Ayeyarwaddy Times

Description
For Freedom Justice & Peace
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 3 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 months, 3 weeks ago

2 weeks, 2 days ago

အဇာဘိုင်ဂျန် ခရီးသည်တင်လေယာဉ် ကာဇတ်စတန်မှာပျက်ကျလို့ လူ ၃၀ ကျော် သေဆုံး

ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ ရက်

လူ (၆၇) ဉီး တင်ဆောင်လာသော အဇာဘိုင်ဂျန်လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် တစ်စင်း ကာဇတ်စတန်နိုင်ငံ၊ Aktau မြို့အနီး ပျက်ကျခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကနဉီးသတင်းတွေအရ လေယာဉ်ပျက်ကျမှုမှာ လူ ၃၂ ဉီး အသက်ရှင်ကျန်ရစ်ခဲ့ပြီး ထိခိုက်သေ ဆုံးမှု ပြောင်းလဲနိုင်တယ်လို့ အဇာဘိုင်ဂျန် ရှေ့နေချုပ်ရုံးက ပြောပါတယ်။

အသက်ရှင်သူတွေကို ဆေးရုံတွေကို ပို့ဆောင်ခဲ့တယ်လို့ ကာဇတ်စတန် အရေးပေါ်အခြေအနေ များ ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အသက်ရှင်သူအချို့ဟာ အရေးပေါ်အခြေအနေလို့ အဇာဘိုင်ဂျန် နိုင် ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အဆိုပါလေယာဉ်ဟာ အဇာဘိုင်ဂျန်လေကြောင်းလိုင်းပိုင် Embraer အမျိုးအစားဖြစ်ပြီး အဇာ ဘိုင်ဂျန်နိုင်ငံရဲ့မြို့တော် ဘာကူးမြို့မှ ရုရှားနိုင်ငံ၊ ချေချင်းညာဒေသ ဂရိုဇနီမြို့သို့ ပျံသန်းခဲ့တာပါ။

အဆိုပါခရီးသည်တင်လေယာဉ်ဟာ ဂရိုဇနီမြို့မှာ မြူထူမှုကြောင့် လမ်းကြောင်းပြောင်းခဲ့တယ် လို့ ရုရှားနိုင်ငံပိုင်သတင်းဌာန TASS က ဖော်ပြခဲ့ပါတယ်။

လေယာဉ်ဟာ ငှက်တွေနဲ့တိုက်မိတာကြောင့် လေယာဉ်မှူးက Aktau မြို့သို့ လမ်းကြောင်း ပြောင်းဖို့ ရွေးချယ်ခဲ့တာလို့ ကနဉီးအချက်အလက်တွေက ပြသခဲ့ကြောင်း ရုရှား လေကြောင်းပို့ဆောင် ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

ယင်းခရီးသည်တင်လေယာဉ်ဟာ Aktau မြို့အနီးမှာ အရေးပေါ် ဆင်းသက်ခဲ့တယ်လို့ အဇာဘိုင် ဂျန်လေကြောင်းလိုင်းက ပြောပါတယ်။

ကိုးကား - DW
Ref; Dozens feared dead in Azerbaijan Airlines plane crash

#Ayeyarwaddy_Times

2 weeks, 2 days ago

ဂွတိုက်ပွဲအတွင်း သေဆုံး၊ဒဏ်ရာရလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မကျီးဇင်-သာပေါင်းလမ်းမှ သယ်ဆောင်နေ

ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ ရက်

ဧရာဝတီတိုင်းအတွင်းသို့ ဂွမြို့နယ်တိုက်ပွဲများအတွင်းမှ သေဆုံး၊ဒဏ်ရာရရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်ပြီးမကျီးဇင်-သာပေါင်းလမ်းကို အသုံးပြုကာ ပြန်လည်သယ်ဆောင်နေကြောင်းသိရှိရသည်။

