Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

Ayeyarwaddy Times

Description
For Freedom Justice & Peace
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 3 hours ago

1 month, 3 weeks ago

စပါးထွက်ရှိချိန်ဖြစ်သော်လည်း ဆန်ဈေးနှုန်းနှင့်စပါးဈေးနှုန်းမြင့်တက်နေကြောင်း စစ်ကောင်စီဝန်ခံထွက်ဆို

ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်

မိုးစပါးစိုက်ပျိုးမှုကနေ စပါးထွက်ရှိချိန်ဖြစ်သော်လည်း ဆန်ဈေးနှုန်းနှင့် စပါးဈေးနှန်းမြင့်တက်နေကြောင်း စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဌ ဦးဝင်းရှိန်က မတ်လ ၁၃ ရက်နေ့တွင် ဝန်ခံ ပြောကြားခဲ့သည်။

ပြည်တွင်း အဓိကစားသောက်ကုန်ဖြစ်သည့် ဆန်၊ စားသုံးဆီဈေးတည်ငြိမ်ရေး လုပ်ဆောင်နေပြီး ၂၀၂၃- ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးမှုမှ စပါးထွက်ရှိသည့် အချိန်ဖြစ်သော်လည်းဆန်ဈေးနှင့် စပါးဈေးနှုန်းမြင့်တက်လာမှုအခြေအနေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တင်ပြချက်များအတိုင်းဆောင်ရွက်ကြောင်း ၎င်းက ပြောကြားသည်။

"ဒီရက်ပိုင်းက ဆန်ဈေးက ဈေးအမြင့်ကနေ ငါးထောင်လောက်ပြန်ကျတယ်ပြောရမယ်။ ပြည်တွင်းစားသုံးမှုအားနဲ့ ပြည်ပပို့နေတာဆိုတော့ ဈေးကအတက်ပဲ။ ရိုးရိုးကုန်သည်တွေဆန်မပို့တော့ဘူး။ သူတို့ (စစ်ကောင်စီ) နဲ့ပတ်သက်သူတွေပဲ ဆန်ပို့၊ ပဲပို့နဲ့အကုန်လုပ်နေတာ ” ဟု ဆန်လက်လီလက်ကားရောင်းသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့်တစ်ပတ်နှင့် ယခုတစ်ပတ်တွင်ဆန်ဈေးနှုန်းကအမြင့်တွင်ငြိမ်နေပြီး ဆန်အချောအမျိုးအစား ရွှေဘိုဆန်တစ်အိမ် ကျပ် ၁၆၀,၀၀၀ ကျပ်နှင့် ဆန်ကြမ်း ဧည့်မထဆန်တစ်အိတ် ကျပ် ၈၆,၀၀၀ ရှိကြောင်း ဆန်လက်လီလက်ကား အရောင်းဆိုင်များထံက သိရသည်။

ယခုကာလတစ်လျှောက်လုံး ဆန်ဈေးနှုန်းအတက်မှာပင်ရှိနေပြီး ပြည်ပနိုင်ငံများသို့ဆန်တင်ပို့မှုလည်းမြင့် တက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံက သိရပြီး တိုင်းနှင့်ပြည်နယ်များအတွင်း အရန်ဆန်များ ဖြန့်ဖြူးရောင်းချပေးမည့် အစီအစဉ်များ နှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလအတွင်း ဆန်တင်ပို့မှု စုစုပေါင်း မက်ထရစ်တန်ချိန် ၁၆၇,၄၄၅ တန်နှင့် ဆန်ကွဲတင်ပို့မှု မက်ထရစ်တန်ချိန် ၉,၄၄၆,၇၁၁ တန်ရှိပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃၉ သန်းရရှိကြောင်း ယင်းအသင်းထုတ်ပြန်ချက်အရသိရသည်။

ယင်းပြင်အင်ဒိုနီးရှားနိုင်ငံကိုဆန်တင်ပို့မှုအများဆုံးဖြစ်ပြီး ဘယ်ဂျီယံနိုင်ငံထံ ဆန်ကွဲတင်ပို့မှုအများဆုံးဖြစ်ကာ ဒုတိယအဖြစ်တရုတ်နိုင်ငံသို့တင်ပို့ကြောင်းသိရသည်။

ယခုဘဏ္ဍာနှစ် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိတွင် ဖေဖော်ဝါရီလအတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှုအမြင့်ဆုံးဖြစ်သည်။

ယခုနှစ်မိုးစပါးစိုက်ပျိုးရာတွင် ဧက ၁၄ ဒသမ ၉၉ သန်းစိုက်ပျိုးနိုင်ပြီး စပါးတင်း ၁၁၇၁ ဒသမ ၂၄၅ သန်းထွက် ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းဝယ်ရောင်းဝယ်ရေးဝန်ကြီးဌာနထံက သိရသည်။

ဓာတ်ပုံ - လူမှုကွန်ရက် ၊ MRF
#ဆန်စပါးဈေးတက် #စစ်ကောင်စီဝန်ခံ #Ayeyarwaddy_Times

1 month, 3 weeks ago

ဝေါမြို့နယ်တွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် မိုင်းစထိမှန် ဒဏ်ရာရရှိသည့် ကလေးငယ် ၂ ဦးအနက် ပဲခူးဆေးရုံတွင် ၁ ဦး သေဆုံး

