Unlock a World of Free Content: Books, Music, Videos & More Await!

People's Spring

Description
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 days, 3 hours ago

Last updated 1 month, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 23 hours ago

1 month ago

"စစ်ကောင်စီက တစ်နေရာတည်းမှာ စုစုစည်းစည်းနဲ့ လူငယ်အများအပြားကို ဖမ်းဆီးနိုင်တာ၊ အတင်းအဓမ္မစစ်သားစုဆောင်းနိုင်တာက လတ်တလောကတော့ ဒုက္ခသည်စခန်းနဲ့ ရိုဟင်ဂျာတွေပဲ ရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့သည် တစ်နေရာနဲ့တစ်နေရာ သွားလာခွင့်ကို ပိတ်ပင်တားဆီးခံရတယ်။ နိုင်ငံရေးအရ သတင်းအချက်အလက်တွေကို လက်လှမ်းမီခွင့်မရှိဘူး။ နိုင်ငံရေးရေချိန်က ပြည်မက လူတွေလောက် ၊ တခြားသော လူမျိုးစုတွေလောက်မြင့်တက်မနေဘူး။ အဲဒီအတွက် အသုံးချတဲ့နေရာမှာ အကောင်းဆုံးအသုံးချလို့ရတဲ့သူတွေ ဖြစ်တယ်ဆိုတာ သူတို့(စစ်ကောင်စီ)အတွက် မဟာအခွင့်အရေးဖြစ်တယ်ပေါ့။ အဲဒီအတွက် စစ်တွေဒုက္ခသည်စခန်းလိုနေရာမျိုး၊ IDP စခန်းလို နေရာမျိုးကနေ စုဆောင်းစရာမလိုဘဲနဲ့ စုဆောင်းပြီးသား တစ်နေရာတည်းမှာ ရှိတဲ့သူတွေကို စတုန်းက သွားပြီး စည်းရုံးခဲ့တာရှိတယ်။ နောက်ပြီး ခြိမ်းခြောက်ပြီး စည်းရုံးတာတွေလည်း ရှိတယ်။ အစတုန်းက သူတို့(စစ်ကောင်စီ)က ငြင်းတယ် မဟုတ်ဘူးဆိုတာ။ နောက်ပိုင်းကျတော့ ရိုဟင်ဂျာတွေ ကိုယ်တိုင်ကိုက အဲဒီတုန်းက သူတို့တတွေကို စစ်သင်တန်းပေးနေတာတွေ၊ မှတ်တမ်းမှတ်ရာတွေကို တိုက်ရိုက်ကြီးကျွန်တော်တို့ဆီတွေကို ပို့ပေးခဲ့တာရှိတယ်။ လက်နက်ကိိုင်ပြီး ယူနီဖောင်းအပြည့်နဲ့"

-NUG ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုဝန်ကြီးဦးအောင်ကျော်မိုး

အပြည်အစုံ >>>

https://www.ludunwayoo.com/interviews-mm/2024/03/22/90062/

LuduNwayOo

“သေဆုံးသွားတဲ့ (စစ်တပ်က အဓမ္မစု​ဆောင်းစစ်သင်တန်း​ပေးပြီးစစ်တိုက်ခိုင်း၍​သေဆုံးခဲ့တဲ့ရိုဟင်ဂျာလူငယ်) ပမာဏက ရာချီပြီး ၁၀၀ နဲ့ ၁၅၀…

ရက္ခိုင့်တပ်​တော်-AA ရဲ့ထိုးစစ်​ကြောင့် မရှုမလှ ရှုံးနိမ့်ပြီး မြို့​တွေဆက်တိုက်လက်လွှတ်​နေရတဲ့ စစ်​ကောင်စီဟာ ရိုဟင်ဂျာ​တွေကို အသုံးချပြီး ရခိုင် နဲ့ ရိုဟင်ဂျာ ကြားလူမျိုး​ရေးပြသာနာဖန်တီးဖို့လည်း ကြိုးစား​နေပါတယ်။

