိုယ့်ရွာနဲ့ ကိုယ့်(ရေ)ကန်နဲ့က ကွက်တိဖြစ်ပြီးသားပါ၊ ဒီနှစ်က ဘယ်လိုဖြစ်လဲဆိုတော့ စစ်ဘေးရှောင်တွေတိုးလာတော့ အဆင်မပြေတော့တာ၊ အပူချိန်လည်း ပိုပြင်းလာတယ်လေ"လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးမှ တာဝန်ရှိသူတဦးကပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ရွာတိုင်းနီးပါးမှာ ရေရှားပါးမှုနဲ့ ကြုံနေရတာဖြစ်ပြီး အခုအခါ ရေကို ခွဲတမ်းနဲ့သာ ခပ်ယူ၊ သုံးစွဲနေကြရတယ်လို့ ပြောကြပါတယ်။

"အစပိုင်းမှာတော့ ရေကို လိုသလောက်ခပ်ခွင့်ပေးတယ်၊ အခု ရေရှားလာတော့ ခွဲတမ်းနဲ့ပဲ ပေးနေတော့တာပေ့ါ၊ တအိမ်ကို တလုံးနှစ်လုံးပဲ ခပ်ရတော့ ချက်ပြုတ်ဖို့ကလည်း မလောက်ငှဘူး၊ လောက်ငှအောင် မသုံးရဘူး"လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

အဲဒီရေအခက်အခဲကို ဖြေရှင်းနိုင်ဖို့ အဝီစီတွင်းတွေ တူးပေးဖို့ စီစဉ်နေပြီး အကူအညီတွေလိုအပ်နေတယ်လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးက ဆိုပါတယ်။

"တရက်တရက်မှာ ရွာတရွာကို ရေတစီးလှူလို့ တယောက် ရေတလုံးရလို့လည်း သိပ်အဆင်မပြေလောက်ဘူးလေ၊ အဝီစီတွင်းတူးပေးဖို့ စဉ်းစားထားတာရှိတယ်"လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးတာဝန်ရှိသူက ပြောပါတယ်။

စစ်ဘေးရှောင်တွေ နေထိုင်ရာဒေသတွေမှာ ရေရှားပါးတာအပြင် ကန်ရေတွေ မသန့်တာ၊ အပူရှိန်ပြင်းလွန်းတာတို့ကြောင့် အရေပြားရောဂါ(ယားနာ) ပေါက်သူတွေနဲ့ ဝမ်းရောဂါဖြစ်သူအချို့လည်း စတွေ့လာရတယ်လို့ ပြောကြပါတယ်။

"ကလေးတွေ ယားနာပေါက်ကြတယ်၊ ရေမသန့်လို့ဖြစ်တာထင်ပါတယ်၊ ဝမ်းသွားတဲ့သူတွေလည်း ရှိတယ်၊ အများကြီးတော့ မဟုတ်ဘူး၊ ဆေးတွေ ဝါးတွေလည်း တော်တော်ရှားတော့ အခက်အခဲပါ၊ ဓါတ်ဆားထုတ်တွေလည်း ရှာလို့ မရဘူး"လို့ ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

အခုနှစ်မှာ အယ်လ်နီညိုရဲ့သက်ရောက်မှုကြောင့် အပူချိန်တွေပိုတိုးလာနေပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ဓါတ်ဆားအပါအဝင် ဆေးဝါးတွေကူညီပေးကြဖို့လိုအပ်တယ်လို့ ဒေသတွင်းစစ်ရှောင်အရေးကူညီပေးနေသူတွေက နိုင်ငံတကာကူညီရေးအဖွဲ့တွေကို ထောက်ပြ၊ တောင်းဆိုကြပါတယ်။

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည် သုံးသိန်းဝန်းကျင်တိုးလာခဲ့ပြီး ယခင်စစ်ရှောင်တွေနဲ့ပေါင်းရင် သုံးသိန်းခွဲကျော်အထိ ရှိနေတာပါ။

