The Call - ခေါ်သံ

Description
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 days, 19 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 months, 1 week ago

2 days, 3 hours ago

“အဆူခံထိတာလည်း ခဏခဏပါပဲကွာ။ ငယ်သေးတာကိုးလို့” လို့ ရယ်ပြီး စမြုံပြန်သေးတယ်။ ပြီးတော့ “မင်းတို့ အေးအေးဆေးဆေးအိပ်ကြ။ ဒီဘက်ထဲကို ဒီကောင်တွေ မလာရဲဘူး။ ငါ့အပိုင်မှန်း သိတယ်” တဲ့။ အဲ့လို။ ရန်သူကလည်း သွားလာလှုပ်ရှားနေဆဲ အချိန်ဆိုတော့ ခပ်လှုပ်လှုပ်ပေါ့။ ဒါပေမယ့် ဘိုးတော်က တကယ်ပိုင်တဲ့ပုံပါပဲ။ အဲ့ဒီညက ကင်းသမားတွေအားလုံး အိပ်ရေးဝကြတယ်လေ။

ခဏနေတော့ ကျနော်တို့ထဲက တကောင်က ဘိုးတော်အနားကို သွားထိုင်တယ်။ ဒီကောင်က တအား အာကောင်းတဲ့ကောင်။ ဘိုးတော်ကို ဝင်ဖောတယ်။ ဘာရည်ရွယ်ချက်ရှိလို့မှ မဟုတ်ဘူး။ သူ့အကျင့်ကိုက အဲ့လို။ ဘိုးတော် ဘေးနားမှာ စံဇာဏီဘိုရဲ့ တနှစ်စာဟောစာတမ်းရှိတယ်။ ဒီကောင်က ကောင်ကိုင်ပြီး ဒီနေ့၊ ဒီရက်မှာ မွေးတဲ့သူတွေက ဘာဖြစ်တယ်၊ ညာဖြစ်တယ် လုပ်ရော။ အဲ့ဒီမှာ ဘိုးတော်က စိတ်ဝင်စားသွားတယ်။

“အဘက စာမတတ်ဘူးကွ။ ဒါပေမယ့် သိချင်လို့ ဝယ်ထားတာ။ ငါတူရောက်လာတာနဲ့ အတော်ပဲ။ ဖတ်ပြစမ်းပါဦးကွ” ဆိုပြီး တောင်းဆိုတယ်။

ဒီကောင်လည်း ခပ်တည်တည်နဲ့ ဖတ်ပြရော။ ဒီအပတ်ထဲမှာ ကံကောင်းဖို့က ဘာအရောင်တွေ ဆောင်/ရှောင်ပေါ့။ ဘာယတြာတွေလုပ်ပေါ့။ ဘိုးတော်က သေချာနားထောင်လိုက် စဉ်းစားလိုက် လုပ်နေတယ်။ အရှေ့တောင်အရပ်က လာတဲ့သူတွေနဲ့ လက်တွဲအလုပ်လုပ်ရင် အောင်မြင်မှုရမယ်။ သောကြာသားသမီးတွေနဲ့ ပူးပေါင်းလုပ်ကိုင်ရင် အဆင်ပြေမယ်။ ကြာသပတေး သားသမီးတွေကိုတော့ ရှောင်ရမယ်။ တနင်္လာ သားသမီးတွေကတော့ အသင့်အတင့်ပဲဆိုပြီး နားလိုက်တယ်။ ဘိုးတော်က နားထောင်ပြီးတော့ ဒီကောင့်ကို ကျေးဇူးတင်စကားပြောပြီး ပြန်လွှတ်လိုက် တယ်။

ခဏနေတော့ ဘိုးတော်က ဗိုလ်လေးတယောက်ကို လှမ်းခေါ်လိုက်ပြီး ကရင်လိုပြောတယ်။ ဗိုလ်လေးက သေချာနားထောင်တယ်။ ပြီးတော့ ကျနော့်ဆီရောက်လာပြီး မေးရော။ “ဘာနေ့သားလဲ” တဲ့။ ကျနော်ကလည်း “ကြာသပတေး ခင်ဗျ” လို့ ပြန်ဖြေတယ်။ ဗိုလ်လေးက ဆက်တိုက်မေးသွားတယ်။

“ဘာနေ့သားလဲ” “ကြာသပတေးခင်ဗျာ” “ဘာနေ့သားလဲ” “ကြာသပတေးခင်ဗျ” “ဘာနေ့သားလဲ ကြာသပတေးခင်ဗျ”

ကျနော်တို့အဖွဲ့က ဆယ်ယောက်ကျော်လောက်ရှိတာ။ ၇ ယောက်လောက်က ကြာသပတေးတွေ ဖြစ်နေတယ်။ ဗိုလ် လေးက ဘိုးတော်ကို ပြန်ပြောပြတယ်။ ဘိုးတော်က မျက်နှာ သိပ်မကောင်းဘူး။ နောက် ကျနော့်ကို လှမ်းမေးတယ်။

“မင်းဘက်ကလာလဲ” “ရန်ကုန်က ခင်ဗျ” “မင်းရော” “ရန်ကုန်ကပါပဲ ခင်ဗျ” “မင်းရော ရန်ကုန်ကပါ အဘ” ... ဆိုတော့ သူနည်းနည်းတွေသွားတယ်။

“ရန်ကုန်ဆိုတော့ အရှေ့တောင်အရပ်ပေါ့။ အင်း မင်းတို့နဲ့ လက်တွဲလုပ်တာတော့ မဆိုးပါဘူး။ ဒီနေ့အဆင်ပြေသားပဲ”

ဒါပေမယ့် ဘိုးတော်က သိပ်မကျေနပ်သေးပုံနဲ့ မျက်နှာက သိပ်မလန်းဘူး။ ဒီတော့ ဘေးနားက ဗိုလ်လေးက ကပျာကယာ နှစ်သိမ့်တယ်။

“ဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့ ဆရာကြီးရယ်၊ သောကြာလည်း ၂ ယောက်ပါပါသေးတယ်” ဆိုမှ ဘိုးတော် မျက်နှာ ပြန်လန်းသွားတော့တယ်။

နောက်နေ့ နေရာအသစ်တခုမှာ သွားအထိုင်ချကြတယ်။ မနက် သွားချောင်းပစ်တော့ ရန်သူကားတောင် မလာသေးဘူး ၁၂၀ ကြီးပဲ ၉ လုံးထုလိုက်တာ နားတွေအူပြီး ပြန်ပြေးလာကြရတယ်။ ဗိုလ်လေးဆို ပြေးရတာ သူ့ပစ္စတိုတောင် ပြုတ်ကျကျန်ခဲ့တဲ့ အထိ။ ညအပြန်ကျတော့ စခန်းက ရန်သူတက်သိမ်းပြီး မီးရှို့သွားပြီ။ စခန်းကို ရှေ့ပွိုင့်သမားတွေရောက်တော့ ဘေးကတုတ်မြောင်းထဲကနေ BGF ချောင်းပစ်တာ ပွိုင့်က ဝါရင့်စစ်သားတွေမို့ မထိဘဲ ဟိုဘက်ကပဲ နှစ်ကောင်ကျသွားရှာတယ်။

ညတွင်းချင်းကို နေရာတခု အမြန်လိုက်ရှာကြရတယ်။ ခြေထောက်တွေဆိုတာ တနေကုန်မနားဘဲ လျှောက်ရလို့ ရေနူးပြီး အက်ကွဲကုန်တာပဲ။ အဲ့ဒီနေ့က ကျနော်တို့ဆရာနဲ့တွေ့တော့ ဝမ်းသာအားရ နူတ်ဆက်တဲ့ ဗိုလ်လေးရဲ့ စကားကို ကျနော် မမေ့ဘူး။ “ကံကောင်းလို့ဗျာ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ကျနော်တို့ ပြန်တွေ့ကြရတာ” တဲ့။

ဟုတ်တယ်။ ကျနော်တို့ ကံကောင်းခဲ့ကြလို့ အခုထိ အသက်ရှင်နေတုန်းပဲပေါ့။ အခုတော့ ဘိုးတော်မရှိတော့ဘူး။ ဆုံးရှာပါပြီ။ ဦးနှောက်သွေးကြော ပြတ်သွားတယ်လို့ ကြားတာပဲ။ ရန်ကုန်က ကရင်ပြည်နယ်ရဲ့ အနောက်မြောက်အရပ် ဆိုတာလည်း ဘိုးတော် သိသွားပုံမရသလို ကျည်ထွက်တဲ့ကောင်ကလည်း ရန်ကုန်ကဆိုတာ သိပုံမရလိုက်ပါဘူး။ ဘိုးတော်သိခဲ့ရင်တော့ အဲ့ဒါ ရန်ကုန်က မင်းတို့ ကြာသပတေးသားတွေကြောင့်ကွလို့ ပြောမလား မသိပါဘူး။ နောက်တနှစ်အတွက်လည်း စံဇာဏီဘို တအုပ် ထပ်မှာရင် မှာနေဦးမှာ။
.
.
.
#ထောင်စန်း
#TheCall
#ခေါ်သံ

2 days, 3 hours ago

"ရန်ကုန်က ကြာသပတေးသားတွေ"