"စစ်ကောင်စီက တစ်နေရာတည်းမှာ စုစုစည်းစည်းနဲ့ လူငယ်အများအပြားကို ဖမ်းဆီးနိုင်တာ၊ အတင်းအဓမ္မစစ်သားစုဆောင်းနိုင်တာက လတ်တလောကတော့ ဒုက္ခသည်စခန်းနဲ့ ရိုဟင်ဂျာတွေပဲ ရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့သည် တစ်နေရာနဲ့တစ်နေရာ သွားလာခွင့်ကို ပိတ်ပင်တားဆီးခံရတယ်။ နိုင်ငံရေးအရ သတင်းအချက်အလက်တွေကို လက်လှမ်းမီခွင့်မရှိဘူး။ နိုင်ငံရေးရေချိန်က ပြည်မက …
1 month ago

︎Short Story

  • စစ် စစ် စစ် #

-ရိုင်းစိုင်းသော်

"--- ဒေတာပက်ကေ့ဂ်ျက ဘယ်လို ဝယ်ရလဲ"
"အေး ငါလည်း မသိ ... ။ နေပါဦး၊ နင်က ပက်ကေ့ဂ်ျဝယ်ပြီး ဘာလုပ်မလို့လဲ"

ကျနော်က အမှတ်တမဲ့ ပြန်ဖြေလိုက်ပြီးမှ အလန့်တကြား ပြန်မေးမိသဖြင့် အတူတူထိုင်နေသော တခြားသူတွေပါ လှည့်ကြည့်ကြသည်။ ပက်ကေ့ဂ်ျဝယ်ချင်သည့် မောင်မင်းကြီးသားက သူ့မေးခွန်း မှားသွားပြီလားဟု တွေးမိသွား၍ မျက်လုံးလေး ကလယ်ကလယ်နှင့် ပြန်ဖြေသည်။

"ဟို အင်တာနက် သုံးချင်လို့လေ" ဆိုတော့ ကျနော်အပါအဝင် လှည့်ကြည့်လာသူများပါ ရယ်မိကြသည်။
"ဒီဒေသက အင်တာနက်မရတာ ကြာပြီကွ။ အာဏာသိမ်းပြီးနောက် အစောဆုံး အင်တာနက် ဖြတ်ခံရတဲ့ထဲမှာပါတယ်။"

ယခု အချီအချ စကားပြောခန်းလေး ဖြစ်ပေါ်လာသည့်နေရာက ကျနော်တို့ စစ်ဒေသသို့ ထပ်မံရောက်ရှိလာသော လူငယ်အချို့ကို ကြိုလာပြီး ခရီးတထောက်နား‌ရာ ကားလမ်းအနီး ဆိုင်ကလေးတွင်ဖြစ်သည်။ ဒီနယ်‌မြေလေးကို ကျနော်တို့ ဒေသတွင်း ရဲဘော်များကတော့ လိုင်ဇာဟု အမည်ပေးထားကြသည်။ တကယ့် လိုင်ဇာတော့ မဟုတ်သော လမ်းဘေးဆိုင်တန်းကြဲကြဲလေးက တောကြိုအုံကြားမှာ ရှင်သန်ကျက်စားရသော ရဲဘော်များအတွက်တော့ လွတ်မြောက်နယ်မြေထဲက မြို့ကြီးပြကြီးတခုလို ခံစားရသည်ကိုး။ တောထဲမှာ စားရခဲသည့် ဝက်သားတုတ်ထိုးကိုလည်း ဒီကိုရောက်လျှင် ဈေးချိုချိုနှင့် အဝစားနိုင်သည်လေ။