သာပေါင်းမြို့ရှိ ကုန်တင်ကားနှစ်စီးက်ို စစ်ကောင်စီတပ်မှ ချောဆွဲကာ မကျီးဇင်ကျေးရွာသို့ ခေါ်ဆောင်သွားပြီး စစ်ကောင်စီတပ်မှ သေဆုံး ၊ ဒဏ်ရာရသူများနှင့် စစ်အသုံး
ဆောင်ပစ္စည်းများကို နေ့စဥ်သယ်ဆောင်နေလာကြောင်း သိရှိရသည်။

"ငါးသိုင်းချောင်း ဘက်က တိုးလို့မရတော့ မကျီးဇင် ကမ်းခြေပတ်လမ်းဘက်က ပြောင်းပြီးတင်တာ။ ဟိုရက်ကကုန်ကားပေါ်မှာ ခြေပြတ်လတ်ပြတ်တွေ အများကြီးတင်လာတာတွေ့တယ်"ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

သယ်ဆောင်လာသည့် သေဆုံးနေသော စစ်ကောင်စီတပ်သားအချို့ကို သာပေါင်းမြို့နယ် လှေကြီးတက်ကျေးရွာရှိ ခလရ ၃၀၈ တွင် ထားရှိကာ သဂြိုလ်ခိုင်းပြီး ဒဏ်ရရသူများကို ပုသိမ်မြို့စစ်ဆေးရုံ မဆရ ၄ သို့ ပို့ဆောင်ပေးနေရကြောင်း စစ်ကောင်စီနှင့်နီးစပ်သူများထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်ဂွမြို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ဖြစ်ပွါးသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်များအထိနာနေပြီး ဒီဇင်ဘာ တတိယပါတ်အတွင်းရေကြည်၊ ငါးသိုင်းချောင်းနှင့် သာပေါင်းမြို့များမှ ကျေးရွာများအတွင်းသို့ တပ်ပျက်၍ထွက်ပြေးလာသောစစ်ကောင်စီတပ်သားအချို့၀င်ရောက်လာကြောင်း ဒေသခံများထံမှသိရသည်။

ဓာတ်ပုံ-ဂွမြို့နှင့် မကျီးဇင်ကျေးရွာကိုဆက် သွယ်ထားသောကမ်းခြေပတ်လမ်း

#ဂွတိုက်ပွဲ #သေဆုံး #ဒဏ်ရာရ #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #မကျီးဇင် #သာပေါင်း #Ayeyarwaddy_Times

2 weeks, 2 days ago

အမ်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပြန်ရရန် စစ်ကောင်စီက အမ်းနှင့် ၁၅မိုင်ခန့်အကွာတွင် အမြောက်တပ်နှင့် ဗဟိုပြုတပ်များ တည်လာ

ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ရက်

အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အာရက္ခတပ်တော် (AA) ကသိမ်းယူပြီးနောက် အမ်းနှင့်မိုင်အနည်းငယ်အကွာတွင် စစ်ကောင်စီ၏ အမြောက်တပ်များ နေရာချလာကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ရက်နေ့က နပခတစ်ခုလုံး AA လက်ထဲကျသွားပြီး စစ်တိုင်းမှူးများပါ အဖမ်းခံခဲ့ရသည့်အတွက် အမ်းကို ပြန်ရယူရန် စစ်ကောင်စီက လက်နက်ကြီးစခန်းများ တည်ဆောက် လာကြောင်း သိရသည်။

"တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစတဲ့နေရာကနေ အမ်းနဲ့ ၁၅မိုင်အကွာထိ အမြောက်တပ်တွေ နေရာချလာတယ်"ဟု အမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အမ်းတောင်‌ကြားလမ်းရှိ မြို့နှင့် မိုင် ၂၀အကွာခန့်က တောင်စောက်ဂိတ်တွင်စစ်ကောင်စီ၏ အမြောက် စခန်းတည်ရှိပြီး နောက်ထပ် ၅ မိုင်ရှေ့တိုး၍ အင်အား ၂၀၀ ခန့်ကိုပို့ဆောင်ကာ အမြောက်တပ်တစ်ခု ထပ်တိုးချဲ့လာကြောင်း သိရသည်။