◼️ထောင်စန်း

စစ်သားနဲ့ ဗေဒင်၊ နက္ခတ်၊ ဘာသာတရားဆိုတာ ခွဲပြောလို့မရဘူး။ လက်ဦးက ပေါင်မှာနေသလို ဆိုတာမျိုး။ စစ်ကောင်စီဘက်က စစ်သားတွေလည်း ဗေဒင်၊ နက္ခတ်၊ ဘာသာရေးဆိုတာကို တော်တော်ယုံသလို ကျနော်တို့ဘက်က ဝါရင့် တော်လှန်ရေးသမားကြီးတွေလည်း ယုံတာပဲ။ ဘယ်သူ ပိုယုံလဲဆိုတော့ မပြောတတ်ဘူး။ နှစ်က်စစ်သားတွေ အဆောင်တွေ ထုတ်ပြိုင်ခိုင်းရင်တော့ သိလောက်တယ်။ ဒါပေမယ့် ဟာသတော့ သွားလုပ်လို့မရဘူး။ အသက်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆိုတာ အပိုမှမပါဘဲ။

နိုင်ငံခြားကာတွန်းတခုထဲကလို၊ အာဖဂန်နစ္စတန်မှာ အသေခံဗုံးခွဲခြင်း သင်တန်းပေးတယ်။ မလေ့ကျင့်ခင် တကိုယ် လုံး ဗုံးတွေဆင်ထားတဲ့ ကျောင်းသားတွေကို ဆရာက သေချာမှာတယ်။

“သေချာလုပ်နော်။ တခါပဲ အခွင့်အရေးရမယ်”

အဲ့လိုမျိုးပေါ့။ စစ်သားတွေလည်း အဲ့ဒီတခါကို အသက်ရှင်အောင် လုပ်နိုင်သမျှ အကုန်လုပ်ကြပုံပါပဲ။

ကျနော့်ရဲ့ ပထမဆုံးတိုက်ပွဲက ရန်သူ့ကားတန်းကို ပြောက်ကျားပစ်ရတာ။ နေရာအခက်အခဲရှိလို့ ရှေ့နောက် နေရာယူရတယ်။ ဒါပေမယ့် အနောက်က အမြင့်။ အရှေ့က အနိမ့်ပါ။ သို့ပေမယ့် ကျနော့်ရှေ့က စိတ်မှူးကတော့ တော်တော် ထိတ်လန့်နေပုံရှိတယ်။ ကျနော့်ကို ခဏခဏ လှည့်ကြည့်တယ်။ တခါလှည့်ကြည့်ရင် “ညီလေး အရှေ့မှာ ကိုယ်ရှိတယ်နော်” လို့ ပြောတယ်။

ကျနော်ကလည်း "ဟုတ်ကဲ့ အကိုကြီး" လို့ ပြန်ဖြေတယ်။ မကြာဘူး သူလှည့်ပြီး ထပ်ပြောပြန်တယ်။
“ညီလေး သေချာလုပ်နော် ရှေ့မှာ ကိုယ်ရှိတယ်”

ကျနော်ကလည်း ခပ်တည်တည်နဲ့ “ဟုတ်ကဲ့ အကိုကြီး” ပဲ ပြန်ဖြေတယ်။ လှည့်ကြည့်တိုင်း သူပြောတယ်။ နောက် တော့ သူ ဘာကိုကြောက်နေသလဲဆိုတာ ကျနော်ရိပ်မိလာတယ်။ ဘယ်ဆိုးလို့လဲ။ စကစက ငပွေးလို့ခေါ်တဲ့ ဘဲကြီးတွေတောင် ကျနော့်ကို ကြောက်နေပြီ။ ဒါတောင် ဘာမှ မလုပ်ပြရသေးဘူး။ ကျနော်ကလည်း သေနတ်ကို မြှောက် လိုက်၊ ပြန်ချလိုက်၊ ချိန်လိုက် သေချာလုပ်နေတာ။ ကားလာတော့မယ်ဆိုတဲ့အချိန်မှာ စိတ်မှူးက ကျနော့်ရဲ့ သေနတ် ကိုင်တဲ့ စကေးနဲ့ အားထုတ်မှုကို ယုံသွားပုံရတယ်။ နေရာပြောင်းသွားတယ်။ ကျနော့်အတွက်က ကောင်းတာပေါ့။ မြင်ကွင်းရှင်းသွားတယ်။ လာစမ်း၊ ရုပ်ရှင်ထဲကလို နံရံမှာ အပေါက်တွေစီသွားအောင် ပစ်ပြမယ်။

တကယ် ကားတန်းလာတဲ့အခါကျ ထင်သလိုမဟုတ်ဘူး။ ရှေ့က သေနတ်ပေါက်သွားတာနဲ့ ဒရိုင်ဘာတွေက ဂျိမ်းစ်ဘွန်းလိုပဲ မောင်းပြေးတာ။ ရပ်ကွက်ထဲက ပဲပြုတ်သည်တွေလိုပဲ။ ဝူးဆိုတဲ့အချိန်မှာ ကားကမရှိတော့ဘူး။ အထဲက လူမပြောနဲ့ ကားတောင်ထိအောင် မနည်းလိုက်ပစ်ရတယ်။ ဒါပေမယ့် ကျနော်တို့က အောင်မြင်တယ်လို့ သတ်မှတ်ပါတယ်။ ကျနော်တို့ဘက်က အထိအခိုက် အကျအဆုံး မရှိ။ ရန်သူကားနောက်ထဲကိုတော့ 79 ၃ လုံး ပစ်ထည့်လိုက်နိုင်တယ်။ ဒါပေမယ့် ၂ လုံးကတော့ မပေါက်ဘူး။ မပေါက်တာလည်း ပြဿနာမရှိဘူး။ အဲ့တုန်းက ကျနော်တို့က မပေါက်တဲ့ အလုံးတွေပဲပစ်နေတာ။ ပေါက်သွားတဲ့အလုံးကသာ ထူးဆန်းနေတာ။

ပွဲပြီးတော့ ပြန်ဆုတ်ပြီး နေ့လည် ထမင်းစားနားတယ်။ ထမင်းစားရင်း တပ်ကြပ်ကြီးက နေကိုကြည့်တယ်။ “စောသေးတယ်ကွ၊ နောက်တပွဲလောက် သွားပစ်ရအောင်” ဆိုပြီး ထမင်းမြန်မြန်စားခိုင်းတယ်။ သြော် သူတို့ စစ်တိုက်တာလည်း ဘောလုံးကန်သလိုပါပဲလားဟလို့ ကျနော်တော့ တွေးမိတာပဲ။ သတင်းကတော့ အတိအကျရတယ်။ ကားသုံးစီး ဆင်းလာမယ်။ လူက ဘယ်နှစ်ယောက်။ ဘယ်ကားက ရိက္ခာကားပေါ့။ ဒါနဲ့ ပစ်မယ့်နေရာကို သွားကြတယ်။ ပစ်မယ့်နေရာကို ရောက်ပြီ။ ကားသံလည်း ကြားနေရပြီ။ အဲ့ဒီအချိန်မှာ ကျနော့်သူငယ်ချင်းတကောင်က ခြံစည်းရိုးဖြတ်ရင်း ကျည်ထွက်သွားတယ်။ စကစ ကားတန်းကြီးကလည်း ဖြတ်နေပြီ။ မြင်နေရတယ်။ တပ်ကြပ်ကြီးက ချက်ခြင်း ပြန်ဆုတ်ခိုင်းတယ်။ လက်နက်ကြီးတွေ ရောက်လာမှာစိုးလို့။ တကယ်က ခြံစည်းရိုးမှာက အပေါက်ရှိတယ်။ ဘေးနားမှာပဲ။ သူများတွေက အပေါက်က ဖြတ်နေကြတာ။ ကျနော်တို့ သူငယ်ချင်းတစုပဲ လောလောနဲ့ အဲ့ခြံစည်းရိုးကြီးကို အတင်းငုံ့ထွက်နေကြတာ။

ကျည်ထွက်သွားတဲ့ ကျနော့်သူငယ်ချင်းကတော့ တော်တော် စိတ်မကောင်းဖြစ်သွားတာပေါ့။ ကောင်းတာတခုက အဲ့ဒါကို ဘယ်သူမှ အပြစ်မပြောကြဘူး။ ဒိုက်ပဲထိုးခိုင်းတယ်။ ခဏနားတဲ့ နေရာတခုရောက်တော့ ဘိုးတော်ကြီး တယောက် ရောက်လာတယ်။ သူက အေးဆေးပဲ။ “ဖြစ်နေကျပဲကွာ။ ငါတို့လည်း ခဏခဏဖြစ်တာပဲ။ စိတ်ထဲမထားပါနဲ့” လို့ပြောတယ်။ သူက ဘာရာထူးလဲတော့ မသိဘူး။ အားလုံးက သူ့ကို လေးလေးစားစား ဆက်ဆံကြတာတော့ သိတယ်။

ညရောက်တော့ အဲ့ဘိုးတော်ကြီးခြံမှာ သွားအိပ်ရတယ်။ ဘိုးတော်က ဝဝ၊ အကောင်ကြီးကြီး။ ဘယ်လောက်အေးအေး အင်္ကျီမဝတ်ဘူး။ ကျနော်ကတော့ အရမ်းအေးရင် အင်္ကျီဝတ်ဖို့၊ လေဖြတ်၊ သွေးတိုး ဘာညာ သိသလောက် ဖောတော့ “အေးကွာ ... ငါက စောင်တွေ၊ ခြင်ထောင်တွေနဲ့ဆို မအိပ်တတ်ဘူး။ အသက်ရှုကြပ်တယ်ဟ” တဲ့။