အင်တာနက်သုံးချင်သည်ဆိုသော လူငယ်လေးက ယနေ့မှ မြို့ကြီးတခုကနေ ထပ်မံရောက်ရှိလာသော လူသစ်ဖြစ်သည်။ သူ့ကို တခြားရဲဘော်များနှင့်အတူ တနေရာမှ ကြိုလာပြီး မြေလမ်းကြမ်းကြမ်းသို့ မဆင်းရမီ ခေတ္တ အမောပြေ ထိုင်နားကြခြင်းဖြစ်၏။

လက်ဖြောင့်ဆုရ ရဲဘော်ကျော်ကြီးကတော့ "မင်းက ဒီဘက်မှာ အင်တာနက်ဖြတ်ထားတာတောင် မသိဘူးဆိုတော့ မဟုတ်သေးပါဘူးကွာ" ဟု သူ့ပုံစံအတိုင်း ပြုံးပြုံး ပြုံးပြုံးဖြင့် မှတ်ချက်ပေးသည်။

ဟုတ်တော့လည်း ဟုတ်သည်။ စစ်ပွဲကာလတလျှောက် ငြိမ်သက်နေခဲ့သော မြို့ပြနေ လူငယ်အများစုက စစ်မှုထမ်းဥပဒေထွက်လာမှသာ နည်းနည်း ရုတ်ရုတ်သည်းသည်း ဖြစ်သွားကြသည်ဟု ကျနော်လည်း ယခင်က ထင်မိသည်။ ရဲဘော်တယောက် ပြောသလို ၃ နှစ်လောက် စကားမပြောတဲ့ သူငယ်ချင်းဟောင်းတွေက အခုမှ တဖွဲဖွဲ လာနှုတ်ဆက်နေကြတယ် ဆိုတာမျိုး ဖြစ်နေသည်။

ကျနော်ကတော့ ထွေထူးပြီး အပြစ်တင်မနေတော့ဘဲ အင်တာနက် စတင်ဖြတ်ခံခဲ့ရသည့်အချိန်များ၊ သတင်းအချက်အလက် မပြတ်အောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပုံများကိုသာ နောက် ရောက်လာသူများအား သိအောင် ပြောပြလိုက်သည်။

"မြို့ကြီးတွေမှာ ဒီကာလတလျှောက် အင်တာနက်ကအစ မခက်ခဲခဲ့တော့ တကယ့်စစ်ဒေသတွေမှာ ကြုံနေရတာကို သတင်းကြားရင်တောင် ဘယ်လိုလဲဆိုတာ သေချာ နားလည်နိုင်မှာမဟုတ်ဘူး။ အခု လက်တွေ့ ကြုံရတော့မှာပဲ။ အပြောင်းအလဲတွေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ စိတ်ကိုတော့ ပြင်ဆင်ထားကြမှ ဖြစ်မယ်။ ဥပမာ၊ ရှေ့ဆက်သွားရမယ့်လမ်းတွေက ကြမ်းတယ်လို့ ပြောတာသည် တော်လှန်လမ်းခရီးကို တင်စားရုံတင်မကဘဲ အပြင်မှာ တကယ်သွားရတဲ့ လမ်းတွေကိုပါ ဆိုလိုတာမျိုးပေါ့။"

အနားယူပြီး အမောပြေသွားကြပြီမို့ တဖွဲ့လုံး ပြန်လည် ရွှင်လန်းလာကြသလို ခရီးဆက်ရန်လည်း အဆင်သင့်ဖြစ်နေကြပြီ။

မည်သို့ပင် စိတ်ကို ပြင်ဆင်ထားကြသော်ငြား တလှိုင်းပြီး တလှိုင်းလာသည့် မညီမညာ မြေလမ်းကြမ်းကြောင့် မြီးညှောင့်ရိုး နာကြတာကတော့ ရဲဘော်ဟောင်း၊ ရဲဘော်သစ် မခွဲခြားဘဲ တသားတည်း အတူတူပင်။