ထို့အပြင် ကမြင်းကန်ဂိတ်တွင်လည်း လက်နက်ကြီးများပါတပ်ဆင်ပြီး အမ်းကို စစ်ကြောင်းထိုးရန် လုပ်နေကြသော်လည်း ရှေ့ဆက်မတိုးနိုင်ဘဲ အမ်းတောင်ကြားလမ်းပိုင်းတွင် ရပ်တန့်နေကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် စစ်တိုင်းဌာနချုပ်အသိမ်းခံရသည့်အပြင် တိုင်းဦးစီးချုပ်နှင့် ဒုတိုင်းမှူးတို့ပါ အဖမ်းခံလိုက်ရသည့်အတွက် အမ်းကို ပြန်ရယူရေး အပြင်းအထန်ကြိုးစားလာနေပြီး အမ်းရိုးတောင် ကြားလမ်းမှတဆင့် အမ်း-ပဒါန်းလမ်းပိုင်းမှနေ၍ မကွေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်များနှင့် AA တို့ ပူးပေါင်းသွားနိုင်မည်ကိုလည်း စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီအနေဖြင့် ပြည်မမှ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များကို AA နှင့်ပူးပေါင်း တပ်များ ဝင်ရောက်စီးနင်း သွားမည်ကို ပူပန်နေရပြီဖြစ်သည်။

#အမ်း #နပခ #စစ်ကောင်စီ #ပြန်လိုချင် #အမြောက်စခန်းချ #Ayeyarwaddy_Times

3 weeks, 1 day ago
Ayeyarwaddy Times
3 weeks, 1 day ago

ကရင်နီတွင် စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံထားရသည့် စစ်ကောင်စီ တပ်သားသစ် ၄ ဦး KNDF ထံ လက်နက်နှင့်တကွ အလင်းဝင်

ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဒီဇင်ဘာ ၁၉ ရက်

ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်အဖြစ်စုဆောင်း ခံထားရသည့် တပ်ဖွဲ့ဝင် လေးဦး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ထံ အလင်းဝင် ရောက်ခဲ့ကြောင်း KNDF က ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ကရင်နီ ရှေ့တန်းတစ်နေရာတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့က တပ်သားသစ်စု ဆောင်းခံခဲ့ရပြီး ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ခံခဲ့ရသည့် တပ်ဖွဲ့ဝင် လေး ဦးမှာ MA-1 သေနတ် သုံး လက်နှင့်အတူ KNDF တပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

"အခုလိုမျိုး အတင်းအဓမ္မ စုဆောင်းခံရတဲ့ လူငယ်တွေကိုပြောချင်တာကတော့ ကျတော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက အမြဲတမ်းကြိုဆိုနေတယ်လို့ပြောချင်တယ်။ အတတ်နိုင်ဆုံးနည်းလမ်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကိုပူးပေါင်းပါ။ တော်လှန်ရေးတပ်ဖွဲ့တွေက အမြဲတမ်းကြိုဆိုနေပါတယ်လို့ ပြောချင်ပါတယ်" ဟု KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဘက်ပြောင်းချင်ပါက နီးစပ်ရာတော်လှန်ရေးတပ်ရင်း တပ်ဖွဲ့များထံ ဆက်သွယ်နိုင်ပြီး ဆက်သွယ်ရန် အလွယ်ကူဆုံးအဖြစ် KNDF တပ်ဖွဲ့၏ Facebook စာမျက်နှာ ကဆင့် ဆက်သွယ်နိုင်ပြီး အဆိုပါစာမျက်နှာတွင်လည်း ဆက်သွယ်ရန် ဖုန်းနံပါတ်များ ပါရှ်ိပြီး ၎င်းတိုးမှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်းလည်း KNDF ထံက သိရသည်။

ကရင်နီတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် လွိုင်ကော်မြို့အနီးရှိ လင်ဖုံလေးကျေးရွာ တိုက်ပွဲတွင် စစ်သုံ့ပန်း ငါး ဦး ဖမ်းမိခဲ့ပြီး ၎င်းတို့ထဲမှ အချို့မှာ စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်အဖြစ် စုဆောင်းခြင်းခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - KNDF