အဲဒီစစ်ရှောင်တွေဟာ နီးစပ်ရာ ကျေးရွာတွေရဲ့ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဆွေမျိုးနေအိမ်တွေနဲ့ ကားလမ်း၊ မြစ်ကမ်းဘေးတို့တလျှောက်မှာ တာလပတ်၊ ကောက်ရိုးတဲတွေထိုးကာ ယာယီ ခိုလှုံနေထိုင်နေကြရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နွေရာသီရောက်တိုင်း ရေရှားမှုနဲ့ ကြုံခဲ့ရပေမယ့် အခုနှစ်မှာတော့ စစ်ဘေးရှောင်တွေ ရေအတွက်ပိုတိုးလာတာကြောင့် အခက်အခဲ ပိုကြုံကြရတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက သုံးသိန်းခွဲကျော်သော စစ်ဘေးရှောင်တွေဟာ နိုင်ငံတကာကူညီရေးအဖွဲ့တွေရဲ့ အထောက်အပံ့ကို လုံး၀နီးပါးမရကြဘဲ ပုဂ္ဂလိကအလှူရှင်တွေနဲ့ ဒေသတွင်းအရပ်ဖက်အဖွဲ့တွေရဲ့ အထောက်အပံ့ကိုသာ အားထားနေကြရတာလို့ ဆိုပါတယ်။

"မြင်ရတာ တော်တော်စိတ်မချမ်းသာစရာတွေပါ၊ ချက်စရာဆန်မရှိလို့ (စစ်ရှောင်)ကလေးတွေ ထမင်းပုံမှန်မစားရတဲ့သူတွေ ရှိနေတယ်၊ လမ်းဘေးမှာ တဲလေးထိုးနေကြတာ တွေ့ခဲ့တယ်၊ ဒီလောက် ရာသီပြင်းတာမှာ နေမလုံ၊ မိုးမလုံနဲ့လေ"လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက သူတွေ့ခဲ့ရတဲ့ စစ်ရှောင်တွေရဲ့အခြေအနေကို ပြောပြပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ မတ်လ ၁၃ ရက်ကနေ တကျော့ပြန်တိုက်ပွဲတွေ ပြန်စခဲ့ပြီး တိုက်ပွဲကာလ ငါးလနီးပါးအတွင်း မြို့နယ်ရှစ်ခုကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားပြီး ဘူးသီးတောင်၊ မောင်တောနဲ့ အမ်းမြို့နယ်တို့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

ဓာတ်ပုံ - Social Media/DMG

3 weeks, 2 days ago

ဧပြီ ၆

ရက္ခိုင့်တပ်တော်(AA)ရဲ့ ထိုးစစ်တွေ မြို့ပေါ်အထိ ရောက်လာတဲ့ မောင်တောမြို့နယ်မှာ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းတချို့ဟာ မြို့ကိုစွန့်ခွာ ထွက်ပြေးသွားခဲ့ကြတယ်လို့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းအသိုင်းအဝိုင်းဆီ ကသိရပါတယ်။

မောင်တောမြို့ပေါ်မှာ ရုံးစိုက်နေထိုင်တဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေဦးအပါအဝင် သူ့ရဲ့လက်အောက်ခံ ဝန်ထမ်းတချို့ဟာ မနေ့က ဧပြီလ ၅ ရက်ညမှာ ထွက်ပြေးသွားခဲ့ကြတာလို့ ဆိုပါတယ်။

“ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ နှစ်ယောက်လောက်ပါသွားတယ်၊ ဘယ်ကို ပြေးလဲတော့ အတိအကျမသိဘူး၊စစ်တွေ ဘက် ပြေးတယ်လို့တော့ ကြားတယ်၊ ပစ္စတိုသေနတ်လည်း ပါသွားတယ်”လို့ စစ်ကောင်စီထွေအုပ်ရုံးနဲ့ နီးစပ်တဲ့ ဒေသခံ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ရခိုင်ဒေသတိုက်ပွဲတွေ စပြီးနောက်ပိုင်း ခရိုင်ထွေအုပ်ရုံးကို မောင်တောမြို့ပေါ် မြို့သူကြီးရပ်ကွက်မှာရှိတဲ့ အမှတ် (၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့(နခခ ၅)သို့ ပြောင်းရွေ့အခြေစိုက်နေခဲ့ပြီး အဲဒီကနေ ထွက်ပြေးသွားခဲ့ကြတာလို့ ဆိုပါ တယ်။

အဲဒီခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းတချို့ဟာ နခခ(၅)ကို AA က အဝေးထိန်းဒရုန်းတွေနဲ့ ဗုံးချတိုက်ခိုက်ခဲ့ပြီး နောက်တရက်မှာ ထွက်ပြေးသွားခဲ့ကြတာပါ။