လမ်းတလျှောက် ဖြတ်သန်းရာ ကျေးရွာများအနီးတွင် ကြယ်ဖြူပါ အနီရောင် အုတ်ဂူအသစ်များကို တွေ့နိုင်သည်။ တချို့နေရာတွင် တလုံးတည်းဖြစ် သော်လည်း တချို့နေရာတွင်မတော့ လက်တဘက်စာမက။ တချို့လည်း ရွာသုဿန်တွင် နေရာသပ်သပ်၊ တချို့မှာလည်း သီးသန့်နေရာလေးများတွင် ငြိမ်းချမ်းစွာ အနားယူနေကြသည်။ ရဲဘော်သစ်လေးများက လိုက်လံ ရေတွက်ကောင်း ရေတွက်မိမည်ဖြစ်သော်လည်း ရဲဘော်ဟောင်းများကတော့ သူတို့၏ တိုက်ဖော်တိုက်ဖက်များပေမို့ မည်သူက မည်သည့်နေရာတွင် လဲလျောင်းခဲ့သည်ကိုပါ အတပ်ပြောနိုင်မည် ထင်သည်။ ယခုအခါ ဖြတ်သန်းသွားစဥ် ဦးညွှတ်ရုံသာ တတ်နိုင်သော်လည်း ဒီလို အညတရ အာဇာနည်ဗိမာန်များကို မြင်တွေ့ရတိုင်း ရင်ထဲမှာ တမျိုးတမည် ခံစားရသည်ချည်းသာ။

ဦးတည်ရာဌာနေသို့ မရောက်မီ ကျေးရွာတရွာကို ဖြတ်သန်းပြီး လမ်းလျှောက်ရမည်မို့ ကိုယ့်အထုတ်ကိုယ် ဆွဲကြရပြီဖြစ်သည်။ ရဲဘော်သစ်ကလေးများမှာလည်း စစ်ပွဲ၏ သရုပ်သကန်အချို့ကို မြင်တွေ့ခဲ့ပြီဖြစ်၍ ၎င်းတို့၏ နုနယ်‌သေးသော မျက်နှာများတွင် ပိုမိုလေးနက်မှုက ပေါ်လွင်နေလေသည်။

ရွာထဲသို့ စတင်ဝင်လာသည်နှင့် တွေ့ရသည်က ထိုးထိုးထောင်ထောင် မီးလောင်အိမ်တိုင်များ၊ မည်းနက်သော မြေသားနှင့် အုံ့မှိုင်းသော တိတ်ဆိတ်မှုတို့ ဖြစ်လေ၏။

ဒေသခံပြည်သူများ စွန့်ခွာသွားသဖြင့် ရွာထဲတွင် လူသူကင်းမဲ့နေသည်။ မွေးမြူထားသော ကျွဲနွားပါမကျန် တောတောင်များထဲသို့ မိသားစုလိုက် စစ်‌ဘေးရှောင်ရင်း ပြောင်းရွှေ့နေထိုင်ကြရသဖြင့် ဘိုးစဉ်ဘောင်ဆက် နေထိုင်လာသော အိမ်များကို စွန့်ခွာထားခဲ့ကြပြီဖြစ်သည်။ စွန့်ပစ်ခံရွာကြီးထဲတွင် ချုံနွယ်ပိတ်ပေါင်း ထူထပ်နေသဖြင့် လူသွားလမ်းဟု မည်မည်ရရ မရှိတော့ဘဲ အိမ်ကြိုအိမ်ကြားနှင့် မီးလောင်ပြင်များမှသာ ဖြတ်သန်းသွားလာရသည်။

1 month ago

မသင်္ကာသူကို ဖမ်းဆီးထိန်းသိမ်းထားစဉ် လူသေမှုဖြစ်ပွား
၍ တပ်သားနှစ်ဦးအား ထောင်ဒဏ်နှစ် ၂၀ နှင့် တစ်လ ချမှတ်ထား​ကြောင်း KNDF အသိ​ပေး

ရဲခေါင်/People's Spring

မသင်္ကာသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ် လူသေမှုဖြစ်ပွားခဲ့ခြင်းကြောင့် တပ်သားနှစ်ဦးအား ထောင်ဒဏ်နှစ် ၂၀ နှင့် တစ်လ ချမှတ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန်သည်။