#ကရင်နီ #စစ်ကောင်စီတပ်သားသစ် #အလင်းဝင် #စစ်မှုထမ်း #KNDF #Ayeyarwaddy_Times

3 weeks, 1 day ago

ချင်းပြည်နယ် တောင်ပိုင်းမြို့နယ်တွင် ကုန်ပစ္စည်း တင်သွင်းခွင့်ကို စစ်ကောင်စီတပ်က ကန့်သတ်ထား

ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်

ချင်းပြည်နယ် တောင်ပိုင်းမြို့နယ်တွင် ကုန်ပစ္စည်း တင်သွင်းခွင့် စစ်ကောင်စီတပ်က ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယအပတ်မှစ၍ ကန့်သတ်ထားကြောင်း ဒေသခံများထံက သိရှိရသည်။

အဆိုပါ ကန့်သတ်ထားမှုကြောင့် ချင်းပြည်နယ် တောင်ပိုင်းမြို့နယ်တွင် ကုန်ပစ္စည်း ရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး ကုန်စျေးနှုန်း ပိုမိုမြင့်တက်နေခြင်း ဖြစ်သည်။

"ဒီဘက်မှာ အရင်ကတည်းက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ကုန်စျေးနှုန်းက တခြားမြို့တွေထက် တက်တယ်။ အခု ကုန်ပစ္စည်းတွေ တင်သွင်းခွင့် ကန့်သတ်ထားလို့ ဒီဘက်မှာ ကုန်ပစ္စည်းတွေ မရောက်လာနိုင်တော့ဘူး။ အဲတော့ ကုန်စျေးနှုန်းက ပိုတက်သွားတယ်” ဟု ကန်ပက်လက်မြို့နယ် ဒေသခံတစ်ဥိးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းပြည်နယ် တောင်ပိုင်းမြို့နယ်ရှိ ဒေသခံများသည် ကုန်ပစ္စည်းများကို မကွေးတိုင်း၊ ဆော၊ ချောက်၊ ဂန့်ဂေါ စသည့်မြို့နယ်များမှ အဓိက ဝယ်ယူတင်သွင်းနေရသည်။

ယခုအခါ စစ်ကောင်စီတပ်က ဆော၊ ချောက်၊ ဂန့်ဂေါ စသည့်မြို့နယ်များမှ ချင်းပြည်နယ်တောင်ပိုင်းသို့ တင်ပို့မည့် ကုန်ပစ္စည်းများကို ကန့်သတ်ထားခြင်းဖြစ်သည်။

"ကိုယ့်မိသားစု စားဝတ်နေရေးအတွက်လောက်က သယ်လို့ရတယ်။ လုံးဝ ကန့်သတ်လိုက်တာမျိုး မဟုတ်ဘူး။ ပြန်ရောင်းချဖို့အတွက် ဝယ်ယူတာတွေက မပေးဘူး။ စစ်ကောင်စီဂိတ်တွေမှာ အရမ်းစစ်ဆေးခံရတယ်။ ရစ်လည်းရစ်တယ်” ဟု မတူပီမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ ပလက်ဝ၊ မတူပီ၊ ကန်ပက်လက် စသည့်မြို့နယ်တို့သည် မကွေးတိုင်းဘက်မှ ကုန်ပစ္စည်းများကို ဝယ်ယူတင်သွင်းကြပြီး မိမိမြို့နယ်တွင် ပြန်လည်ရောင်းချခြင်းများလည်း ဆောင်ရွက်နေကြသည်။

လက်ရှိဆောမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ၅,၀၀၀ ကျပ်သာရှိသော်လည်း ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များတွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၄,၀၀၀ ကျပ်ဝန်းကျင်ရှိကြောင်း သိရှိရသည်။

ချင်းပြည်နယ်မြောက်ပိုင်း မြို့နယ်များတွင်လည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ကုန်ပစ္စည်းတင်သွင်းခွင့်ကို ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်နေ့မှစ၍ စစ်ကောင်စီတပ်က ကန့်သတ်ထားပြီး ယနေ့ထိ ဖြေလျော့မှုမရှိသေးကြောင့် သိရသည်။