“အဓိက ကြောက်လို့ ပြေးသွားတယ်လို့ ထင်ရတာပေ့ါနော်၊ တခြားအကြောင်းတွေတော့ မကြားဘူး၊ နုတ်ထွက် တာလည်း မဟုတ်ဘူး၊ ဒီအတိုင်း ဌာနကထွက်ပြေးတာ၊ မောင်တောမှာက တခြားဝန်ထမ်းတွေလည်း သိပ်မရှိ တော့ပါဘူး”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

AA ဟာ မောင်တောမြို့နယ်အတွင်းက နယ်ခြားစောင့်ရဲစခန်းဆယ်ချီ သိမ်းပိုက်ထားပြီး ကြိမ်ချောင်းစခန်း၊ လေး မိုင်စခန်း စတဲ့ လက်ကျန်စခန်းတွေကို ဆက်လက်ထိုးစစ်နေပြီး မြို့ပေါ်စခန်းကိုပါ တိုက်ခိုက်မှုတွေ စလုပ်လာခဲ့ တာပါ။

အဲဒီလိုတပ်စခန်းတွေ ဆက်တိုက်သိမ်းပိုက်ခံနေရတာကြောင့် စစ်ကောင်စီဟာ မောင်တောမြို့ပေါ်နဲ့ မြို့အနီး ဝန်း ကျင်တွေမှာ အင်အားတိုးချကာ စစ်ရေးပြင်ဆင်မှုတွေဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီဟာ မောင်တောမြို့ပေါ်ရှိ ခရိုင်ပြည်သူ့ဆေးရုံကိုလည်း ပြီးခဲ့တဲ့ မတ်လဆန်းကလည်းက ပိတ်ခိုင်းခဲ့ပြီး ဆေးရုံဝင်းထဲမှာလည်း စစ်စခန်းတိုးချခဲ့ပါတယ်။ ဒါ့အပြင် ခရိုင်ဆေးရုံအုပ်နဲ့ လက်ထောက်ဆရာဝန်တို့ကိုပါ ဖမ်း ၀ရမ်းထုတ်ထားပါတယ်။

ဒါကြောင့် မောင်တောမြို့ပေါ်နေပြည်သူတွေနဲ့ ဝန်ထမ်းတွေဟာ မြို့ကို စွန့်ခွာ၊ တိမ်းရှောင်တာတွေ တဖြေးဖြေး ရှိလာနေတယ်လို့ ပြောကြပါတယ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူးစန်းညွှန့်ဟာလည်း ပြီးခဲ့တဲ့ဧပြီလ ၃ ရက်နေ့က စခန်းစွန့်ခွာထွက်ပြေးခဲ့ပါသေးတယ်။

ရခိုင်ဒေသတိုက်ပွဲတွေစပြီးနောက်ပိုင်း AA ဆီလက်နက်ချ၊ ပူးပေါင်းတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင်စစ် ကောင် စီဝန်ထမ်းတွေလည်း ရှိနေခဲ့တာပါ။

ချင်းပြည်နယ် ပလက်၀မြို့နယ်အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းရှိ မြို့နယ် ကိုးခုကို သိမ်းပိုက် ထားတဲ့ AA ဟာ ပြည်နယ်မြောက်ပိုင်းက လက်ကျန်မြို့တွေဖြစ်တဲ့ မောင်တော၊ ဘူးသီးတောင်နဲ့တိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ်တို့မှာ ထိုးစစ်တွေ တပြိုင်တည်း ဆက်လုပ်နေပါတယ်။

ရခိုင်ဒေသတခုလုံးကိုအပြီးသတ်သိမ်းပိုက်နိုင်ရေး စစ်ကောင်စီတပ်စခန်းတွေကို တခုပြီးတခုထိုးစစ်ဆင် တိုက်ခိုက် သွားမှာဖြစ်ပြီး အချိန်မနှောင်းခင် လက်နက်ချအညံ့ခံကြဖို့ AA က မကြာခဏသတိပေးထားပါတယ်။

ပုံစာ- မောင်တောခရိုင်အုပ်ချုပ်ရေးမှူးဦးနေဦးနဲ့ ဝန်ထမ်းတချို့ကို ၂၀၂၃ခုနှစ်အတွင်းကတွေ့ရစဉ်