ယခုနှစ် ဖေဖော်ဝါရီ ၂၁ ရက် ည(၁၁)နာရီဝန်းကျင်တွင် အသက်(၂၇)နှစ်အရွယ်ရှိ ပီကင်းကောခူရွာတွင် နေထိုင်သူအရပ်သားတစ်ဦးကို ရပ်ရွာအတွင်း မူးယစ်ရမ်းကားမှု စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားစဉ် KNDF တပ်ဖွဲ့ဝင်အချို့မှ ပေးအပ်ထားသောလက်နက်ကို အသုံးပြုပြီး မလျော်ကန်သော ပစ်ခတ်မှုဖြစ်ကာ လူသေမှုဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

ထို့ကြောင့် ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ကနဦး စုံစမ်းစစ်
ဆေးမှုများ ပြုလုပ်ခဲ့ကာ စုံစမ်းစစ်ဆေးမှုများအပြီးတွင် ဖြစ်စဉ်အပေါ် စစ်ဘက်ဆိုင်ရာအက်ဥပဒေ ပုဒ်မ(၄၉)အရ ပထမအဆင့် ဗျူဟာစစ်ခုံရုံး စစ်ဆေးကြားနာမှုဆောင်ရွက်ခဲ့ကြောင်း အသိ​ပေးထားသည်။

ထို့နောက် ပုဒ်မ(၄၈)အရ ဗဟိုစစ်တရားရုံးချူပ်ကို ဖွဲ့စည်းပြီး ဥပဒေပြဌာန်းချက်နှင့်အညီ ကျူးလွန်သူ KNDF တပ်သား (၂)ဦး အား စစ်အက်ဥပဒေ ပုဒ်မ (၂၂)၊ (၃၀)အရ ထောင်ဒဏ်(၂၀)နှစ်နှင့် (၁)လပြစ်ဒါဏ်ခံယူရန် ဗဟိုစစ်ခုံ
ရုံးအဖွဲ့မှ ယနေ့တွင် စီရင်ချက်ချ မှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

"တရားမျှတ မှုကို အာမခံပေးတဲ့ အပြစ်ပေးအရေးယူမှု(စီရင်မှု)တစ်ခုကို လုပ်ပေးပါ ဆိုပြီး သေဆုံးသူရဲ့ မိသားစုဘက်က တောင်းဆိုတာ ရှိခဲ့တယ်။ကျွန်တော်တို့ KNDF အနေနဲ့ကလည်း တပ်ဖွဲ့ဝင်တွေ ပြစ်မှုကျူးလွန်တာရှိရင် ဒါကို စုံစမ်းစစ်ဆေးပြီးတော့မှ အဆင့်ဆင့်ခုံရုံဖွဲ့ပြီး အပြစ်ပေးစီရင်မှုတွေ ရှိပါတယ်။အဲဒီလို အပြစ်ပေးအရေးယူမှုတွေကို စစ်ဘက်ဆိုင်ရာ အက်ဥပဒေနဲ့ဆောင်ရွက်နေပါတယ်။KNDF ရဲ့ စစ်ဘက်ဆိုင်ရာ အက်ဥပဒေကို ၂၀၂၂ ခုနှစ်မှာ စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်"KNDF တာဝန်ရှိသူက လူထုနွေဦးသို့​ပြောသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အနေဖြင့် သစ္စာအဓိဌာန်(၅)ချက်၊ နိုင်ငံရေး မူဝါဒကြေညာစာတမ်းနှင့်အညီ လိုက်နာကျင့်သုံးရပ် တည်မှုကို ဆောင်ရွက်နေကြောင်းလည်း အသိပေးသည်။