ပုံစာ - ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို တွေ့ရစဥ်။(ပုံအဟောင်း)

#ချင်းပြည်နယ် #တောင်ပိုင်းမြို့နယ်များ #ကုန်ပစ္စည်းတင်သွင်းခွင့် #စစ်ကောင်စီတပ် #ကန့်သတ်ထား #Ayeyarwaddy_Times

3 months, 2 weeks ago

စစ်ကောင်စီက တောင်ငူတွင် ရေဘေးထက် ၎င်းတို့ဖော်ဆောင်မည့် ကျုံးမြို့ရိုး စီမံကိန်းကိုသာ အာရုံစိုက်နေဟုဆို

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်တွင် ရေကြီးရေလျှံမှုကြောင့် လူသေဆုံးပြီး ရွာပေါင်းများစွာ ရေနစ်မြုပ်နေသော်လည်း စစ်ကောင်စီက ကူညီကယ်ဆယ်ရေး အဖွဲ့များကို တားဆီးပိတ်ပင်ကာ ၎င်းတို့ ဖော်ဆောင်မည့် ကျုံးမြို့ရိုး စီမံကိန်းကို အာရုံစိုက်နေကြောင်း ဒေသခံများနှင့် ပရဟိတအဖွဲ့များထံက သိရသည်။

ထိုဒေသအတွင်း ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်မှ စတင်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့် ကျေးရွာများကို စစ်ကောင်စီက ကူညီကယ်ဆယ်မှု နည်းပါးကာ လာရောက်ကူညီ လှူဒါန်းကြသူများကိုလည်း တားဆီးပိတ်ပင်ထားသောကြောင့် အရေးပေါ်အကူအညီများ လိုအပ်လျက် ရှိကြောင်း သိရသည်။

“ရေမကြီးခင်က တောင်ငူမှာ ကျုံးမြို့ရိုးဖော်ဆောင်မဲ့ စီမံကိန်းကရှိနေတော့ လူကြီးပိုင်းအများစု လာကြတာများတယ်။ အဲဒီမှာ သက်ဆိုင်ရာ လူကြီးပိုင်းတွေက လာမယ့်လူကြီး လမ်းကြောင်းကိုပဲ အာရုံစိုက်နေရတာနဲ့ သဘာဝဘေးကို အာရုံမစိုက်နိုင်ဘူး၊ အားနည်းတာပေါ့” ဟု တောင်ငူဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ၎င်းတို့အနေဖြင့် မည်ကဲ့သို့ လုပ်ဆောင်ပေးနေဟု ဝါဒဖြန့် သတင်းစာ၊ ရုပ်သံများ မှတဆင့် ထုတ်ပြန်ပြောဆိုနေသော်လည်း လက်ရှိတွင် တောင်ငူဒေသတစ်ဝိုက်တွင် ကူညီ ကယ်ဆယ်ရေး မရောက်သော နေရာအများအပြား ရှိနေသေးကြောင်း ဒေသခံများထံက သိရသည်။

“ကူညီဖို့ဆိုတာကလဲ အတားအဆီးတွေ ရှိနေတော့ လိုသလောက် မထိရောက်ဘူး ဖြစ်နေတယ်။ တောင်ငူမှာ အားအနည်းဆုံးက Information centre မရှိတာပဲ။ မြို့အဝင်ဂိတ်တွေမှာလည်း လှူဒါန်းရေးကားတွေကို စစ်ဆေးတာရှိတယ်။ စစ်ကောင်စီရဲ့ လှူဒါန်းရေးက အခုထိ ပြည်သူတွေအပေါ် မထိရောက်တာ အမှန်ပဲ“ ဟု ဒေသတွင်း ပရဟိတသမား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအပြင် စစ်ကောင်စီသည် တောင်ငူခရိုင်အတွင်း KNU နှင့် PDF စိုးမိုးသော နယ်မြေများရှိ ရေဘေးသင့် ကျေးရွာများကိုလည်း ကူညီရေးပစ္စည်းများ မရောက်ရှိအောင် တားဆီးပိတ်ပင်ထားပြီး ပရဟိတအဖွဲ့နှင့် အလှူရှင်များအနေဖြင့် ၎င်းတို့နှင့်သာ ချိတ်ဆက်ကူညီရန် ခြိမ်းခြောက်ထားကြောင်း သိရသည်။