ဧရာဝတီတိုင်းမ်
(ဝေါ)၊ မတ် ၁၆ ရက်

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကျွန်းရွှေဝါအုပ်စု၊ ငှက်ပျောတပင်သောင် အရှေ့ဘက်ခြမ်းတွင် ပြီးခဲ့သည့် မတ် ၁၃ ရက်နေ့ကတွင် စစ်ကောင်စီက ထောင်ထားခဲ့သည့် နင်းမိုင်း(သို့မဟုတ်)ကြွမိုင်း ပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ရသည့် ကလေး နှစ် ဦးအနက် တစ်ဦးမှာ ယမန်နေ့ မတ် ၁၄ ရက်နေ့က သေဆုံးခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရှိသည့်ကလေးငယ် နှစ် ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သည့်အတွက် အသက် (၅) နှစ်အရွယ် မောင်ကောင်းပြည့်ဖြိုးမှာ ယမန်နေ့က ပဲခူးဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရသည်။

"သေတဲ့ကလေးက ဗိုက်ကနေ မျက်နှာ အထိ အရေပြားပျက်ဆီးပြီး ပေါက်ပြဲဒဏ်ရာ‌တွေနဲ့ ပဲခူးဆေးရုံ မှာ ဆေးကုသမှုခံယူရင်း ဆုံးပါးသွားတာဖြစ်တယ်။ ကျန်ကလေးတယောက်ကတော့ မစိုးရိမ်ရ တော့ဘူးလို့ သိရတယ်" ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ငှက်ပျောတပင်သောင်တွင် တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားသည်ဟုဆိုကာ နင်းမိုင်းများကို ထောင်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မိုင်းထောင်ထားခဲ့သည့် ဧရိယာအနီးတွင် ကလေးငယ်နှစ်ဦးမှ ဆော့ကစားနေစဉ် နင်းမိုင်းကို ထိမိခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့က ဘောနတ်ကြီး အခြေစိုက် မစခ-၉၀၁ လက်အောက်ခံ အမတ-၂၀၅ တပ်ရင်းမှဗိုလ်မှူး အဆင့်ရှိသူပါဝင်သည့် စစ်ကြောင်းမှ စစ်ကြောင်းထိုးကာ နင်းမိုင်း(သို့မဟုတ်)ကြွမိုင်းများကို ထောင်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီး သုံး နှစ် တာကာလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် သေဆုံးသူ ၃၄၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁၈၉ အထိ ဦးရှိပြီး ကလေးငယ်နှင့် အမျိုးသမီး ထိခိုက်သေဆုံးမှု ၇၄၀ ဦးအထိရှိကြောင်း UNICEF အစီရင်ခံစာ အရ သိရသည်။

ပုံစာ - စစ်‌ကောင်စီက မိုင်းထောင်ထားသည့်နေရာ နှင့် မိုင်းကွဲခဲ့သော နေရာ

#ဝေါ #မြေမြှုပ်မိုင်း #ကလေးငယ်သေဆုံး #မိုင်းပေါက်ကွဲ #စစ်ကောင်စီ #မိုင်းထောင် #Ayeyarwaddy_Times

1 month, 3 weeks ago

မင်းလှတိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်က အင်အားအများအပြား အသုံးပြု၍ ဟိုင်းယုရွာကို ဖျက်ဆီးနေ

ဧရာဝတီတိုင်းမ်
(မင်းလှ)၊ မတ် ၁၅ ရက်

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဟိုင်းယုကျေးရွာပတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများပြားခဲ့သည့်အတွက် ပြီးခဲ့သည့် မတ် ၁၂ ရက်နေ့မှ စတင်ကာ ယနေ့ မတ် ၁၅ ရက်နေ့အထိ ဟိုင်းယုရွာအတွင်းသို့ အထိ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

ပဲခူးရိုးမအတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများကြောင့် စစ်ကောင်စီက နေ့စဉ် ဒရုန်း လေး စီးဖြင့် ဟိုင်းယုရွာအတွင်း ဗုံးကြဲချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေသည့်အတွက် ဒေသခံနေအိမ်များ၊ စာသင်ကျောင်း၊ ဆေးခန်း၊ ဘုန်းကြီး ကျောင်း၊ ဘုရားကျောင်းများ ထိခိုက်ပျက်စီးခဲ့ရပြီး နေရာအချို့မှာ မီးလောင်ကျွမ်း နေကြောင်း သိရသည်။

"ဟိုင်းယုရွာနဲ့ ရိုးမအနီးတဝိုက်ကိုလည်း ဖုန်းလိုင်းတွေဖျက်ထားတယ်။ ဖုန်းတွေ အင်တာနက်တွေ သုံးမရတော့ဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေ ရွာထဲရှိနေတယ်ထင်ပြီး ရွာကို ဝိုင်းထားပြီး ဖျက်ဆီးနေတာ။ တိုက်ပွဲထဲ သူတို့ဘက်က တကယ်ကို ထိခိုက်ကျဆုံးများခဲ့တော့ နေပြည်တော်ကနေ အထူးတပ်ဖွဲ့ဆိုပြီး အင်အားအများအပြား ထပ်ဖြည့်ထားတယ်လို့သိရတယ်။ အင်အား ၁၀၀၀ နီးပါးလောက်ရှိမယ်ထင်ရတယ်။ ပုံမှန် ၂၀၀၊ ၃၀၀ လောက်ဆို ကျွန်တော်တို့ကတိုက်နိုင်တယ်။ အခုကတော့တပ် ဖျောက်ထားတယ်။ အဓိကကတော့ ပြည်သူတွေကို ရိုးမထဲလုံးဝမလာဖို့ ပြောချင်ပါ တယ်" ဟု မင်းလှအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များမှ ဝင်ရောက်နေခြင်းမရှိဘဲ ဟိုင်းယုရွာ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ဒေသခံများသည်လည်း စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းကတည်းက ရွာကို စွန့်ခွာထားခိုင်းသည့်အတွက် ဟိုင်းယု၊ ဟိုင်းယုလမ်းဆုံ၊ ပျဥ်းကတိုးခင်း၊ ဝါးယား၊ ဗိုလ်ရုံ၊ ကျွဲမကိုင်းရွာ စသည့် ရွာ ၁၀ ရွာမှ ဒေသခံ ပြည်သူ ထောင်နှင့်ချီ၍ စစ်ဘေးရှောင် နေရကြောင်း သိရသည်။