အားလုံးနေရာချလိုက်တော့ ကျနော်က သူ့နားမှာ ပုခက်ချည်ပြီး အိပ်ရတယ်။ သူက ဖော်ဖော်ရွေရွေပဲ။ စားစရာရှိတာ ဝင်စားဖို့၊ အားမနာဖို့၊ လွတ်လွတ်လပ်လပ်နေဖို့ ပြောတယ်။ ကျနော်တို့ကိုကြည့်ပြီး -
“ငါတို့တုန်းကဆို အပေါ်က လမ်းကြောင်းရှိတယ်။ မပစ်ရဘူးဆိုလည်း တိုင်းမှူးကားကို သုံးကောင်ထဲ သွားပစ်တာပဲ။ ပျော်စရာကြီးဟ” ဆိုပြီး ပြောပြတယ်။

3 days, 4 hours ago

‘ရခဲလှတဲ့လူ့ဘဝ’

◼️ခွန်းနီ

လူ့ဘဝဆိုတာရခဲတယ်ငါ့မြေးရဲ့
အဖွားရဲ့လက်သုံးစကားပဲ...
ငယ်ငယ်တုံးကအမြဲနားယဥ်တဲ့စကား
အခုရက်ပိုင်းတွေအဖွားကိုသတိရတယ်
ဟုတ်ပါတယ်ကျွန်တော်မေ့နေလို့ပါ
အဖွားမရှိတော့တာနှစ်ပေါင်းမနည်းတော့
အဖွားအဆုံးအမတွေနားထဲပြန်ပြန်ကြားနေရတယ်
လူ့ပြည်ကအပ်တစ်စင်းနဲ့မိုးပေါ်ကအပ်တစ်စင်း
ဒီအပ်နှစ်စင်းအပ်ဖျားချင်းထိမှ
လူ့ဘဝဆိုတာရတတ်တာတဲ့
အတော်ခက်တဲ့ကိစ္စပဲပေါ့...
အခုချိန်မှာအဖွားနဲ့ဒီအကြောင်းဆွေးနွေးချင်တယ်
အဖွားစကားကိုငြင်းချက်ထုတ်ချင်တယ်
တချို့တချို့များတော့လူ့အသက်တွေ
လူ့ဘဝတွေ၊လူ့အိမ်မက်တွေကို
ကြက်ကလေး၊ငှက်ကလေးများလို
သတ်လိုက်ဖြတ်လိုက်နဲ့အဖွားရေ
လွယ်လင့်တကူပါပဲလား....
အဖွားမလွယ်တဲ့ကိစ္စကိုသူတို့ဟာ
လွယ်လွယ်လေးနဲ့ဖျတ်စီးနေကြတယ်
ကဲ...အဖွားဘာပြောမလဲ...
အဖွားရှိရင်လဲဘာမှပြောနိူင်မှာမဟုတ်ဘူး
အဖွားတို့ခေတ်ကခေတ်ပျက်ကြီး
ငါမြေးတို့ခေတ်ကောင်းကြီးကြုံရတာ
ကံသိပ်ကောင်းတယ်ဆိုတဲ့အဖွား
အခုများတော့အဖွားတို့ခေတ်ပျက်ကြီးကို
ကျွန်တော်အလည်ရောက်နေတယ်
အဖွားရှိမလားရှာပါသေးတယ်
အဖွားမရှိပေမဲ့အဖွားသိခဲ့သလို
ကျွန်တော်သိလာရတယ်....
အဖွားမသိတာတစ်ခုကအဖွားခေါင်းချခဲ့တဲ့
အညာဟာအဖွားကိုညာနေခဲ့တာပဲ
ကျွန်တော့်ကိုလဲညာသွားတယ်
တမာရနံ့တွေသင်းရင်ပြန်လာမယ်ပြောပြီး
ယမ်းခိုးယမ်းငွေ့တွေနဲ့မီးလောင်ပြင်တွေကို
အထိတ်တလန့်နဲ့ဖြတ်ပြေးပြီး
အညာဟာအားလုံးကိုညာသွားတယ်
အဖွားဟာအညာသူအစစ်ဆိုတာယုံပါတယ်
ရိုးတယ်၊ရှင်းတယ်၊ဘွင်းဘွင်းကြီး
အဖွားချစ်တဲ့အညာဟာအခုတော့ခေတ်မှီလာပြီ
ခေတ်ပျက်ကြီးနဲ့ခေတ်ကျပ်ကြီးထဲ
တစ်လှည့်စီခိုဝင်ရင်းမျက်နှာများတတ်လာပြီ
လူမည်ကာမည်ယုံပဲရှိတဲ့ကောင်တွေ
အညာမှာခြေရှုပ်နေတာအဖွားသိလား
မိုးဦးကျချိန်ဆိုတော့ထယ်ထိုးနေရမှာ
အခုများတော့စစ်ကြောင်းတွေထိုးလို့
အလှူအတန်းဆိုရင်အညာဟာမီးခိုးတိတ်ပဲဆို
အခုများတော့မီးခိုးလုံးတွေနဲ့မိုးလုံးမှိုင်းလို့
ဗျောသံတွေအစားဗုံးသံတွေနဲ့အဖွားရေ
အဖွားတို့ခေတ်ကကျွဲညီနောင်ဆိုးတယ်ဆိုတာ
ဟုတ်လောက်မယ်...
ကျွန်တော်တို့ခေတ်မှာဒီခွေးတစ်ကောင်နဲ့ကို
တိုင်းပြည်ဟာအလုပ်ရှုပ်နေရတယ်...
မီးရှို့ခံရလို့ရွာတွေ၊အိမ်တွေဟာပြာအတိနဲ့
အပ်တိုတစ်ချောင်းတောင်မကျန်ရှာဘူး
မိုးပေါ်ကအပ်တစ်စင်းကျလာရင်တောင်
မြေပြင်ကအပ်ဟာအရည်ပျော်နေလို့
အပ်ဖျားချင်းထိစရာမရှိတော့ဘူး
အဖွားဆုတောင်းတဲ့ခေတ်ကောင်းကြီးမှာ
ဒီတိရစ္ဆာန်တွေမပါဖို့မျှော်လင့်ပါတယ်
အဖွားကိုလဲသတိရတယ်...
မီးခိုးညော်နံ့တွေနဲ့အညာကိုလဲလွမ်းပါတယ်...။
.
.
.
#ခွန်းနီ
#TheCall
#ခေါ်သံ

1 week, 3 days ago

အောက်တိုဘာ ၁၀၊ ၂၀၂၄

မှတ်ချက် - နန်းမြသင်း၏ သမီးနဲ့ခင်ပွန်းနေရာကို ဆင်လက်ဖော်ပြပါမည်။
.
.
.
#မောင်သုည(ရှပ်ပုံသားလေး)
#TheCall
#ခေါ်သံ

1 week, 3 days ago

သည်နိုင်ငံတွင် ငြိမ်းချမ်းရေးအတွက်သာ မည်သူမျှ လက်ကျောမတင်း။ သူ့တို့ဘဝလေးကွက်ပြီး တကိုယ်စား ကောင်းစားဖို့ စီးပွားရေးဈေးကွက်ကို သေနတ်ပြောင်းဝက ဤသို့ဤပုံ ထုတ်လုပ်ရမည်ကိုတော့ သူတို့ ကောင်းကောင်းသိပုံရသည်။

သေနတ်ပြောင်းဝကထွက်သော ကုန်ဈေးနှုန်းကိုလည်း အသက်နှင့်ဘဝ လဲထပ်၍ ဝယ်ယူစားသုံးနေရသည်ကို မျက်ကွယ်ပြုထားသော မင်းဆိုးမင်းညစ်များနှင့်လည်း သံသရာဆက်ဆက် ဝေးရပါလို၏။

သူ ဘာလုပ်သင့်သနည်း။ တောကိုကိုးကွယ်ပြီး တောင်ကို ဘုရားသဖွယ် ယုံကြည်ရုံမှတပါး သူ ဘာမျှ မလုပ်နိုင်တော့ပြီလော။ ဘယ်သူမှလည်း ဤကြမ္မာဆိုးကို ပြောင်းလဲယူ၍ မစွမ်းသာတော့ပြီလော။ စစ်မှန်သော ငြိမ်းချမ်းရေးကို သူလိုချင်ပါသည်။ စစ်မှန်သော လွတ်မြောက်ခြင်းကို သူခုန်မင်ပါသည်။ စစ်မှန်သော တရားစစ်စစ်ကို သူမြတ်နိုးပါသည်။

သူ့တို့အတ္တများကြောင့် ဘာမျှ မသိနားမလည်သည့် လူမမည်လေးများလည်း ကြွေလွင့်ခြင်းမှ လွတ်မြောက်စေလို၏။ ခေါင်းတလားရိုက်နေသော ချိုးဖြူငှက်တို့လည်း ငြိမ်းချမ်းသာယာသောဘဝနှင့် မြင်ချင်ပါ၏။ ထိုက်တန်ပါ၏။ နတ်ကောင်းနတ်မြတ်များ ဤ ပစ္စန္တရစ်လောကအား စောင့်ရှောက်တော်မူပါ။ သူ့အတွေးတို့က ငြိမ်းချမ်းရေးကို ဆာလောင်နေတော့သည်။