လက်ရှိတွင် တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၇၅ ရွာ ရေနစ်မြှုပ်ကာ လူဦးရေ ၁၄၈,၅၀၀ ဦး ရေဘေသင့်လျက်ရှိပြီး ကျောင်းတစ်ကျောင်းပျက်စီး၍ လူခုနစ်ဦး သေဆုံး ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ စက်တင်ဘာ ၂၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ရေကြီးမှုကြောင့် စစ်တောင်းအရှေ့ဘက်ခြမ်းရှိ လယ်ယာပေါင်း ၂၀၃၇၂.၅၇ ဧက ပျက်စီးဆုံးရှုံးပြီး ကျွဲ၊ နွား အကောင်ရေ ၇၀ ကျော် အသေအပျောက်ရှိကာ ဇရပ်ကြီးတောင်ခြမ်း အုပ်စု၌လည်း လယ်ပျက်စီးမှု ၆၀၀၀ ဧကနှင့် ကျွဲ၊ နွား အသေအပျောက် ၇၀ ကျော်ရှိကြောင်း သိရသည်။

ယခု ၂၀၂၄ ခုနှစ် ရေကြီးရေလျှံမှုသည် ၅၈ နှစ်အတွင်း အကြီးမားဆုံး ရေကြီးရေလျှံမှုဖြစ်ပြီး တောင်ငူခရိုင်၌ လာမည့်နှစ်အတွင်း တောင်ပေါ်မြို့များအတွက် စားနပ်ရိက္ခာ ပြတ်လတ်သည့် အခြေအနေများ ဖြစ်‌ပေါ်လာနိုင်ကြောင်း KNU က ထုတ်ပြန်ဖော်ပြထားသည်။

ဓာတ်ပုံ- KNU
ပုံစာ- တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံနေမှုများ
#စစ်ကောင်စီ #တောင်ငူရေဘေး #ကျုံးမြို့ရိုးစီမံကိန်း #အာရုံစိုက် #Ayeyarwaddy_Times

3 months, 2 weeks ago

ပေါက်တောနှင့် ပုဏ္ဏားကျွန်းရှိ ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်၊ ဝမ်းလျှောနှင့် အရေပြားရောဂါများ ခံစားနေရပြီး ၅ နှစ်အောက် ကလေးသေဆုံးမှု ၁၀ ဦးအထိရှိလာ

ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ရက်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိ ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် အရေ ပြားရောဂါခံစားနေရသူများလာကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ရက်နေ့မှ စက်တင်ဘာ ၂၀ရက်အတွင်း ပေါက်တောမြို့နယ်၊ ဆင်တက်မော် မူဆလင် ဒုက္ခသည်စခန်းမှ ၅ နှစ်အောက် ကလေးငယ် လေးဦး ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် သေဆုံးခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ်အတွင်း အနောက်ရဲ မူဆလင်ဒုက္ခသည်စခန်း၌လည်း စက်တင်ဘာ ၄ရက်မှ စက်တင်ဘာ ၁၇ရက်အတွင်း ၅နှစ်အောက် ကလေးငယ် ခြောက်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး စုစုပေါင်း ခုနစ်ဦး ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် လူဦးရေ ၂၈၀၀ ခန့် နေထိုင်နေသည့် ပေါက်တောမြို့နယ် ဆင်တက်မော် မူဆလင် ဒုက္ခသည်စခန်းတွင် လူဦးရေများပြားကာ သောက်သုံးရေသန့်ရရှိရန် ခက်ခဲနေပြီး ဆေးဝါး လုံလောက်မှုမရှိသည့်အတွက် ထပ်မံကူးစက်နှုန်းမြင့်မားလာမည်ကို ထိတ်လန့်နေရကြောင်း ဒုက္ခသည်စခန်း ကူညီနေသူများထံက သိရသည်။