မင်းလှတွင် ပြီးခဲ့သည့် မတ် ၇ ရက်နေ့မှ စတင်ကာ ၁၀ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့်‌တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ လေးရက်တာ ထိတွေ့ တိုက်ပွဲ အတွင်း စစ်ကောင်စီနှင့် ပျူစောထီး တပ်ဖွဲ့ဝင် ၈၀ ကျော် ထိခိုက်သေဆုံးခဲ့ပြီးနောက် ယခုကဲ့သို့ အင်အား‌ ၁၀၀၀ နီးပါး အသုံးပြုကာ ထပ်မံအင်အားဖြည့် စစ်ကြောင်း ထိုးလာခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - အင်တာနက်
ပုံစာ - မင်းလှတိုက်ပွဲတွင် သိမ်းဆည်းရမိသည့်ပစ္စည်းများ

#မင်းလှ #စစ်ကောင်စီစစ်ကြောင်းထိုး #ဟိုင်းယုရွာ #ပစ်ခတ်ခံရ #မီးလောင်ကျွမ်း #Ayeyarwaddy_Times

2 months ago

ထိုင်းမှာကျောင်းတက်နေတဲ့ မြန်မာကျောင်းသား အဆောင်ပေါ်မှ ပြုတ်ကျသေဆုံး

ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်

ထိုင်းနိုင်ငံ၊ ပသွန်သာနီပြည်နယ်မှာ အသက် ၂၆ နှစ်အရွယ် မြန်မာကျောင်းသားတစ်ဉီး အဆောင် ၆ ထပ်ကနေ ပြုတ်ကျသေဆုံးခဲ့တဲ့ ကြောက်မတ်ဖွယ်ရာဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ယမန်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်က ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်စဉ်ကြောင့် အာဏာပိုင်တွေနဲ့ အသိအ ကျွမ်းတွေက ဘာကြောင့် အဆိုပါမြန်မာကျောင်းသား အဆောင်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တယ်ဆိုတာကို အ ဖြေရှာနေကြပါတယ်။

Rangsit တက္ကသိုလ်အနီး အဆောင်ပေါ်ကနေ မြန်မာကျောင်းသား ပြုတ်ကျသေဆုံးတဲ့ဖြစ်စဉ်ကို Pak Klong Rangsit ရဲစခန်းမှ တာဝန်ရှိသူတွေထံ အကြောင်းကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ရာနေရာကို စစ်ဆေးဖို့ တရားရေးဝန်ကြီးဌာနမှ မှုခင်းဆေးပညာ ကျွမ်း ကျင်သူတွေ၊ Poh Tech Tung ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

King Mongkut Institute of Technology မှာ တက်ရောက်နေတဲ့ မြန်မာကျောင်းသားဟာ ခုနှစ်ထပ် အ ဆောင်ရဲ့ ၆ လွှာကနေ ပြုတ်ကျခဲ့ပြီး ကားပါကင်မှာ သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။

သေဆုံးသူဟာ အခန်းနံပါတ် ၃၆၁၆ ရှိ မိတ်ဆွေတွေထံ လာရောက်လည်ပတ်ခဲ့တယ်လို့ အသက် ၂၆ နှစ် အရွယ်ရှိ မြန်မာကျောင်းသားတစ်ဉီးဖြစ်သူ အောင်ချိုဉီးက ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ပါတယ်။

အခန်းထဲမှာ လူ ၁၁ ဉီး အသင့်အတင့်ပြင်းတဲ့ အရက်သောက်နေကြစဉ် သေဆုံးသူဟာ ရုတ်တရက် လ သာဆောင်ကို ထွက်ပြေးကာ အောက်ကို ခုန်ချသွားခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ရာနေရာကို စစ်ဆေးပြီး ဓာတ်ပုံအထောက်အထားတွေကို စုဆောင်းပြီးနောက် စစ်ဆေးရေးအ ရာရှိ ဆူဝပ်ဖိုသီရီက ထပ်မံ စစ်ဆေးဖို့ အလောင်းကို မှုခင်းဆေးပညာဌာနသို့ ပို့ဆောင်ဖို့ စီစဉ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ထပ်မံပြုလုပ်မယ့် အစီအစဉ်တွေထဲမှာ သေဆုံးသူရဲ့ အလောင်းကိုပြန်ပို့ဖို့ ၎င်းရဲ့မိဘတွေနဲ့ ညှိနှိုင်းဆောင်ရွက်တာ၊ အခင်းဖြစ်ချိန်မှာ အတူရှိခဲ့တဲ့ သေဆုံးသူရဲ့မိတ်ဆွေတွေနဲ့ တွေ့ဆုံမေးမြန်းတာတွေ ပါဝင် ပါတယ်။

မြန်မာကျောင်းသား အဆောင်ပေါ်ကနေ ခုန်ချတဲ့ဖြစ်စဉ်ကို သိရှိသူတွေက သက်ဆိုင်ရာကို အကြောင်း ကြားဖို့လည်း ထိုင်းရဲတပ်ဖွဲ့က တောင်းဆိုနေပါတယ်။

ကိုးကား - Thaiger
Ref; Myanmar exchange student falls to death from Thailand dormitory