3 weeks, 2 days ago

ဧပြီ ၊ ၆

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG က ထူထောင်ထားတဲ့ နွေဦးဖွံ့ဖြိုးတိုးတက်ရေးဘဏ် SDB Bank ရဲ့ ပထ မဆုံးခြောက်လအတွင်း အမေရိကန်ဒေါ်လာ သုံးသိန်းနီးပါး အမြတ်အစွန်းရခဲ့ တယ်လို့ အဲ့ဒီဘဏ်က ထုတ် ပြန် အသိပေးထားပါတယ်။

SDB Bank စတင်တည်ထောင်တဲ့ ၂၀၂၃ခုနှစ် ဇူလိုင် ၂၂ရက်ကနေ ဒီဇင်ဘာလကုန်အထိဝင်ငွေ အမေရိကန် ဒေါ်လာ လေးသိန်းကျော်(၄၀၆,၀၄၂)ရှိခဲ့ပြီး အခွန် နှုတ်အပြီး အမြတ်အစွန်း အမေရိကန်ဒေါ်လာ ၂၈၃,၁၉၇ ရရှိခဲ့ တာလို့ ဖော်ပြပါတယ်။ဘဏ်အနေနဲ့ အသားတင် အမြတ်အစွန်း ခုနစ်ဆယ်ရာခိုင်နှုန်းနီးပါးအထိရခဲ့တာလို့ ရှင်းပြ ထားပါတယ်။

အဲ့ဒီဘဏ်အမြတ်ငွေအားလုံးကို နွေဦးဘဏ်ရှယ်ယာတိုကင်ပိုင်ဆိုင်ထားသူတွေဆီ အမြတ်ဝေစုအဖြစ် ရာနှုန်း ပြည့်အချိုးကျ ပြန်လည်ခွဲဝေပေးဖို့ ဘဏ်ဒါရိုက်တာ ဘုတ်အဖွဲ့က မတ်လ ၂၀ရက်မှာ တညီတညွတ်တည်း ဆုံး ဖြတ်ခဲ့ကြတယ်လို့လည်းသိရပါတယ်။

ဒါကြောင့် အဲ့ဒီကာလအတွင်း အမေရိကန်ဒေါ်လာ တသောင်း ရင်းနှီးမြှုပ်နှံခဲ့သူဟာ အမြတ်ဝေစုအဖြစ် ၂၈ဒေါ် လာကျော် ရရှိမှာဖြစ်တယ်လို့ တွက်ချက်ရှင်းပြထားပါတယ်။

နွေဦးဘဏ်ကိုစတင်တည်ထောင်ပြီးနောက် လေးလအကြာ ၂၀၂၃ခုနှစ် နိုဝင်ဘာလအတွင်း နွေဦးဘဏ်ရဲ့ အစု ရှယ်ယာ ကန်ဒေါ်လာ ဆယ်သန်းဖိုး ထုတ်ရောင်းခဲ့ပြီး ဆယ်ရက်အတွင်း အဲ့ဒီရှယ်ယာပမာဏထက် ပိုပြီး ရောင်း ချခဲ့ရတယ်လို့ အသိပေးခဲ့ပါတယ်။

အစုရှယ်ယာတိုကင်တခုကို အမေရိကန်ဒေါ်လာ ၀ဒသမ၀၀၁ ဒေါ်လာတန်ဖိုးသတ်မှတ်ကာ အနည်းဆုံး တိုကင် တသောင်း ဒေါ်လာ တဆယ်ဖိုး ဝယ်ယူရမယ့်သတ်မှတ်ချက်နဲ့ ထုတ်ရောင်းခဲ့တာပါ။လက်ရှိခြောက်လတာ အသားတင်အမြတ်အစွန်းတွေကို တော့ အဲ့ဒီတိုကင်ပိုင်ဆိုင်ထားသူတွေကို ပြန်လည်ခွဲဝေပေးမယ်လို့ အသိ ပေးလာတာဖြစ်ပါတယ်။

ဒါကြောင့်နွေဦးဘဏ်အစုရှယ်ယာ ကန်ဒေါ်လာ တဆယ်ဖိုးပိုင်ဆိုင်ထားသူဟာ အမြတ်အစွန်းအဖြစ် ၀ဒသမ ၀၂၈၃ ဒေါ်လာ ရရှိမှာဖြစ်ပါတယ်။