1 month, 1 week ago

Photo News
စစ်ကျွန်မခံနဲ့ ရန်ကုန်သားတွေ”ဟု ချီတက်ဆန္ဒပြ

ရန်ကုန်မြို့တနေရာတွင် 'စစ်ကျွန်မခံနဲ့ ရန်ကုန်သားတွေ'ဟု ခေါင်းစဉ်ဖြင့် လူငယ်များက ယနေ့ ချီတက်ဆန္ဒပြခဲ့ကြသည်။

ပြည်သူလူထုအနေဖြင့် ဖက်ဆစ်တပ်၏စစ်ကျွန်ပြုမှုကိုလက်မခံပဲ ရရာနည်းလမ်းမျိုးစုံဖြင့်တွန်းလှန်ခြင်းဖြစ်စေ၊ လွတ်မြောက်ရေးနည်းလမ်းများဖြင့် ကြိုးစားခြင်းဖြစ်စေ ငြိမ်ခံမနေပဲ တစ်ခုခုလုပ်ကြရန်လည်း နှိုးဆော်ထားသည်။

1 month, 1 week ago

(ရှေ့တန်းတနေရာတွင် တွေ့ရသော KIA ရဲဘော်များ။ ဓာတ်ပုံ - KIA)

1 month, 1 week ago

မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီစခန်းများကို KIA ထပ်မံသိမ်းပိုက်

▪️စစ်ဆင်ရေး ၁၁ရက်အတွင်း စစ်ကောင်စီတပ် စခန်း ၃၀ခန့်အား KIA သိမ်းပိုက်နိုင်ခဲ့

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ ထပ်မံသိမ်းပိုက်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

မိုးမောက်မြို့နယ်ရှိ ဘွမ်ဆန်တောင် တပ်စခန်းကို KIAက ယနေ့ (မတ်လ ၁၇ရက်)တွင် သိမ်းပိုက် လိုက်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ တပ်စခန်းသိမ်းပိုက်မှုအပါအဝင် လတ်တလော စစ်ရေးအခြေအနေများကို KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

KIA၏ စစ်ရေးသတင်းများ ဖော်ပြလေ့ရှိသည့် 7Stars Newsက ယနေ့တွင် မိုးမောက်မြို့နယ်ရှိ တပ်စခန်း ၆ခုကို KIAက သိမ်းပိုက်ခဲ့သည်ဟု ဖော်ပြသည်။

မတ်လ ၁၇ရက် မွန်းလွဲပိုင်းတွင် KIAတပ်မဟာ (၃)နယ်မြေရှိ ဖကော်န်တပ်စခန်းအား KIA တပ်မဟာ (၃)တပ်ရင်း (၁၅)တပ်ဖွဲ့ဝင်များနှင့် KPDFပူးပေါင်းတပ်တို့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မတ်လ ၁၇ရက် နံနက်ပိုင်းတွင် ဆန်ဂန်တပ် စခန်း၊ ဘွမ်ဆန်တပ်စခန်း ၊ခလုန်ကရုန်တပ်စခန်း၊ မန်ဒါ တပ်စခန်း၊ ဘွမ်ကပေါ်တပ်စခန်းတို့အား သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့သည့်ကြားမှ တပ်စခန်းများအား သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခု သိမ်းပိုက်ခဲ့သည့် တပ်စခန်းများသည် KIAနှင့် စစ်တပ်တို့ တကျော့ပြန် တိုက်ပွဲစတင်ခဲ့သည့် ၂၀၁၁တွင် စစ်ကောင်စီတပ်များ တပ်စွဲထားသည့်စခန်းများ ပါဝင်သည်ဟု စစ်ရေး သတင်းရင်းမြစ်အချို့က အသိပေးထားသည်။

KIA အနေဖြင့် မတ်လ ၇ရက်မှစတင်၍ စစ်ကောင်စီတပ်စခန်းအများအပြားကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင်လာရာ စစ်ဆင်ရေး ၁၀ရက်အတွင်း တပ်စခန်း ၃၀ခုထက်မနည်းကိုသိမ်းပိုက်ထားပြီးဖြစ်သည်။