"အဓိကအနေနဲ့ ဆေးဝါးမရှိတာ။ ပြီးတော့ ရေမသန့်တာရယ် လူဦးရေထူထပ်ပြီး သန့်ရှင်းတဲ့ နေထိုင်မှု မရတာတွေကြောင့် ရောဂါတွေကဆိုးလာတာ။ ဆေးဝါးကလည်း NGO၊ INGO တွေဆီကပဲ မျှော်လင့်ချက်ရှိတယ်။ အပြင်ထွက်မကုနိုင်ဘူး။ သယ်ယူခွင့်လည်းမရှိဘူး။ သယ်လာရင်လည်း AAကို ကုပေးဖို့မလားဆိုပြီး ဖမ်းဆီးနှိပ်စက်တယ်။ မလွယ်ဘူး" ဟု စစ်ဘေးရှောင်များကို ကူညီနေသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ရှောင်ရွာများတွင်လည်း လူ ၂၅၀၀တွင် ၅၀၀ခန့်မှာ အရေပြားရောဂါ ခံစားနေရပြီး ထိရောက်သည့် ဆေးဝါးကုသမှုမရရှိသည့်အတွက် အချို့မှာ ရောဂါပြင်းထန်ကြောင်း သိရသည်။

ယားနာရောဂါများမှာ ကလေးများတွင်သာမက လူလတ်၊ လူကြီးမကျန်ဖြစ်ပွားနေပြီး လက်ချောင်း ကြား၊ ခြေချောင်းကြား၊ လက်၊ ခြေထောက်၊ မျက်နှာ၊ ဝမ်းဗိုက်နှင့် ကျောတစ်ကိုယ်လုံး နေရာအနှံ့ ဖြစ်ပွားနေကြောင်း သိရသည်။

ဆေးဝါးကုသရန်မှာလည်း ရခိုင်ပြည်နယ်အတွင်း ဆေးတချို့ပြတ်လပ်နေပြီး ပြည်နယ်အတွင်းသို့ ဆေးဝါးသယ်ယူမှုကို စစ်ကောင်စီက ပြင်းပြင်းထန်ထန်တားမြစ်ထားကာ သယ်ယူသူကိုပါ ဖမ်းဆီးမှုများ ပြုလုပ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ‌ဇွန်လ ၂၀ရက်နေ့က ရခိုင်ပြည်နယ် ဒေသအချို့ ရေကြီး ရေနစ်မြုပ်မှုများ ဖြစ်ပွားပြီးနောက် သောက်သုံးရေကန်၊ ရေတွင်းများအတွင်း ဆားငန်ရေနှင့် ညစ်ညမ်းရေများဝင်ရောက်လာ၍ မသန့်ရှင်းသောရေများကို ဒေသခံများ သုံးစွဲနေရပြီး အရေပြားရောဂါ ဖြစ်ပွားခံစားနေရသည်မှာလည်း လချီကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။

#ရခိုင် #ပေါက်တော #ပုဏ္ဏားကျွန်း #ဝမ်းပျက်ဝမ်းလျှော #အရေပြားရောဂါ #Ayeyarwaddy_Times

3 months, 3 weeks ago

စစ်ခေါင်းဆောင် စစ်ဆေးရေးဆင်းမည့်နေရာကို ကြိုတင်လုံခြုံရေးယူသည့် ရဲနှင့်စစ်သားအချို့ ရေနှင့် မျောပါသွား

ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်

နေပြည်တော်တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ပြီးနောက် သွားရောက်ကြည့်ရှုစစ်ဆေးမည့် စစ်ခေါင်း ဆောင်၏ လမ်းကြောင်းကို ကြိုတင်လုံခြုံရေးယူသည့်အဖွဲ့ထဲမှ ရဲနှင့်စစ်သား အချို့ရေနှင့်မျောပါ သွားကြောင်း သိရသည်။