နောက်ထပ် သူ့လို အသိုက်အမြုံကလေးများ ထပ်မမြင်လိုတော့ပါ။ နောက်မျိုးဆက်များကို ငြိမ်းချမ်းသော အဆင့်မြင့်သော နိုင်ငံသားများအဖြစ် သူမြင်လိုပါသည်။

(၃)
တနေ့က အလှူရှင်တယောက်က အသားလှူဒါန်းလိုက်သည်တဲ့။ သူတို့ ဒုက္ခသည်စခန်းကို ဝက်သုံးကောင် ကြိုးဖြင့်ချည်နှောင်ကာ သယ်ယူလာသည်။ သူနှင့် တရွာတည်း မီးဝင်မီးထွက်ကြီးပြင်းခဲ့သူ မကြည်ပြာက သူ့ကိုလာခေါ်၏။

”နန်းမြသင်း ဝက်လုပ်နေပြီ။ လာသွားကြည့်ရအောင်။ တော်ကြာ ဝေစု ငါတို့မရဘဲ နေလိမ့်မယ်”

ခင်ပွန်းနှင့်သမီးလေးကို မတွေ့ရသေးသည့် စိတ်ဝေဒနာက သူ့ကို နေ့ရက်တိုင်း နှိပ်စက်နေသော်လည်း မကြည်ပြာ ခေါ်သည်ကိုလည်း သူငြင်း၍မသာ။ ဒါလေးမှ သွားမယူနိုင်လျှင် ယနေ့ ထမင်းငတ်မည်။ လူအများကတော့ ဝက်သားစားရတော့မည်ကို နတ်သုဒ္ဓါဟင်းပွဲ စားရမည်ကဲ့သို့ ဝမ်းသာနေကြ၏။ လူတချို့ကတော့ ဝက်သတ်ရန် ဝက်ကို ချည်နှောင်ပြီး ပျော်ရွှင်နေသည်။ ဝက်များမှာမူ အော်ဟစ်၍ လွတ်မြောက်ရန် ရုန်းကန်ကြိုးစားနေသည်။ သူ ထိုဝက် ကိုကြည့်ရင်း တွေးမိ၏။

”သတ္တဝါတိုင်း သတ္တဝါတိုင်းက ငြိမ်းချမ်းတဲ့ဘဝနဲ့ ထိုက်တန်ပါတယ် လောကကြီးရယ်”

(၄)
နေ့၊ ရက်၊ လ ကြာလာသည်အထိ မနက်ဖြန်၏ မျှော်လင့်ချက်က သူ့ဆုတောင်းများကို ဖြည့်ဆည်းပေးနိုင်ရန် မစွမ်းသာသေး။ စစ်ဘေးမှ ရေဘေး တစတစ ဒုက္ခသည်များ တိုးလာသည်နှင့်တပြိုင်နက် ကာလဝမ်းရောဂါ၊ ငှက်ဖျားဒုက္ခတို့ကိုလည်း ခါးစည်းခံရပြန်သည်။

သူနှင့် ရွာက အတူပြေးလာသော ဒေါ်လုံးမေတို့၊ ဘိုးရွှေမြတို့၊ နောက် ကလေးလူငယ်တချို့သည် ငှက်ဖျားနှင့်ဝမ်းရောဂါတို့ကြောင့် စစ်ဘေးဒုက္ခသည်စခန်းမှာပင် ဆုံးပါးသွားကြလေပြီ။ သူလည်း ရွာကိုပြန်နိုင်ပါ့မလားဟု တွေးမိ၏။ ခင်ပွန်းနှင့်သမီးလေးလည်း သေသလား ရှင်သလား မည်သူမှ အတည်မပြုနိုင်ခဲ့။

ဤပြည်တွင်းစစ်သည် ဘယ်တော့ ငြိမ်းချမ်းနိုင်မည်နည်း။ သည်တော သည်တောင်မှာ သူတို့ ဤဒုက္ခကို ဘယ်လောက် ဆက်ခံနေရဦးမည်နည်း။ သည်မြေ၌ သေပွဲဝင်ပေးခြင်းမှတပါး တခြား ဘာမျှ မရှိတော့ပြီလော။

တခါခါ သူ့ကိုယ်သူ သတ်သေလိုက်ချင်သည်။ သို့သော် အဆက်အသွယ်မရသေးသော ခင်ပွန်းနှင့်သမီးလေးကို ရှာမတွေ့သေး၍ အသေမဖြောင့်။ သို့ပေမယ့်လည်း သည်ကာလ သည်အခြေအနေတွင် သူ့ဘဝကံကြမ္မာကိုတော့ သူအဆိုးဆုံးကို ကြိုတွေးထားနှင့်ပြီသား။

”ဘယ်များ ပေါက်ရောက်နေလေသလဲ ကိုခင်စိုးရယ်။ သမီးလေးရော ဘေးကင်းပါရဲ့လား”

မျက်ရည်တို့က နေ့နေ့ညည သူ့ကို နှိပ်စက်နေလေ၏။

(၅)
”ဝုန်း ... ဝုန်း ...”

ပေါက်ကွဲသံနှင့်အတူ သူလည်း ရီဝေထိုင်းမှိုင်းစွာ လဲကျသွားသည်။ ဒါသည် သေမင်း၏ ဆက်ခေါ်စာမှန်း သူသိ၏။ သိသော်လည်း သူ ဘာမျှ မတတ်နိုင်တော့။ မြင်မြင်သမျှ မြင်ကွင်းတို့သည် အမှောင်တို့ကြီးစိုးကာ ယမ်းငွေ့တို့က ဟိုးအဝေးသို့ ဆွတ်ပျံနေ၏။

ထို့နောက် သူ မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်မိသည်။ ပတ်ဝန်းကျင်ကို ဇေဝေဇဝါမြင်ရ၏။ ဘာကိုမျှ ပီပြင်စွာ မမြင် တွေ့ရ။ သူ့ခန္ဓာတခုလုံးလည်း ထုံကျင်စွာ ဝေဒနာတို့က တဆတ်ဆတ်နာကျင်ကာ ခံစားနေရသည်။

တပတ်ခန့်ကြာသော် မျက်လုံးကို ဖြည်းဖြည်းဖွင့်ကြည့်သည်။ သူ ပီပြင်စွာ မြင်လိုက်ရသည်မှာ ထန်းလက်ခေါင်မိုး ဝါရင့်ရင့်တို့ဖြစ်သည်။ သူရှိနေသည့် ပတ်ဝန်းကျင်တွင်လည်း လူတချို့က ပြာယာခတ် အလုပ်ရှုပ်နေသည်ကို တွေ့ရ၏။ အော်ငြီးသံတို့လည်း သူနားထဲ ပဲ့တင်ထပ် ကြားရသည်။

သည်နေရာ ဘယ်နေရာမှန်း သူမသိ။ သူ ဘယ်ရောက်နေမှန်းလည်း သူမသိ။ သူ ထထိုင်ရန် ကြိုးစားကြည့်သော်လည်း မထနိုင်သေး။ သူဘာဖြစ်သွားသနည်း။ သူ့ကိုယ်သူကြည့်မိတော့မှ သူ အံ့သြ မင်သက်သွားရသည်။ မျက်ရည်တို့လည်း ပါးပြင်ထက် လူးလှိမ့်ဆင်းလာသည်။

ယခုချိန်မှတော့ ကြုံသမျှဘေး ပြေးတွေ့ရန်သာ ရှိပေတော့သည်။ ထိုဘေးဒုက္ခမှ လွတ်မြောက်ရန် သူ ဝေးထက်မက ဝေးသော တောင်စွယ်အသွယ်သွယ်၊ တောအထပ်ထပ် ပြေးခဲ့ပြီးပြီးဖြစ်သည်။ နောက်ထပ် ပြေးစရာမြေမရှိသလို ပြေးဖို့လည်း ညာခြေတဘက် မရှိတော့ပါ။

သူ့အိပ်ယာခေါင်းရင်းမှာတော့ လက်နက်ကြီးကျည်ဖင်ထဲမှာ သစ္စာပန်းနှင့် သပြေခက်က ကြွေချို့ ဝေတချို့ ရှိနေတော့သည်လေ။ ။

1 week, 3 days ago

"စစ်ဘေးဒုက္ခသည်"

◼️မောင်သုည (ရှပ်ပုံသားလေး)

(၁)
စစ်သည် စစ်ပီသပါပေ၏။ ထို့ကြောင့် ဘယ်ဘုရားမှ အသက်ပိုမပေးသော သတိတရားသည် သူ့ရင်ထဲ ကိန်းဝပ်လျက် ရှိသည်။ သူ့ရှေ့၌ အသက်နှင့်ခန္ဓာ အိုးစားကွဲသွားရသည့် ရွာသားများကိုလည်း အကြိမ်ကြိမ်အဖန်ဖန် သူတွေ့မြင်ခဲ့ဖူးသည်။ အသက်ရူနေသူများကို ကြည့်ပြန်သော်လည်း ခေါင်းမလှုပ်သာ ခြေမလှုပ်သာနှင့် ကျောပြင်က ခြင်းတောင်းထဲတွင် အိုး၊ ခွက်၊ ပန်းကန်၊ ကလေးနှီးအပြည့်။