လက်ရှိမှာ နွေဦးဘဏ်အနေနဲ့ အသုံးပြုသူပေါင်း ၉၅၀၀၀ ရှိနေကာ ငွေကြေးအစုစု စီမံခန့်ခွဲမှု အမေရိကန် ဒေါ် လာ ၁၈ဒသမ သုံးသန်းအထိ ရှိနေတယ်လို့လည်းဆိုပါတယ်။ဘဏ်ကပြန်လည်ခွဲဝေပေးမယ့်အမြတ်ငွေတွေကို SDB အကောင့်ထဲပေါင်းထည့်ပေးမယ်လို့လည်းအသိပေးထားပါတယ်။

“၂၀၂၄ ခုနှစ်မှာ ထူးခြားဆန်းသစ်တဲ့ ဘဏ်လုပ်ငန်းစဉ်တွေနဲ့ ဝန်ဆောင်မှုတွေကို ဆက်လက် အကောင်ထည် ဖော် နိုင်ဖို့ နွေဦးဘဏ်ဟာ ပိုမို ကောင်းမွန်ကျယ်ပြန့်သော တိုးချဲ့မှုတွေနဲ့ အောင်မြင်မှုတွေအတွက် ပြင်ဆင်နေပါ တယ်”လို့ SDB ဘဏ် အလုပ်အမှုဆောင်အရာရှိချုပ် ဦးကယ်လ်ဗင်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

NUG ရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက နွေဦးဘဏ်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၂ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး လက် ရှိအထိ ပြည်တွင်းပြည်ပကနေ ဝန်ဆောင်မှုရယူနိုင်တဲ့ ဒစ်ဂျစ်တယ်ဘဏ်အဖြစ် ဆက်လက်လည် ပတ် နေတာ ဖြစ်ပါတယ်။

နွေဦးဘဏ်ကိုတည်ထောင်တာဟာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်နဲ့ စစ်ကောင်စီတို့ဆီ နိုင် ငံခြားငွေ စီးဆင်းနေမှုကိုထိန်းချုပ်ဖို့ဖြစ်သလို တော်လှန်ရေးအတွက်ငွေကြေးအထောက်အပံ့ရစေဖို့ဖြစ်တယ်လို့ NUG စီမံ/ဘဏ္ဍာဝန်ကြီးလည်းဖြစ်၊ ကြားကာလဗဟိုဘဏ်ဥက္ကဌလည်းဖြစ်တဲ့ ဦးတင်ထွန်းနိုင်ကပြော ထားပါ တယ်။

နွေဦးဘဏ်မှာ စာရင်းသေ၊စာရင်းရှင် ငွေအပ်နှံတာ၊ကျပ်ငွေအပါအဝင် နိုင်ငံတကာ ငွေကြေးစနစ် ဆယ်မျိုးကို လဲ လှယ်ဝယ်ယူရောင်းချနိုင်တာအပြင် ရွှေဝယ်ယူစုဆောင်းနိုင်တဲ့ဝန်ဆောင်မှုတွေလည်း ရယူနိုင်ပါတယ်။

3 weeks, 2 days ago

ဧပြီ၊ ၅

အာဏာသိမ်းစစ်ကောင်စီကို လက်နက်ဆွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ် လှုပ်ရှားမှုတွေလည်း ဆက်ရှိနေပါတယ်။

ပြည်တွင်းလှုပ်ရှားမှုတွေ ဆက်ရှိနေသေးတတဲ့ ရန်ကုန်မြို့ရှိ YBS ကားတွေပေါ်မှာ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တဲ့အနေနဲ့ “စစ်ကျွန်မခံနဲ့ ရန်ကုန်သားတွေ” စာသားပါ စတေကာတွေ ကပ်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုံ့ဆော်မှုကို ရန်ကုန်လူထုသပိတ်က ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း အခြေစိုက်တဲ့ ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်၊ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း၊ရွှေဘိုမြိုနယ်သပိတ်အင်အားစု နဲ့ ဒေသခံပြည်သူတွေပူးပေါင်းကာ ဒီကနေ့မှာ ဆက်လက်ဆန္ဒ ပြခဲ့ကြပါတယ်။

ရှမ်းပြည်မြောက်ပိုင်း တနေရာမှာလည်း မေမြို့သပိတ်အင်အားစုက “မတရား စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ”စာသားကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

နွေဦးတော်လှန်ရေး သံဃာ့အင်အားစုတွေက လည်း စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဒီကနေ့မှာ ဆက် လက် ဆန္ဒပြခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော်ပြသခဲ့ကြတဲ့ သပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲက တချို့ကို DNA က စုစည်းဖော်ပြလိုက်ပါတယ်။