နေပြည်တော် ပျဉ်းမနားမြို့အရှေ့ဘက်ရှိ ဈေးကုန်း နှင့် ဆင်သေရွာဘက်တွင် စစ်ခေါင်းဆောင်၏ လုံခြုံရေးအတွက် ကြိုတင်လုံခြုံရေးယူနေသည့် ရဲနှင့်စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သည် စက်တင်ဘာ ၁၃ ရက်နေ့က ရေစီးနှင့် မျောပါသွားခြင်း ဖြစ်ကြောင်း သိရသည်။

"စစ်ခေါင်းဆောင်ရော ဒုချုပ်ရော မြေပြင်ဆင်းပြီး စစ်ဆေးမှာဆိုတော့ လမ်းကြောင်းကြိုချထားတာ။ အဲဒီဘက်တွေက အဲဒီရက်တွေမှာ ရေကတအားတက်နေ၊ စီးနေတုန်း။ လုံခြုံရေးချထားရင်း ရဲနဲ့ စစ်သား ၂၀ လောက် ရေနဲ့မျောပါသွားတာ"ဟု တပ်သတင်းရင်းမြစ်င်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တပ်၏သတင်းများနှင့် စစ်ရေးသုံးသပ်ချက်များ ကိုရေးသားဖော်ထုတ်နေသည့် CDM ဗိုလ်ကြီးဇင်ယော်က "သေဆုံးဆိုတာထက် သေဆုံးဆိုရင် ပိုက်ဆံပေးရမှာ ကြောက်တာကိုး၊ ပေးရမှာ ကြောက်တော့ ပျောက်ဆုံးစာရင်းနဲ့ပဲသွားမှာသေချာပါတယ်" ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်၏ လုံခြုံရေးအတွက် ကြိုတင်လုံခြုံရေးယူသည့် ရဲနှင့်စစ်ကောင်စီတပ်သားများ ရေစီးနှင့်မျောပါသွားသည့် အခြေအနေကို ဧရာ၀တီတိုင်းမ်အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့ နံနက်အစောပိုင်းမှစတင်ကာ နေပြည်တော်နယ်မြေရှိ ကျေးရွာများတွင် မိုးများပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်လာ၍ ပြည်သူများပိတ်မိကာ သေဆုံးသည်အထိ ဖြစ်ပွားခဲ့ပြီး လမ်းတံတား များပြိုကျ ပျက်စီးခဲ့သည်။

ယင်းသို့ ရေကြီးနစ်မြုပ်မှုများဖြစ်ပွားပြီးနောက် စက်တင်ဘာ ၁၃ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နေပြည်တော်ရှိ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်များသို့ ရေကြီးသည့် အခြေအနေကို သွားရောက်ကြည့်ရှုခဲ့သည်။

အဆိုပါရေနစ်မြုပ်မှုများအတွင်း တပ်ကုန်းမြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှာ ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး ပျဉ်းမနားမြို့နယ်ရှိ စည်ပင်ကြီး၊ ချောင်းကမ်းကြီး၊ ညောင်ပင်ကြီး၊ ရွာသစ်ကြီး၊ ဈေးကုန်း၊ စက်ရုံရွာ၊ နှမ်းတော၊ ဆင်သေရွာ၊ ဇီးဖြူပင်စသည့် ကျေးရွာ တလျှောက် ရေနစ်မြုပ်၍ ယနေ့အချိန်အထိ အကူ အညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

အလားတူ နေပြည်တော်ရေကြီးမှုဖြစ်စဉ်တွင် တပ်ကုန်းမြို့ရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၁ နှင့် ၄ တွင်လည်း ရေကြီးနစ်မြုပ်၍ မြေပြိုမှုများကြောင့် သေဆုံးပျောက်‌ဆုံးမှုများရှိကာ လက်နက်ထုတ်လုပ်မှုရပ်နားရသည်အထိ ပျက်စီးမှုများရှိကြောင်း သိရသည်။

#နေပြည်တော် #စစ်ခေါင်းဆောင် #လုံခြုံရေး #ရဲ #စစ်သား #ရေမျောပါ #Ayeyarwaddy_Times

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 3 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 months, 3 weeks ago