ပုခုံးတွင် စလွယ်သိုင်းလွယ်ထားသော ကလေးမှာမူ နို့မဝ၊ ရေမဝနှင့် အမေတယောက်၏ မျက်ဝန်းတစုံကို ဆွဲငင်နေသည်။ လက်တွင် ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပြေးလိုက်လာသော သားတယောက်က ကျောင်းမတက်ရ။ ပညာဆိုတာ ဂျို (ချို) နှင့်လားဟု မမေးရုံတမည်၊ ကပြာကယာ ခူးခပ်ထည့်လာသော ထမင်းကြမ်းခဲကို အငိုမျက်ဝန်းနှင့် မြိုချနေရှာ၏။

ရွာက ဘိုးရွှေမြဆိုသူကတော့ အပျိုပေါက်မလေးနှစ်ယောက်ကို ဘုရားတ၍ အော်ရှာရင်း သောကမီးတောက်လောင်နေသည်။ နင်းနေကြ ခြေဖဝါးပင် ဆူးငြောင့်ခလုတ်ကန်သင်းတိုက်၍ သွေးခြေဥသော်ငြားလည်း သတိမမူနိုင်ခဲ့။

ဤမြေ၊ ဤတော၊ ဤရေ၊ တောင်စွယ်ချောင်းများသည် မျက်ရည်များ စီးကျနေသယောင် သူ ခံစားကြေကွဲနေမိသည်။ ယခုတော့ တောတောင်တန်းအထပ်ထပ်တို့သည် သူ့တို့အတွက် အမှန်စင်စစ် ကိုးကွယ်အားထားစရာ ဖြစ်လာလေပြီ။

သူအတွေး၌ ဘယ်မြေကိုနင်းနင်း သူနင်းမိသော မြေမှန်သမျှသည် နားထဲ အသုဘသီချင်းသံက ပဲ့တင်ထပ်နေသယောင် ထင်နေမိ၏။ ဒုက္ခသည်ဟူသည် ဤသို့ဤပုံလော။ တိုးတက်ပြောင်းလဲနေသည့် ခေတ်စနစ်၌ သည်ဒုက္ခမျိုး သူ မကြုံဖူး၊ ကြုံတော့လည်း ထူးလို့။ စစ်မီးသည် နေရာအနှံ့ လောင်မြိုက်နေသည်။ ရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ၊ သူတို့ရွာ မီးလောင် ... အော်ဟစ် ... တရွာလုံး တအိမ်မကျန် လောင်ကျွမ်းနေသောမီးများ သူ့မျက်စိထဲက မထွက်။

အမေရှိစဥ်တုန်းကတော့ အမေက -
"ပြည်တွင်းစစ်ရှည်ဆုံးက ဒီနိုင်ငံပဲ။ စစ်တွေ ဘယ်ချိန်ပြန်ဖြစ်လာမလဲဆိုတာ မသိနိုင်ဘူး။ မိုးကောင်းတုန်း ရေခံထား နန်းမြသင်းရဲ့” ဟု ဆို၍ သူက -

"တိုးတက်ပြောင်းလဲနေတဲ့ ဒီနေ့ခေတ်မှာ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး အမေ” ဟူသောစကားနှင့် ချေပဖူးသည်။ ယခုတော့ ဘယ်သူ့ကိုကြည့်ကြည့် မျက်ဝန်းများက သူသူငါငါ ဗျာပါရ တောက်လောင်နေသော အနိဋ္ဌာရုံတို့ နှလုံးသားထဲတွင် ကြီးစိုး၍နေတော့သည်။

ဤနိုင်ငံ၌ အသက်ရှင်ရသူများသည် သေသူပမာ ဖြစ်နေသည်ကား ငြင်းဖွယ်ရာမရှိတော့ချေပြီ။ သူ တွေးရင်းတွေးရင်း မှုန်ရီဝေဝါး ကောင်းကင်အောက်တွင် ပျံသန်းနေသော ငှက်တို့ကို မော့ကြည့်မိသည်။ ထို့နောက် မချိတင်ကဲ ခံစားရသော ဝေဒနာဆန်းတို့က မျက်ဝန်းအိမ်ထဲ မျက်ရည်တို့ ရစ်ဝဲ စုပြုံလာတော့သည်။

(၂)
ဟိုးရှေ့ မှိုင်းပျပျ ဝါးရိပ်အောက်မှာတော့ အရေးပေါ်ကျွေးရန် ဆန်ပြုတ် ပြုတ်ပြီး ဝေနေသည်။ ဆေးများလည်းပေးနေသည်။ သို့သော် လူအများက သူတို့မှာပါလာသော ပန်းကန်လုံးများဖြင့် ဆန်ပြုတ်ဝေနေသောနေရာသို့ အပြေးအလွှားသွားနေကြသည်။

သူကိုယ်၌မူ နင်းထားမိသောမြေပြင်မှ ခြေတို့ကို မကြွဝံ့တော့အလား တကိုယ်လုံး တုန်ချည့်၍နေသည်။ ခေါင်းကလည်း မူးမူးလာ၏။ မျက်စိက ရီပြာပြာဖြစ်နေ၍ သူအနားယူချင်နေသည်။

တောင်စွယ်မှာတော့ နေလုံးက မြုပ်တော့မည်။ မိုးချုပ်လျှင် မည်သို့နွေးထွေးမှုမျိုးနှင့် အိပ်စက်ရဦးမည်နည်း သူမသိ။ ကျောတပြားစာ လဲ​လျောင်းရန် နေရာတခုကို ရှာကြည့်သော်လည်း ဝါဆို ဝါခေါင် ရေဖောင်ဖောင်ဆိုသလို မြေပြင်တခုလုံးက မိုးစက်များနှင့် ပြန့်နှံ့စိုစွတ်နေတော့လေသည်။

"ဒုက္ခ ... ဒုက္ခ ... စစ်ဒုက္ခ”

သူ့တကိုယ်ကြားရွေရွတ်ရင်း မရောက်လာသေးသည့် မနက်ဖြန်တွင် ခင်ပွန်းနှင့်သမီးကို ပြန်တွေ့ရဖို့ ဆုတောင်းရင်း ခေါင်းမီးတောက်နေသည်။ ကွဲကွာပျက်စီးခဲ့ရသော ထိုထိုသော မိသားစုအားလုံးပင်လျှင် သူ့လို ဆုတောင်းနေကြလေသည်။ ငြိမ်းချမ်းရေးက သူတို့ကို ဘယ်နေရာက လက်ရမ်းခေါ်နေမည်နည်း။ ကယ်တင်ရှင်ဘုရားလည်း ဘယ်အရပ်၌ စံမြန်းနေသနည်း။ သူ၏ မျှော်လင့်ချက်က တောင်တန်းအထပ်ထပ် တောအထပ်ထပ်၌ ဒုက္ခများက ဆွဲငင်အားပြင်းစွာ ရှိနေသည်။

လူ့ပြည်သည် ငရဲပြည်နှင့် တသားတည်း ထပ်တူကျနေရော့သလား။ သူ ဘုရားတရားများ မေ့လျော့ခဲ့၍ ဤဒုက္ခသောကများနှင့် ကြုံနေရသည်လော။ သူ့အတွေးတို့ စိုးစဥ်းမရ။ ယခုချိန် နိဗ္ဗာန်ကို ရောက်ရပါလို၏ ဆုတောင်းထက် ဤ စစ်ကျွန်ဒုက္ခ၊ စစ်ဘေးဒုက္ခမှ အမြန်ဆုံး လွတ်မြောက်ရပါလို၏ ဟူသော ဆုကိုသာ မြန်မြန်ပြည့်ချင်သည်။

ညမှောင်သော် အရောင်ပျပျ ဖယောင်တိုင်းမီးများ ၊ မီးခိုးငွေ့များ ဘယ်ဝန်းကျင်ကိုမှ လင်းခွင့်မရှိ ဆွတ်ပျံခွင့်မရှိ။ ဤဘဝ၌ ရှင်သန်ခြင်းကို မျက်ကန်းတယောက်လိုပင် နေ့လည်း စမ်းတဝါးဝါး ညလည်းစမ်းတဝါးဝါး အသက်ရူနေခဲ့ရသည်။ သည်လိုဝဋ်ကြွေးမှ လွတ်မြောက်ဖို့ရာ ဘယ်ဘုရားများ စွမ်းနိုင်ပါမည်နည်း။ ဆုတောင်းပြည့် စေတီပုထိုးများလည်း အပိုင်းပိုင်းပြတ်၍နေလေပြီ။

တနေ့က သူ့အိပ်မက်ထဲတွင် နတ်ဆိုးသည် -

”မင်းတို့နိုင်ငံမှာ လူ့အသက်ဆိုတာ အလွယ်ရသော အရင်းအနှီးတခု။ မင်းတို့အသက်တွေကို ကုန်တိုက်တွေမှာ မတင်ရောင်းသေးတာ ကံကောင်းနေသေးတယ်” ဟု လာပြောနေသယောင်။