4 weeks, 1 day ago

မတ်၊ ၃၁

နိုင်ငံရေးအကျဥ်းသားတွေကို ကူညီပေးလေ့ရှိတဲ့ တနင်္သာရီတိုင်း ထားဝယ်အကျဥ်းထောင်ကဆေးမှူးတဦး CDM ပြုလုပ်လိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) က မနေ့က ထုတ်ပြန်အသိပေးပါတယ်။

အသက် ၃၀ ဝန်းကျင်ရှိတဲ့ အဲဒီဆေးမှူးဟာ စစ်အာဏာသိမ်းမှုစဖြစ်ကတည်းက CDM ပြုလုပ်ဖို့ ဆန္ဒရှိခဲ့ပေမယ့် ထားဝယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့ရဲ့ တိုက်တွန်းမှုကြောင့် ဆေးမှူးတာဝန် ဆက်လက်ထမ်းဆောင်နေခဲ့တာလို့ သိရပါတယ်။

"စီဒီအမ်မလုပ်ဘဲ ထောင်ထဲရောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ကူညီပေးဖို့ ဝိုင်းပြီးတိုက်တွန်းကြတာ၊ အဲဒါကို လက်ခံပြီး စီဒီအမ်မလုပ်ဘဲ နေလိုက်တာ၊ ထောင်ထဲမှာဆို ဆေးမှူးလေးလို့ ခေါ်ကြတယ်၊ ပခုံးမှာ ကြယ်တပွင့်နဲ့" လို့ DPPN တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကတည်းက CDMပြုလုပ်လာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဘေးကင်းတဲ့နေရာကို ရောက်သွားပြီလို့လည်း သိရပါတယ်။

အဲဒီဆေးမှူးဖြစ်သူဟာ အကျဥ်းဦးစီးအောက်က ဝန်ထမ်းမဟုတ်ဘဲ ကျန်းမာရေးဦးစီးဌာနအောက်က သူနာပြုတယောက်အနေနဲ့ အကျဥ်းထောင်ဆေးမှူးတာဝန်ကို တွဲဘက်တာဝန်ယူရတာဖြစ်ပြီး မိသားစုဝင်တွေရဲ့ လုံခြုံရေးအရ နာမည်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

"သူ့ဆီက တော်တော်များများ အကူအညီရကြတာ၊ မိသားစုဝင်တွေနဲ့ ဆက်သွယ်ဖို့၊ နောက်ပြီးကိုယ်လိုချင်တဲ့ နိုင်ငံရေးစာအုပ်တွေရဖို့ကို သူကူညီပေးတယ်၊ ကျန်းမာရေးကိစ္စတွေရောပဲ" လို့လည်း ထားဝယ်နိုင်ငံရေးအကျဥ်းသားဟောင်းတဦးက DNA ကို ပြောပါတယ်။

လက်ရှိမှာတော့ ထားဝယ်အကျဥ်းထောင်မှာ စစ်တပ်ဘက်က ရောက်လာတဲ့သူတွေ ဝင်ရောက်အုပ်ချုပ်နေတာရှိပြီး အဲဒီဆေးမှူးအနေနဲ့ အရင်ကလို ကူညီပေးလို့မရတော့တာကြောင့် အခုလို CDM လုပ်လိုက်တာလို့လည်း ဆိုကြပါတယ်။

"လုံခြုံရေးကတော်တော်ကြပ်လာတာ၊ သူပါစစ်ဆေးခံရတာမျိုးတွေ ရှိလာတယ်၊ အဲတော့ဘာမှ ကူညီပေးလို့ မရတော့ဘဲ သူ့တာဝန်ပဲ သူလုပ်နေရသလို ဖြစ်နေတော့ ထွက်လာလိုက်တာ" လို့လည်း DPPN တာဝန်ရှိသူက ပြောပါတယ်။

အလားတူပဲ အရင်နှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေတုန်းကလည်း ထားဝယ်အကျဥ်းထောင်ကနေ ထောင်အရာရှိတဦးအပါအဝင် ထောင်ဝန်ထမ်းခြောက်ဦး ထွက်ပြေးသွားခဲ့ပါသေးတယ်။

ဓာတ်ပုံ - DNA

We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 3 weeks, 5 days ago

Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 4 months ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 1 day, 12 hours ago