#Ayeyarwaddy_Times

2 months ago

ဗြိတိန်က ယူကရိန်းသို့ ဒရုန်း အစင်းရေ ၁၀၀၀၀ ကျော် ထောက်ပံ့မယ်

ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်

ရုရှားရဲ့ကျူးကျော်မှုကို ခုခံနေရတဲ့ ယူကရိန်းနိုင်ငံသို့ မောင်းသူမဲ့လေယာဉ် အစင်းရေ ၁၀၀၀၀ ကျော် ထောက်ပံ့မယ်လို့ ဗြိတိန်နိုင်ငံက ပြောပါတယ်။

ကြာသပတေးနေ့က ကိယက်ဗ်မြို့တော်မှာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ပြုလုပ်တဲ့ အစည်းအဝေးတစ် ခုအတွင်း စစ်ရေးအကူအညီပေးမယ့် အစီအစဉ်ကို ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်စ်က ကြေညာခဲ့ပါတယ်။

ယူကရိန်းသို့ထောက်ပံ့မယ့် ဒရုန်းတွေထဲမှာ အော်ပရေတာက အချိန်နဲ့တစ်ပြေးညီ ရုပ်သံပြကွက်တွေကို ကြည့်ရှုနိုင်မယ့် ဘက်စုံသုံးဒရုန်းတွေနဲ့ ကင်းထောက်ဒရုန်းတွေ ပါဝင်ပါတယ်။

ယူကရိန်းသို့ ဒရုန်းတွေ ထောက်ပံ့ဖို့ ဗြိတိန်အစိုးရက စတာလင်ပေါင် ၃၂၅ သန်းနဲ့ညီမျှတဲ့ အမေရိကန် ဒေါ်လာ ၄၁၆ သန်း သုံးစွဲမယ်လို့ သိရပါတယ်။

“ဗြိတိန်နိုင်ငံရဲ့ ကမ္ဘာ့ဉီးဆောင် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီတွေကနေ ဒရုန်းတွေ တိုက် ရိုက် ဝယ်ယူပြီး ယူကရိန်းထံ ထောက်ပံ့မှာဖြစ်ပါတယ်” လို့ ဂရန့်ရှပ်စ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။

“ရဲရင့်သော ယူကရိန်းပြည်သူတွေနဲ့စစ်တပ်အတွက် ဗြိတိန်ုနိုင်ငံရဲ့ မဆုတ်မနစ်သော ကတိကဝတ်တွေ ဖြည့်ဆည်းပေးမယ်ဆိုတာ ကျွန်တော်က သမ္မတ ဇီလန်စကီးကို အာမခံပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ယူကရိန်းစစ်တပ်ဟာ စစ်မြေပြင်မှာ ဘက်စုံကြည့်ရတဲ့ဒရုန်းတွေ ဖြန့်ကြက်နေပြီး အဆိုပါဒရုန်းတွေဟာ ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ အရေးပါသော လက်နက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

အဆိုပါဒရုန်းတွေက အချိန်နဲ့တစ်ပြေးညီ လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ကာ ပစ်မှတ်တွေိကို တိုက်ခိုက် ရာမှာ ရုရှား လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ရှောင်ကွင်းနိုင်တယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။

ကိုးကား - NHK
Ref; UK to provide more than 10,000 drones to Ukraine

#Ayeyarwaddy_Times

2 months ago

တာမခန်ရှိ စစ်ကောင်စီ၏ ဗျူဟာစခန်းကုန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိ

မြရာ/ဧရာ၀တီတိုင်းမ်
‌မတ် ၉ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်ရှိ စစ်ကောင်စီတပ်စခန်းကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ မတ်လ ၉ ရက်နေ့ ညပိုင်းတွင် အပြီးတိုင် သိမ်းပိုက် ရရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖားကန့်ရှိ စစ်ကောင်စီ၏ တာမခန်စခန်းကုန်း ကို KIA/PDF ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းမှ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ပတ်နီးပါးအကြာတွင် စခန်းကုန်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု ကချင် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

"အခုည ၈ နာရီ၀န်းကျင်လောက်မှ စခန်းကုန်းကိုရတာ။ ခုခံပြန်တိုက်တဲ့အပြင်၊ စစ်ကူတွေ ပါထပ်လွှတ်ထား စစ်ကောင်စီက။ အခုကျတော့ လက်ကျန်တပ်သားတွေက ထွက်ပြေး သွားတာ။ လက်နက်တွေလည်း ရထားတယ်။ မြေပြင်မှာရှင်းနေတုန်းပဲ" ဟု မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့၀င် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယင်းစခန်းမကျစေရေးအတွက် စစ်ကောင်စီက လက်နက်ကြီးများအပြင် လေကြောင်း ပစ်ကူများအပါအ၀င် တပ်သားအင်အားများလည်း စစ်ကူအဖြစ် လေကြောင်းမှ ပို့ဆောင်၍ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါစခန်းမှ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းကုန်းကို စွန့်ခွာ၍ ထွက်ပြေးသွားကြကြောင်း သိရသည်။

"သေတာတွေနဲ့ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိပါတယ်။ ထွက်ပြေးတဲ့ကောင်တွေ ကိုလည်း ရှာဖွေရှင်းလင်းသွားမှာပါ"ဟု ၎င်းကဆိုသည်။

တာမခန်မြို့သစ်ရှိ စစ်ကောင်စီ၏ ရဲစခန်းကို ထိုးစစ်စတင်သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ရက်ကတည်းက သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး ရဲစခန်းသိမ်းဆည်းရမိချိန် တွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်း တာမခန်တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များ ဘက်မှလည်း ထိခိုက်ကျဆုံးမှု များရှိခဲ့ပြီး ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ၏ အဓိကအရေးပါသည့် တပ်စခန်း များနှင့် ဗျူဟာကုန်းများကို ဆက်လက်၍ ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