2 weeks, 1 day ago

အလွယ်ပြောရရင် ပုံစံ ၁ က ပြည်တွင်းပထဝီနိုင်ငံရေး၊ ပုံစံ ၂ က ပြည်တွင်းနဲ့ နိုင်ငံတကာစီးပွားရေး ရောယှက်လာတဲ့သဘောဖြစ်ပြီး ပုံစံ ၃ က ပြည်ပနိုင်ငံရေးနဲ့ သံခင်းတမန်ခင်းတွေပါ ကျယ်ပြန့်လာနိုင် (ချဲ့ရင် ချဲ့သလောက်ကျယ်လာနိုင်တာ) တာဖြစ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီပုံစံ ၃ မျိုးမှာ အီးအေအိုတွေကို ဘယ်လိုအထောက်အပံ့နဲ့ အကူအညီ ပေးနိုင်မလဲဆိုတဲ့ နိုင်ငံရေးရပ်တည်ချက် (နိုင်ငံခြားရေးပေါ်လစီရဲ့ အခြေခံကျတဲ့အချက်) ကို ပြတ်ပြတ် သားသား ချမှတ်ဆောင်ရွက်ဖို့ လိုနိုင်တာ တွေ့ရတယ်။

လတ်တလောဖြစ်နေတဲ့ စစ်ရေးနဲ့ နိုင်ငံရေး မိုးလေဝသ အခြေအနေတွေအရ ၂၀၂၅ အဝင်မှာ ရှမ်းမြောက်ငြိမ်ပြီး ၂၀၂၅ ထဲမှာ ရခိုင်နဲ့ ကချင်ဟာ ပထမ ၆ လနဲ့ ဒုတိယ ၆ လအတွင်း အသီးသီး အထိုင်ကျလာဖို့ရှိတယ်။ နပခအကျနဲ့ ဗန်းမော်တဝိုက်က အဆုံးအရှုံးတွေကို စကစ ခံနိုင်ရည်ရှိပြီး တရုတ်ကလည်း စိတ်ရှည်ပေးခဲ့မယ်ဆိုရင် နောက် ၆ လ ဟာ (၂၀၂၅ ဖေဖော်ဝါရီကနေ ဇူလိုင်) အခရာပါပဲ။ တရုတ်ဟာ အဲဒီအချိန်အထိ စကစဘက်က ဆက်ရပ်ပေးမယ်ဆိုရင် ၂၀၂၅ ဒုတိယ ၆ လမှာ ရွေးကောက်ပွဲ ဆိုတဲ့စကားကို ကျယ်ကျယ်လောင်လောင် ကြားလာရဖို့ရှိတယ်။

တရုတ်ပေါ်လစီဟာ ပြောင်းလဲနေတဲ့ နိုင်ငံတကာအခြေအနေ (ဆီးရီးယား အာဆဒ်အပြုတ်၊ အရှေ့အလယ်ပိုင်းက အစ္စရေးနဲ့ အာရပ်ကမ္ဘာ၊ ယူကရိန်း ရုရှား ကျူးကျော်စစ်နဲ့ တရုတ် ထိုင်ဝမ်၊ ပြီးတော့ တရုတ် အမေရိကန် ကုန်သွယ်စစ်တွေကိုဆိုလို) နဲ့ ပြည်တွင်း ဗမာစစ်တိုင်းတွေအတွင်းက တော်လှန်ရေးအောင်ပွဲတွေနဲ့ တိုက်ရိုက် ဆက်စပ်ပါလိမ့်မယ်။ အခြေအနေတွေက ခုပုံစံနဲ့ မနီးယိုးစွဲ သွားနေမယ်ဆိုရင် ၂၀၂၅ ပထမ ၆ လရဲ့ တော်လှန်ရေးကလင်ဒါကို ချိန်ဆကြည့်ကြဖို့ပါပဲ။

#ကျော်ဇောခိုင် #NewsAnalysis
#TheCall #ခေါ်သံ

2 weeks, 1 day ago

"၂၀၂၅ ကလင်ဒါ"
■ ကျော်ဇောခိုင်
- သတင်းသုံးသပ်ချက်ဆောင်းပါး -

ပြီးခဲ့တဲ့လတွေထဲက တလကျနိုး နောက်တလကျနိုးနဲ့ စောင့်မျှော်နေခဲ့ရတဲ့ မောင်းတော နခခ (၅) ဟာ ဒီဇင်ဘာ ၈ ရက်မှာ အေအေလက်အောက် ကျရောက်ခဲ့တယ်။

'အမ်း၊ တောင်ကုတ် နဲ့ ဂွ'
စကခ (၁၅) စစ်ဆင်ရေးတပ်မှူးချုပ် ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ အရာရှိအဆင့်တွေနဲ့ စစ်သားရာနဲ့ချီ ဖမ်းဆီးရမိပြီး မောင်းတောတိုက်ပွဲအတွင်း စစ်တပ်ဘက်က စစ်သား ၄၅၀ လောက် ကျဆုံးလိမ့်မယ်လို့ ခန့်မှန်းထားတဲ့သတင်းတွေ ထွက်‌ပေါ်လာတယ်။ ဒါ့ကြောင့် ရခိုင်မြောက်ပိုင်းမှာ နောက်ဆုံး တောင့်ခံကျန်ရစ်တဲ့ မောင်းတောရဲ့ နယ်ခြားစောင့်တပ်ကို သိမ်းပိုက်လိုက်နိုင်တဲ့ အောင်ပွဲဟာ အေအေအတွက် ကြီးမားတဲ့ အောင်ပွဲတခုဆိုတာ အထင်အရှားဖြစ်တယ်။

တောင်ပိုင်းမှာတော့ အေအေဟာ အမ်း၊ တောင်ကုတ်နဲ့ ဂွ ၃ မြို့ကို တပြိုင်တည်း တိုက်ခိုက်နေပြီး ၃ မြို့စလုံးလည်း နေ့လားညလားဆိုတဲ့ အနေအထားမှာ ရှိနေတာ တွေ့ရတယ်။ နှစ်မကုန်ခင် အမ်း နပခ ကျသွားခဲ့ရင်တော့ စကစရဲ့ ခရစ်စမတ်လက်ဆောင်လို့ အာရက္ခသားတွေ ပြောကြပေရော့မယ်။ ဂွမြို့နားက တိုက်ပွဲတခုမှာ စစ်တပ်ဘက်က ဗျူဟာမှူး စနိုက်ပါမှန်ပြီး ကျဆုံးတယ်လို့ သတင်းတွေမှာ မြိုင်မြိုင်ဆိုင်ဆိုင် တွေ့ရသလို အမ်းနဲ့ တောင်ကုတ်ကို မကွေးဘက်ကဝင်လာတဲ့ စစ်တပ်ရဲ့ စစ်ကူတပ်တွေကို ပီဒီအက်ဖ်တွေနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေက လမ်းမှာ အမှည့်ချွေနေကြတဲ့ သတင်းတွေကိုလည်း တွေ့ရပြန်တယ်။

ဒီပုံစံအတိုင်းဆို ၂၀၂၅ နွေဦးပေါက်မှာ အေအေက ကျောက်ဖြူနဲ့ စစ်တွေကို ဝိုင်းပိတ်ထားချိန်မှာ ရခိုင်အရေးကို တရုတ် အောက်လမ်းကနေ ဘယ်လိုလိုက်နှိုက်ပြီး အေအေနဲ့ အပေးအယူလုပ်မလဲ တွေ့ကြရဖို့ရှိနေတယ်။ ခု ကေအိုင်အေကိုခေါ်ပြီး ဆွေးနွေးပြီးရင်ကို အေအေအလှည့် ရောက်လာနိုင်တယ်။

'ကိုးကန့် တအာင်း'
ကိုးကန့်ဟာ လွန်ခဲ့တဲ့ တပတ်ကျော်လောက်က နောက်ထပ် စာတ​စောင်ထုတ်ပြန်ပြီး တရုတ်ကို ချွေးသိပ်နေရပြန်တယ်။ စာပါအကြောင်းအရာနဲ့ အရေးအသားတွေက တအာင်းမှာတွေ့ရတာနဲ့ တထပ်တည်းနီးပါး (ပြည်သူမထိခိုက်ဖို့၊ တရုတ်ရဲ့စေ့စပ်မှုကို လေးစားလိုက်နာလို့၊ ဖက်ဒရယ်၊ မိမိကိုယ်ကိုခုခံပိုင်ခွင့် စတာတွေကို ဆိုလိုတယ်) ဖြစ်တာမို့ တရုတ်ဟာ ကိုးကန့်နဲ့ တအာင်းကို နှစ်ဦးတည်း (တဦးချင်းခွဲရင်လည်း တယောက်တည်းက သဘောတရားတခုကိုပဲ ခေါ်ပြောတာလို့ ယူဆရတယ်) ကို ဟုမ်းကျူရှင် (Editor's Note: Home Tuition) ပေးနေတဲ့သဘောမျိုး တွေ့ရမှာဖြစ်တယ်။

ကိုးကန့်ရဲ့နောက်ဆုံးစာမှာ လားရှိုးကိစ္စ ဆွေးနွေးမယ်ဆိုတာကြောင့် ကိုးကန့်ဆီမှာ စစ်တပ်နဲ့ အပေးအယူလုပ်ဖို့ သေချာတဲ့ သဘောထားတခု ရှိလာတဲ့သဘောမျိုးလို့ ယူဆရမှာဖြစ်ပြီး တအာင်းဟာ မကြာခင် ဒီလမ်းကြောင်းထဲဝင် လာဖို့ ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ တွက်ဆထားကြဖို့ဖြစ်တယ်။ ဆိုလိုတာက ရှမ်းမြောက်လမ်းကြောင်း (ပြင်ဦးလွင်ကနေ လားရှိုးနဲ့ လားရှိုးကနေ မူဆယ်/ချင်းရွှေဟော်) ဟာ ၂၀၂၅ ထဲ အနည်းဆုံး ပထမ ၃ လလောက် (၁၀၂၇ ပထမ အပစ်ရပ်ကြာချိန် သို့မဟုတ် တရုတ်ပေါ်လစီ အလှည့်အပြောင်း ဖြစ်မလာမချင်း) တည်ငြိမ်လာဖို့ရှိနေတယ်။

အခြေအနေတွေကို တကယ်တမ်း လေ့လာသုံးသပ်ကြည့်ရမယ်ဆိုရင် ကိုးကန့်ဟာ လားရှိုးမပါဘဲ ပြည်နယ်အဆင့် ရည်မှန်းထားတယ်ဆိုရင် အနည်းဆုံး သိန္နီကို ရဖို့လိုမယ်၊ မဟုတ်ရင် ကိုယ်ပိုင်အုပ်ချုပ်ရေးသဘောမျိုးပဲ ဖြစ်မယ်။ တအာင်းကိုကြည့်ရင် အရင်ရထားတဲ့ နမ့်ဆန်၊ မန်တုံနဲ့ အဲဒီကချဲ့ထွင်ပြီး နမ္မတူ၊ ပြီးတော့ မိုးကုတ်၊ တနည်းပြောရရင် မြေပုံအရ လားရှိုးနဲ့တတန်းထဲနဲ့ မြောက်ပိုင်းဝန်းကျင်ကို ဘယ်လောက်ထိ ရနိုင်မလဲ၊ နောင်ချို၊ သီပေါ၊ ကျောက်မဲဆိုတာတွေကို စစ်တပ်နဲ့ဆွေးနွေးပြီး ထိန်းထားဖို့ဆိုတာ ဖြစ်နိုင်ချေ မရှိသလောက်ပါဘဲ။

သို့သော် တကယ်တမ်း တော်လှန်ရေးအင်အားစုတွေ အတွင်းမှာကော တိုက်လို့နိုင်ထားတဲ့ နယ်တွေအားလုံးကို ထိန်းချုပ်ထားမယ်၊ ကိုယ်ပိုင်ပြည်နယ်အတွင်း သွတ်သွင်းမယ်ဆိုတာတွေဟာ ရှမ်းပြည်နယ် (ရှမ်းနိုင်ငံရေး) နဲ့ ဆက်စပ်နေတာတွေဖြစ်လို့ အတော် ညှိနှိုင်းကြရမယ့် သဘောဖြစ်တယ်။ ဒါပေမယ့် တော်လှန်ရေး အောင်မြင်ခဲ့ပြီးရင်တော့ သဘောတူညီချက်တွေရဖို့နဲ့ ရေရှည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် တဖြေးဖြေးချင်း ဖြေးဖြေးချင်း ညှိနှုင်းဆောင်ရွက်သွားနိုင်မယ့် သဘောရှိတယ်လို့ ယူဆကြည့်ဖို့ပါ။

'တရုတ် မျိုးကွဲပုံစံ ၃ မျိုး'
ဒီတော့ တရုတ်အတွက် ကိုးကန့်ဟာ ပုံစံ ၁ (က) ဆိုရင် တအာင်းဟာ ၁ (ခ)ပဲ။ ကချင်ဟာ ပုံစံ ၂ ဖြစ်လာမှာဖြစ်ပြီး ရခိုင်ဟာ ပုံစံ ၃ ဖြစ်လာဖို့ရှိတယ်။ ဒီနေရာမှာ ပုံစံ ၁ ဟာ တရုတ်ဖိအား၊ သိမ်းပိုက်ပြီးသား နယ်မြေတွေကို ပြန်လည် ညှိနှိုင်း အပ်နှံဖို့နဲ့ တရုတ်ပိတ်ဆို့မှု ဖြည်ထုတ်တဲ့ပုံစံ။ ပုံစံ ၂ ဟာ ကုန်သွယ်ရေးအပေးအယူနဲ့ ကေအိုင်အေ ဆက်လက်သိမ်းပိုက်မယ့် နယ်မြေ။ ပုံစံ ၃ ဟာ တရုတ်စီးပွားရေးနဲ့ စီမံကိန်းတွေကို မထိခိုက်ရေးနဲ့ ရိုဟင်ဂျာပြဿနာတွေ ပူးတွဲကိုင်တွယ်ရဖို့ ရှိနေတယ်။

2 weeks, 1 day ago

ဒါကြောင့်ပဲ ကနဦးပြောတဲ့ စစ်ပွဲတွေမကောင်းဘူး ဆိုတာကလည်း စစ်ပွဲထဲ ရောက်နေတဲ့သူတွေကိုလည်း အပြစ်ဖွဲ့တာမဟုတ်ကြောင်း သိစေချင်တယ်တဲ့။ ပြီး ဆက်ရရင် ရဲဘော်လေးကိုပြောခဲ့တဲ့ စစ်ပွဲတွေမှာ ကောင်းတဲ့ဘက်ခြမ်းရှိတယ် ဆိုတာကကျတော့ တမျိုးတဲ့။

"လောကနိယာမအရ ကိစ္စတိုင်းမှာ အကောင်းအဆိုး နှစ်မျိုးလုံးရှိတယ်။ စစ်ပွဲမှာလည်း အတူတူပဲပေါ့။ ပြောရရင် စစ်ပွဲက တချို့ကို အဆိုးမြင်ဝါဒီတွေ ဖြစ်စေပေမယ့် တချို့ကိုတော့ ရင့်ကျက်တဲ့ရဲဘော်တွေ ဖြစ်စေတယ်။ စစ်ပွဲဆိုတာ စနစ်တခု ပြိုပျက်သေဆုံးတာ ဖြစ်သလို စနစ်တခု အသစ်မွေးဖွားတာလည်း ဖြစ်တယ်။ ကြားဖူးတယ်မလား၊ ရင့်ကျက်တဲ့ လူကြီးတယောက် ဖြစ်လာဖို့ ပေါ့ပါးတဲ့ လူငယ်အဖြစ်ကို သတ်ပစ်ရမယ် ဆိုတဲ့စကား။ စစ်ပွဲက အဲဒီလို မျိုးပဲ။ ဆရာတွေ့ခဲ့တဲ့ ရဲဘော်ကကျတော့ စစ်ကြောင့် အကောင်းမြင်ဖို့ မေ့နေတာ။ အဲဒါကို ကျနော်က သတိရအောင် စဉ်းစားခိုင်းတဲ့သဘောပဲ။

"ဥပမာပြရရင် မနက်ခင်း နေရောင်၊ ကော်ဖီကောင်းကောင်း သောက်ရတဲ့ နေ့သစ်၊ ရေဝဝချိုးရတဲ့ ရက်တွေ၊ ရဲဘော်ရဲဘက်တွေရဲ့ ရယ်သံတွေနဲ့ ချစ်ကြည်ရင်းနှီးမှု၊ ပြီးတော့ ရည်ရွယ်ချက် ပြီးမြောက်သွားတဲ့အချိန် ရရှိတဲ့ ပျော်ရွှင်မှု။ လူ့ ဘဝမှာ မှန်မှန်ကန်ကန် နေနိုင်အောင်က အကောင်းရော အဆိုးပါ မြင်ဖို့ အရေးကြီးတယ်မလား၊ အဲဒါကြောင့် အဲဒီလို ပြောခဲ့တာမှာ သူ့စိတ်ထဲ ကျနော်က စစ်ပွဲကကောင်းတယ်လို့ ပြောသလို ဖြစ်သွားခဲ့ပုံများလား။"

ကျနော်က စစ်ပွဲအကြောင်း မသိတဲ့သူပါတဲ့။ စိတ်ကုဆရာက သူ့စကားကို အဆုံးသတ်တယ်။ စိတ်ကုဆရာရဲ့ စကားကိုနားထောင်နေရင်း စာရေးဆရာ တွေးတယ်။ စစ်ပွဲကို သူ ပုံဖော်တဲ့အခါ ဘယ်လို ပုံဖော်ရမလဲ၊ ကောင်းတာလား၊ မကောင်းတာလား။ စစ်ပွဲထဲ လူတွေရောက်လာပုံကိုရော ဘယ်လို လုပ်သင့်သလဲ။ စိတ်ကုဆရာပြောသလို ငြင်းဆန် မရဘဲ အတင်းအကြပ် ရောက်လာတယ်လို့ ပုံဖော်ရမလား၊ ဒါမှမဟုတ် အဲဒီလိုမဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ ရောက် လာတယ်လို့ ပုံဖော်ရမလားပေါ့။

ဆရာ့အနေနဲ့ စစ်ပွဲအကြောင်း ဝတ္ထုရေးမယ်ဆိုရင် စစ်ပွဲကို အရောက်သွားသင့်တယ်လို့ သူက ထင်သတဲ့။ ဟဲမင်းဝေးလိုပေါ့ တဲ့။ စိတ်ကုဆရာရဲ့ စကားကိုကြားပြီး စာရေးဆရာလည်း အမလေးလို့ အော်မိတယ်။