#ကချင် #ဖားကန့် #တာမခန် #စစ်ကောင်စီ #ဗျူဟာကုန်း #KIA #PDF #သိမ်းပိုက် #Ayeyarwaddy_Times

4 months ago

ကွတ်ခိုင်မြို့ကို TNLA ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲနေ

ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၇ ရက်

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ကို တအာင်းတပ်မတော် (TNLA) က ယနေ့ ဇန်နဝါရီ ၇ ရက်နေ့တွင် သိမ်းပိုက် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း TNLA၏ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာ (စဗခ)ရှိ စစ်ကောင်စီတပ်ဖွဲ့၀င်များသည် ယမန်နေ့ ဇန်နဝါရီ ၆ ရက် နေ့က TNLA ထံလက်နက်ချမည်ဟု ညှိနှိုင်းဆွေးနွေးမှုများအပြီး ယနေ့ ဇန်နဝါရီ ၇ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာမှ တပ်သားများ လက်နက်ချအညံ့ခံခဲ့သော်လည်း စစ်ကောင်စီက ယနေ့‌ နေ့လယ်ပိုင်း အချိန်ထိ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း စစ်ရေး သတင်းရင်းမြစ်ထံက သိရပြီး ဒေသခံများကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားထားသည်။

"စဗခထဲက လက်နက်ချတဲ့သူတွေက မနေ့ကညကတည်းက မြို့ကနေ ကားတွေနဲ့ ထွက်သွားပြီ။ စစ်ကောင်စီကတော့ လေယာဉ်နဲ့ မနေ့ကရော ဒီနေ့ရော ဗုံးဆက် တိုက်ကြဲနေတာ။ ဖုန်းလိုင်းတွေလည်းဖြတ်ထားတယ်" ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ညီနောင်မဟာမိတ်အဖွဲ့သည် ယနေ့ ဇန်နဝါရီ ၇ ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့ကို ထိန်းချုပ်လိုက်ပြီး မြို့အ၀င်အထွက်လမ်းများကို ဖြတ်သန်းသွားလာခြင်းမပြုရန် မြို့နေပြည်သူများကို ပြောဆိုထားကြောင်း သိရသည်။

မဟာမိတ်အဖွဲ့များထံ လက်နက်ချခဲ့သည့် စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာမှ စစ်ကောင်စီတပ်ဖွဲ့၀င်များ ကို ယမန်နေ့ ဇန်နဝါရီ ၆ ရက်နေ့ကတည်းက ကားအစီးရေ ၂၀ ကျော်ဖြင့် မြို့မှထွက်ခွာခွင့်ပြုခဲ့ပြီး ယနေ့နံနက်တွင်လည်း ကျန်ရှိနေသည့် စစ်ကောင်စီ တပ်ဖွဲ့၀င်များကို လားရှိုး မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း ‌TNLA စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ကွတ်ခိုင်မြို့နယ်အတွင်း၌ နောက်ဆုံးကျန်ရှိနေသည့် အခြေချစစ်ဗျူဟာသည် လက်နက်ချ အညံ့ခံခဲ့သည့်အတွက် ကွတ်ခိုင်မြို့ကို TNLA က အလုံးစုံထိန်းချုပ် နိုင်ပြီဖြစ်ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်တွင်းရှိ တာမိုးညဲနှင့် နမ့်ဖတ်ကာရှိ စစ်ကောင်စီ တပ်စခန်းများကိုလည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ၀င်ရောက်တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။

ပုံစာ-ပုံစာ-TNLA တပ်ဖွဲ့ဝင်တစ်ဦးက တအာင်းအလံ လွှင့်ထူထားစဉ် (ပုံဟောင်း)

#ကွတ်ခိုင် #TNLAသိမ်းပိုက် #ရှမ်းမြောက် #စစ်ကောင်စီအခြေချစစ်ဗျူဟာ #လက်နက်ချ #Ayeyarwaddy_Times

4 months ago

စစ်ကောင်စီရဲ့ စနစ်ပျက်အတွင်းမှာ နေမကောင်းဖြစ်လာခဲ့ရင် ဆေးကုဖို့ ဆေးရုံသွားရ တာကအစ ခက်ခဲပါတယ်။ ဆေးရုံတင် ကလေးမီးဖွားခြင်းမှအစ ခွဲစိတ်ကုသခြင်း၊ ကင်ဆာရောဂါကုသခြင်း၊ ဓါတ်ရောင်ခြည်ပြခြင်း စတဲ့ ဘယ်လိုကုသခြင်းမျိုး မဆို အခုအချိန်ခါမှာ ခက်ခဲနေပါတယ်။ သာမန် အရပ်သားတို့အတွက် ဆေးရုံတင် ကုသခြင်းက စီးပွားပျက် ဥစ္စာကုန်သွားနိုင်သည်ဟုပင် ယူဆပြောဆိုကြတဲ့အထိ ကျန်းမာရေး စောင့်ရှောက်မှု ခက်ခဲလှပါတယ်။

#ထောင်အတွင်းဆေးကုသခွင့်
မတော်မတရား ဖမ်းဆီးနှိပ်စက် ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေမှာလည်း မသန့် ရှင်းတဲ့သုံးရေကြောင့် အရေပြားရောဂါတွေခံစားနေရပါတယ်။ တိုက်ပိတ် နှိပ်စက်ခြင်း၊ အကျဉ်းထောင်အတွင်းနိုင်ထက်စီးနင်းပြုမူခြင်း တွေကလည်း စိတ်‌မကျန်းမာမှု ကို ဖြစ်စေပါတယ်။

နေ့စဉ်ကျွေးနေတဲ့ အစားအသောက်တွေဟာလည်း ကျန်းမာရေးထိခိုက်စေနိုင်လောက်တဲ့ မကောင်းမွန်တဲ့ ရိက္ခာတွေဖြစ်နေပါတယ်။ ကြမ်းတမ်းမာကြောတဲ့ ဆန်အညံ့တွေ၊ အရည်အသွေးမကောင်းဘဲ ဆိုးဆိုးရွားရွားပိုးထိုးပျက်စီးနေတဲ့ပဲ စတာတွေသာ ကျွေးပါတယ်။ အိမ်သာအသုံးပြုခွင့်၊ ရေချိုးခွင့် အပါအဝင် နေ့စဉ်ရှင်သန်နေစဉ်မှာ လိုအပ်တဲ့ ကျန်းမာရေးအခြေခံအခွင့်အရေးတွေကိုတောင် ချိုးဖောက်ခံရပါတယ်။

စစ်ကြောရေးမှာနှိပ်စက်ပြီး ထိခိုက်ခဲ့သမျှကို ကုသမှုမရဘဲ ဒဏ်ရာတွေနှင့်နာကျင် နစ်နာစေပါတယ်။ စစ်ကြောရေးမှာ လူမသိသူမသိ အစဖျောက်သတ်ဖြတ်ခံရသူတွေ၊ လိင်အကြမ်းဖက်ခံရသူတွေ၊ အရိုး‌ကျိုးကြေသူတွေ စသည်ဖြင့် ထိခိုက်ခဲ့ရပါတယ်။ ထောင်အတွင်းဆေးကုသခွင့်မှာလည်း ခက်ခဲပါတယ်။ အမှန်တကယ် နေမကောင်း ဖြစ်ခဲ့ရင်တောင် ထောင်ဝန်ထမ်းများကိုငွေကြေးလဘ်ပေးပြီးမှ ထောင်ဆရာဝန်နဲ့ပြသခွင့် ရပါတယ်။

ထောင်ဝင်စာတွေ့တဲ့အခါမှာလည်း လိုအပ်တဲ့ ဆေးဝါးပေးမယ်ဆိုရင်တောင် ထောင်က သတ်မှတ်ထားတဲ့ ဆေးအမျိုးအစားသာ ပေးခွင့်ရှိနေပါတယ်။ ထောင်အတွင်း အရေပြားရောဂါ၊ အခြားကျန်းမာရေးရောဂါများ ရှိသူများအတွက် လိုအပ်တဲ့ ကုသမှုတွေ ပြတ်လပ်ပြီး ရောဂါတွေဟာ ဆိုး၍တိုး၍သာ ရှိနေပါတော့တယ်။

#ဒုက္ခသည်စခန်းရှိစစ်ရှောင်များ

မြန်မာနိုင်ငံနယ်စပ်တစ်လျှောက်မှာ ဒုက္ခသည်စခန်းများရှိပါတယ်။ စစ်ကောင်စီက ဒုက္ခသည် စခန်းမှန်းသိလျက်နှင့်ပင် လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်ပါတယ်။ ပြည်တွင်း စစ်မီးပဋိပက္ခ လောင်ကျွမ်း‌နေသောဒေသတွေမှာလည်း စစ်ရှောင်ပြည်သူ တွေဟာ ဒုက္ခပင်လယ်ဝေနေကြရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ တာကြောင့်နေရပ်ရွာတွေကို စွန့်ခွာပြီး ထွက်ပြေး ကြရတဲ့ပြည်သူတွေအများကြီးဖြစ်နေပါပြီ။ စစ်ကောင်စီတပ်ဟာ ဘာသာရေး အဆောက်အအုံတွေဖြစ်တဲ့ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းတွေ ကိုပါမချန် မီးရှို့ဖျက်ဆီး ဗုံးကြဲတိုက်ခိုက်ပါတယ်။

အစားအသောက်၊ ဆေးဝါး၊ ခိုလှုံရာ အားလုံးရှားပါးနေကြတဲ့ စစ်ရှောင်ပြည်သူ တွေမှာကျန်းမာရေးအခွင့်အရေး ဆေးကုဖို့ဆိုတာကတော့နတ္ထိမရှိဖြစ်နေပါတယ်။

စစ်ရှောင်ပြည်သူအချို့ဟာ တစ်ဖက်နိုင်ငံမှာရှိတဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ ငွေကြေး အထောက်အပံ့နဲ့ ဖွင့်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာလည်း ခိုလှုံနေကြရ ပါတယ်။ အစားအသောက်ရရှိရုံ နေစရာကျောတခင်းရရှိရုံ ဖြင့်သာ အသက်ဆက်နေ ကြရပါတယ်။

ဒီပြဿနာတွေရဲ့ အဓိကတရားခံကတော့ မတော်မတရားအာဏာသိမ်းပြီး တိုင်းပြည်ကို ဖျက်ဆီးခဲ့တဲ့ စစ်တပ်ပဲဖြစ်ပါတယ်။ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ပြီး နိုင်ငံသူ နိုင်ငံသားတွေအတွက် စောင့်ရှောက်မှုတွေ ပေးနိုင်တဲ့ နိုင်ငံတော်သစ် တည်ဆောက်ဖို့ လိုအပ်တာကြောင့် အားလုံး ပူးပေါင်းပါဝင်ကူညီကြပါလို့သာ တောင်းဆိုလိုက်ပါတယ်။