၃။

ဟဲမင်းဝေး ဖြစ်ချင်တယ်မဟုတ်ပေမယ့် စိတ်ကုဆရာရဲ့ စစ်ပွဲအကြောင်း ရေးမယ်ဆို စစ်ပွဲကို အရောက်သွားသင့်တယ် ဆိုတဲ့စကားက စာရေးဆရာရဲ့ စိတ်ထဲကနေ မထွက်ဘူး။ ဒီလိုနဲ့ နောက်ဆုံး စာရေးဆရာလည်း နှစ်နာရီနီးပါး ဆိုင်ကယ်စီးပြီး တော်လှန်ရေးရဲဘော်တွေ သိမ်းပိုက်လိုက်နိုင်တယ် ဆိုတဲ့မြို့ကို ရောက်သွားတယ်။

မြို့ကို စဝင်တယ်ဆိုရင်ပဲ စာရေးဆရာရဲ့မျက်လုံးထဲကို အပြိုအပျက်နဲ့ မီးကျွမ်းအိမ်မည်းမည်းတွေ ဝင်လာတယ်။ ပြီးတော့ လူသူကင်းမဲ့နေတဲ့ လမ်းနဲ့ မီးခိုးငွေ့တွေ။ ပျံ့လွှင့်နေတဲ့ ပြာမှုန်နဲ့ ဖုန့်မှုန့်တွေ။ ကျည်သင့်နံရံတွေနဲ့ အုတ်အကျိုးအပဲ့တွေ။

ညှီစို့စို့အနံ့တခု နှာခေါင်းထဲ ဝင်လာတာကြောင့် စာရေးဆရာ ရှာကြည့်တယ်၊ ဘာနံ့လဲ၊ လူသေအလောင်းလားပေါ့။
ဒါပေမယ့် အနားတဝိုက်မှာ ဘာကိုမှ မတွေ့ရဘူး။ မြင်ကွင်းတွေကို လိုက်ကြည့်ရင်းက ဒီလိုနေရာမျိုးမှာ အကောင်းကိုရော ရှာလို့ တွေ့နိုင်ပါ့ဦးမလားလို့ စာရေးဆရာတွေးမိတယ်။

စစ်ပွဲဆိုတာ စနစ်တခုရဲ့ အစတဲ့၊ စိတ်ကုဆရာရဲ့ စကားတချို့ကို စာရေးဆရာရဲ့နားထဲ ပြန်ကြားယောင်တယ်။ စာရေးဆရာ လက်မခံနိုင်ဘူး၊ ဒီလိုအခြေအနေမျိုးမှာ ပြန်ကော စနိုင်ပါဦးမလား။ မဖြစ်နိုင်ပါဘူး၊ ပြီးသွားပြီ၊ အားလုံး ပြီးသွားပြီပဲလို့ ရေရွတ်မိတယ်။

စာရေးဆရာက သူ့ဆိုင်ကယ်နဲ့ လမ်းတွေကို တလမ်းဝင်တလမ်းထွက် ဖြတ်မောင်းခဲ့တယ်။ လူနေအိမ်ပျက်တွေကို တခုပြီးတခု ကျော်ဖြတ်ခဲ့တယ်။ အားလုံး ပျက်စီးသွားခဲ့ပြီ။ မြို့တခုလုံး ရစရာရယ်လို့ မကျန်တော့ဘူး။ မြို့လယ်ခေါင် ကို ရောက်ချိန်မှာတော့ စာရေးဆရာရဲ့ မျက်လုံးတွေက ပြိုကျနေတဲ့ မြို့တော်ခန်းမကနေ လွှဲလို့မရတော့ဘူး။

သူတောင် ဒီလောက်ဝမ်းနည်းမိတာ မြို့သူမြို့သားတွေ ဘယ်လောက်တောင် ဝမ်းနည်းကြလိမ့်မလဲ ဆိုတဲ့စိတ်နဲ့ ခမ်းနားထည်ဝါမှုတွေ ကျန်နေသေးတဲ့ အပျက်အစီးတွေကို ငေးမိတယ်။ အဲဒီတုန်းမှာပဲ စာရေးဆရာရဲ့နားထဲ ဝေးခနဲ အသံတချို့ ဝင်လာတယ်။ ဘာလဲ၊ ဘာသံလဲ၊ ရယ်သံတွေလား။

မြင်ကွင်းက ရုတ်တရက်ဆိုသလိုပဲ ပြောင်းလဲသွားတယ်။ အိုးစည်၊ ဒိုးပတ်သံတွေက ရုတ်ချည်း ဆူံညံလာတယ်။ လမ်းရဲ့ ဘေးဘက်ဝဲယာတလျောက်မှာက နီညို့ညို့ သပြေညွန့်တွေကိုင်ပြီး ရယ်ပြုံးနေတဲ့ လူတွေ။ သူတို့ရဲ့အလယ်မှာတော့ ပြုံးပျော်ဟန်အပြည့်နဲ့ သွက်သွက်လက်လက် ချီတက်လာကြတဲ့ ရဲဘော်တွေ။ အားလုံးက စာရေးဆရာ ရောက်နေတဲ့ မြို့လယ်ခေါင်ဘက်ကို ဦးတည်ပြီး လာနေတာ။

ကြိုနေကြတာ၊ အောင်ပွဲနဲ့ပြန်လာတဲ့ ရဲဘော်တွေကို ကြိုဆိုနေကြတာပဲ။ အားလုံးရဲ့ဟန်ပန်တွေက အပျက်အစီးတွေ မရှိသလို၊ အဆိုးတွေဆိုတာ မဖြစ်ခဲ့ဘူးသလိုမျိုး။ မြင်ကွင်းကို ငေးကြည့်ရင်းက စာရေးဆရာ ခံစားလိုက်ရတယ်။
ဟုတ်တယ်၊ ဒါ စနစ်တခုရဲ့ အစပဲလို့။

– – – – – – – – – – – – –

#မောင်မူ
#TheCall
#ခေါ်သံ

3 weeks, 2 days ago

အလီက ကံမကောင်းတတ်သူပါ။ ကံကောင်းလို့ ထီပေါက်ကိန်းပါပြီး ထီလက်မှတ် ကောက်ရရင်တောင် သူငယ်ချင်း တယောက်ယောက်ဆီမှာ လက်ဘက်ရည်နဲ့ လဲသောက်လို့ မုန့်ဖိုးပဲဖိုးလောက်ပဲ ရမယ့်ကောင်ပါ။ ရပ်ကွက်ထဲက သူငယ်ချင်းတယောက်က ၂ လုံးထီ သုံးလုံးထီ ရောင်းရာမှာ ဘောက်ချာ သွားပေး ပိုက်ဆံကောက်ပေးနဲ့ လုပ်နေရင်း ဟိုသူငယ်ချင်းက အရက်တိုက် လက်ဘက်ရည်ဖိုးပေးကို ဝိုင်းကူလုပ်နေရင်း အလီ အဖမ်းခံလိုက်ရပါတယ်။ အလီ ထောင်လေးနှစ်လောက် ကျသွားပြီး ထောင်က ပြန်လွတ်လာပါတယ်။ ထောင်ကပြန်လွတ်လာပြီး အလီ ကျန်းမာရေးဆိုးဝါးပြီး ဆုံးသွားတဲ့သတင်းလည်း ကြားလိုက်ရပါတယ်။ ကျနော်တို့လည်း ကိုယ်ပိုင်ဘဝတွေကို ရွက်လွှင့်ရင်း ရပ်ကွက်ထဲ ဆယ်စုနှစ်ကြာအောင် ပြန်မရောက်ဖြစ်ပါဘူး။ အလီ့သတင်းတွေတော့ သူငယ်ချင်းဟောင်းတွေကြားက မတော်တဆ ကြားခဲ့ရတာလောက်ပါပဲ၊ ဘာခံစားချက်မှလည်း သိပ်မရှိပါဘူး။

ဒါပေမယ် ကျနော် နှစ်ပေါင်းများစွာကြာပြီး ရပ်ကွက်ထဲ လှမ်းဝင်မလို့လုပ်တုန်း အလီ့အမက လှမ်းနှုတ်ဆက်ပါတယ်။ ဟဲ့ ကောင်လေး နင်တို့သူငယ်ချင်း အလီ ဆုံးသွားတာ သိလားတဲ့၊ ကျနော်က ကျနော်သိပါတယ် အမလို့ လှမ်းပြောရင်း အလီ့အကြောင်း ခေါင်းထဲ ဝင်လာပါတယ်။

အလီက ဘာမှ မဟုတ်ခဲ့တဲ့လူပါ။ ဒါပေမယ့် ခွေးရူးတကောင်ကို သတ်ရင်း သူ ပတ်ဝန်းကျင်ကို ကယ်တင်ခဲ့ပါတယ်။ အလီသာ အဲ့ခွေးရူးကို မသတ်နိုင်ခဲ့ရင် ကျနော်တို့ လူ့အဖွဲ့အစည်းအတွက် တခြားကပ်ဘေးတွေ ထပ်ကြုံရလာနိုင်ပါတယ်။ အဲဒီလို တွေးလိုက်မိတော့ အဲဒီဇာတ်ကွက်ထဲမှာ ဘာမှမဟုတ်တဲ့ကောင်က ကျနော်ဖြစ်သွားပါတယ်။ နောက် တော့ ကျနော် ဒီအကြောင်းအရာကို စာအဖြစ်ရေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ခွေးရူးသတ်တုန်း မပါမိတဲ့ ရှက်ရွံ့မှုကို အနည်းငယ် လိပ်ပြာသန့်မယ် ထင်မိလို့ပါ။
.
.
.
#မိုးလှိုင်ည
#TheCall
#ခေါ်သံ

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 days, 19 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 months, 1 week ago