နောက်တစ်ပတ်မှာတော့ နေ့စဉ်သုံးစွဲနေတဲ့ ပလက်စတစ်အိပ် အကြောင်း ကျန်းမာရေးရှု ထောင့်ကနေ ရေးသားပေးမှာပဲဖြစ်ပါတယ်။ စောင့်မျှော်ဖတ်ရှုကြပါဦး။

Ayeyarwaddy Times ပရိသတ်များအားလုံးလည်း စစ်ဘေးကင်းကွာ ကျန်းမာကြပါ စေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကျန်းမာရေးရပိုင်ခွင့်ဆုံးရှုံး #စစ်ပဋိပက္ခအတွင်းကနိုင်ငံသားများ #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)

4 months ago

ကျန်းမာရေးရပိုင်ခွင့်တွေ ဆုံးရှုံးနေတဲ့ စစ်ပဋိပက္ခအတွင်းက နိုင်ငံသားများ

ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇန်နဝါရီ ၇ ရက်)

ကျန်းမာရေးစောင့်ရှောက်မှု ရယူပိုင်ခွင့်ဆိုတာ အခြေခံလူအခွင့်အရေးဖြစ်ပါတယ်။ လူမျိုး ၊ ကျား/မ၊ အသားအရောင်၊ တောင်ပေါ်မြေပြန့်၊ ဘာသာရေး၊ ချမ်းသာ/ဆင်းရဲ ဘယ်လိုပင် မတူညီ ကွဲပြားပါစေ လူသားတိုင်း နေမ‌ကောင်းပါက ကိုယ်စိတ် ကျန်းမာရေးအတွက် ဆေးကုသခံယူခွင့်ရှိရပါမယ်။

နိုင်ငံတကာလူ့အခွင့်အ‌ရေးအဖွဲ့များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ( WHO ) တို့ကလည်း လူသားတိုင်းဆေးကုသခွင့်ရရှိရေးကို ဥပဒေနှင့်အညီ အတိအလင်း ထုတ်ပြန် ထားပြီးဖြစ်ပါတယ်။

သို့သော်...ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ ဆေးကုသခွင့်အပါအဝင် အခြေခံ လူ့အခွင့်အရေးတွေကို ပိတ်ပင်တားဆီးကန့်သတ် ခံထားရပါတယ်။ အာဏာမတရား ရယူထားတဲ့ စစ်တပ် နဲ့ လုပ်ပိုင်ခွင့်ရထားသူ စစ်တပ်အလိုတော်ရိ ဝန်ထမ်းတွေရဲ့ အကျင့်ဆိုးတွေကြောင့် ကျန်းမာ‌ရေးအတွက် ဆေးကုသခံယူခွင့်တွေကို ဆုံးရှုံး လျက်ရှိနေကြပါတယ်။

#မြန်မာ့ကျန်းမာရေးစနစ်
ယခင် ၇၅ ရာခိုင်နှုန်း ပြည်သူ့အစိုးရတာဝန်ယူစဉ်အချိန်ကဆိုလျှင် ပြည်သူများ ကျန်းမာရေးကိစ္စ ပေါ်ပေါက်ပါက ၂၄နာရီ ပြည်သူ့ဆေးရုံများကို သွားရောက် ပြသနိုင်ပါတယ်။

ဆေးရုံဆိုတာ "တံခါးမရှိဓားမရှိ" "အိမ်ဦးနှင့်မီးဖိုချောင်" လို သွားရလွယ်ကူခဲ့ပါတယ်။ စရိတ်မျှပေးကျန်းမာရေးစနစ်ကနေ အခမဲ့ကျန်းမာရေးစနစ်ကို အကောင်အထည်ဖော်ပြီး နိုင်ငံတော်အသုံးစရိတ်ကနေ ကျန်းမာရေးအတွက်နှစ်စဉ်တိုးပြီး ရလာခဲ့ပါတယ်။ ပြည်သူ လူထုရဲ့ ယုံကြည်အားထားမှုလည်းတိုးပြီးရလာခဲ့ပါတယ်။ COVID- 19 ကမ္ဘာ့ကပ် ရောဂါကြီးကို အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တဲ့နိုင်ငံအဖြစ် ရာဇဝင်တွင်ခဲ့ပါတယ်။

#ဆရာဝန်ရှားပါးခြင်း

၂၀၂၀ခုနှစ် အာဏာမသိမ်းမီ စစ်တမ်းအရဆိုလျှင်ပင် မြန်မာနိုင်ငံလူဦးရေ ၅၃၈ သိန်း‌ကျော်အတွက် ဆေးကုသပေးဖို့ ဆရာဝန် တစ်သောင်းနှစ်ထောင်ခန့်သာ ရှိနေ ပါတယ်။ လူ ၄၅၀၀မှာ ဆရာဝန်တစ်ယောက်ဆိုတာ ထိတ်လန့်စရာ ဆရာဝန်နှင့် ပြည်သူ လူဦးရေအချိုးဖြစ်ပါတယ်။

ဒီလိုဆရာဝန်ရှားပါးနေတဲ့နိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေ ပြည်သူ့ဆေးရုံမှာ အပင်ပန်း ဆုံး အလုပ်တွေလုပ်ပြီး နိုင်ငံတာဝန်တွေကို ထမ်းဆောင်ခဲ့ကြပါတယ်။ အရှေ့တောင် အာရှနိုင်ငံများထဲမှာ ကိုဗစ်ကာကွယ်ဆေး ပထမဆုံး အစောဆုံး ရရှိထိုးနှံနိုင်ခဲ့တဲ့ မြန်မာနိုင်ငံရယ်လို့တောင် ဂုဏ်ယူခဲ့ရတဲ့ အချိန်တွေပဲဖြစ်ပါတယ်။

ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြောင့် တစ်နှစ်ကျော် အိမ်မပြန်နိုင်ခဲ့တဲ့ ပြည်သူ့ဝန်ထမ်း ဆရာဝန်တွေဟာ စစ်တပ်ကအာဏာသိမ်းယူစဉ်မှာတော့ အာဏာသိမ်းတာကို လက်မခံနိုင်ကြောင်း CDM အကြမ်းမဖက် အာဏာဖီဆန်ကြတဲ့အခါမှာ စစ်တပ်က အကြမ်းဖက် ရက်စက်ယုတ်မာတဲ့ နည်းလမ်းပေါင်းစုံသုံးပြီး ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်စက်၊ ထောင်ချ တာတွေ လုပ်ခဲ့ပါတယ်။

အဲ့ဒီလို နည်းလမ်းပေါင်းစုံသုံးပြီး ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်စက်၊ ထောင်ချမှုတွေကြောင့် မနည်းထောက်ကန်ထားရတဲ့ မြန်မာကျန်းမာရေးစနစ်ဟာလည်း သာ၍ယိုယွင်းလာပြီး အလုံးစုံ ပျက်စီးဖို့ လမ်းကြောင်းပေါ်ရောက်ရှိခဲ့ရပါတယ်။ ဆေးကုကူညီနေကြသူ ဆရာဝန်တွေကို အကြမ်းဖက်ဥပဒေခေါင်းစဉ်တပ်ပြီး အမေးအမြန်းမရှိ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ် အစဖျောက်ခဲ့တာတွေကြောင့် ဘေးလွတ်ရာကို ပြေးရှောင်ကြရင်း တိုင်းရင်းသား နယ်မြေ နယ်စပ်ဒေသတွေကို ပညာတတ်ဆရာဝန်များ ရောက်သွားခဲ့ပြီး ဒေသအကျိုးပြုနေကြသလို အချို့ကလည်း ပြည်ပနိုင်ငံများ (ဒုတိယနိုင်ငံ ၊ တတိယ နိုင်ငံများ) ကိုရောက်သွားကြပါတယ်။

နိုင်ငံက ဆရာဝန်ပညာရှင်တွေကို ဒုက္ခပေးတဲ့အခါ အဓိက နစ်နာကြသူတွေကတော့ ကျန်းမာရေးစောက်ရှောက်မှု ခံယူမယ့် ပြည်သူများသာဖြစ်ပါတယ်။

ကျန်းမာရေးစနစ်ယိုယွင်း ပျက်စီးသွားတာကြောင့် ပြည်သူလူထုမှာ ဆေးရုံဆေးခန်း ပြသဖို အခက်အခဲတွေ များစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ စစ်တပ်အာဏာသိမ်းယူထားချိန် ကိုဗစ်တတိယလှိုင်းကြုံရချိန်မှာတော့ နေ့စဉ်သေဆုံးသူ ထောင်ချီရှိခဲ့ပြီး မြို့ကြီးတွေရဲ့ သုသာန်တွေမှာ အလောင်းတွေ တောင်လို ပုံခဲ့တာ သက်သေပဲဖြစ်ပါတယ်။

စစ်ကောင်စီက ဆေးကုသဖို့ အခွင့်အရေးတွေကိုသာ နစ်နာအောင်ပြုလုပ်ခဲ့တာ မဟုတ်ပါ။ အောက်ဆီဂျင်ရှူဖို့လို့အပ်နေတဲ့ အသက်အန္တရာယ်ရှိ လူနာတွေရဲ့ အောက်ဆီဂျင် အိုးတွေကိုကိုတောင် အာဏာသုံးပြီး ရယူခဲ့တဲ့ မှတ်တမ်းတွေ အခုထိ ကျန်ရှိနေပါသေးတယ်။

#အရပ်သားပြည်သူနဲ့ကျန်းမာရေးစနစ်

အရပ်သားပြည်သူတွေဟာ နယ်စပ်ကုန်သွယ်ရေးစခန်းများပိတ်သွားခြင်း၊ ကုန်စျေးနှုန်း ကြီးမြင့်ခြင်း၊ မြန်မာ့ငွေတန်ဖိုးကျဆင်းခြင်း၊ စီးပွားရေးဆုတ်ယုတ်သွားခြင်း၊ လမ်းခရီး တွင်စစ်ဆေးမှုများရှိခြင်း၊ တရားမျှတမှုမရှိခြင်း၊ ရပ်ရွာမအေးချမ်းခြင်း နဲ့ တရားဥပဒေစိုးမိုးမှုမရှိခြင်း ဆိုတဲ့ အကြောင်းအရာပေါင်းများစွာကို လူးလိမ့်နေအောင် ခံစားရပါတယ်။

5 months, 4 weeks ago

မအူပင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ရင်ချင်းဆက်အမွှာမွေးဖွား

နွေဦးမောင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ရင်းချင်းဆက်အမွှာအား နိုဝင်ဘာလ (၁၁)ရက်နေ့က မွေးဖွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။

"ရင်ချင်းဆက် မိန်းကလေးအမွှာပေါ့။ ပြည်သူတွေ ငွေကြေးလှူတာတွေပြုလုပ်နေတာတွေ့ရတယ်။ ကလေးတွေကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲလိုက်ပြီ" ဟု မအူပင်ပြည်သူ့ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ရင်ချင်းဆက်အမွှာကို မွေးဖွားခဲ့သည့်မိခင်သည် ကျိုတ်လတ်မြို့ အထက်စဉ်ကူးကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မအူပင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မအူပင်မြို့ #ပြည်သူ့ဆေးရုံကြီး #ရင်ချင်းဆက်အမွှာမွေးဖွား #Ayeyarwaddy_Times

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 3 hours ago