KIA တပ်မဟာ (၁)၊ (၃)၊ (၅) နှင့် တပ်မဟာ (၉) နယ်မြေတို့တွင် တပ်စွဲအထိုင်ချထားသော စစ်ကောင်စီတပ်စခန်းငယ်၊ စခန်းကြီး ကာကင်း စုစုပေါင်း (၃၀)ကျော်ခန့်အား သိမ်းပိုက်ထားပြီဖြစ်ကြောင်း 7Stars News က ဖော်ပြထားပြီး တပ်စခန်းအမည်များကို ပူးတွဲဖော်ပြခဲ့သည်။

KIA တပ်မဟာ (၁) နယ်မြေ၊ ဆွမ်ပရာဘွမ်မြို့နယ်ရှိ ဆွမ်ပရာဘွမ်ရဲစခန်း၊ မလိယာန် တပ်စခန်း၊ ဆွမ်ပီယာန်ရှိ စကစတပ်စခန်းတို့အား သိမ်းပိုက်ထားပြီး ဆွမ်ပရာဘွမ်ဗျူဟာစခန်းကုန်အား KIAက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ဆွမ်ပရာဘွမ်မြို့ကို KIAက ထိန်းချုပ်ထားပြီး စစ်ကောင်စီ ဗျူဟာစခန်းရရှိရေး ဆက်လက် တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ယနေ့မနက်တွင် ပြောပြသည်။

မိုးမောက်မြို့နယ်အတွင်း သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီတပ်စခန်းများမှာ ဘွမ်ဆန်၊ ဆန်ဂန်၊ ခလုန်ကရုန်၊ မန်ဒါ၊ ဘွမ်ကပေါ်၊ ဖကော်န်၊ တာပိန်မြစ်တံတား တပ်စခန်း၊ နမ့်ဖတ်ခ တပ်စခန်း၊ ဒါဆိုင်း (ခလရ- ၂၃၇)တပ်ရင်း၊ မြို့သစ်တံတားစခန်းနှင့် ကာကင်းအချို့ တို့အား

KIAနှင့် KPDFပူးပေါင်းတပ်တို့မှ တိုက်ခိုက်သိမ်းပိုက်ထားသည်ဟု 7Stars News က ဖော်ပြထားသကဲ့သို့ အဆိုပါ တပ်စခန်းများ သိမ်းနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကလည်း ပြောပြထားသည်။

KIAတပ်မဟာ (၅) နယ်မြေ၊ လိုင်ဇာမြို့အနီးရှိ အင်တပ်ဘွမ် တပ်စခန်း၊ ခယာဘွမ် တပ်စခန်း၊ မလိတပ်စခန်း၊ အင်လုံခ တပ်စခန်း၊ ဟန်းကိုင်တပ်စခန်း (ခလရ-၁၄၂) ၊ နောင်ရာဇင်ခန် တပ်စခန်း၊ လီဆူပါဂျောင်၊ ဘွမ်ရယ်ဘွမ်တပ်စခန်း၊ လုံရော့ခ်တပ်စခန်း ၊ ဒေါ့ဖုန်းယန် အခြေစိုက်(ခလရ-၁၄၂)တပ်ရင်း၊ ဖွန်းပျန်ဘွမ်တပ်စခန်း နှင့် ကာကင်းအချို့တို့အား တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ကြောင်း 7Stars News က ဖော်ပြကာ လိုင်ဇာမြို့အနီးတဝိုက်တွင် စကစတပ်ကင်းစင်နယ်မြေ အဖြစ်သတ်မှတ်နိုင်ပြီဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် KIAတပ်မဟာ (၉)နယ်မြေ၊ ဖားကန့်ဒေသရှိ တန် ၃၀၀၀ တပ်စခန်း၊ ကသိုဏ်းတောင် တပ်စခန်းဆိုင်းတောင်ရဲစခန်း၊ တာမခန်တပ်စခန်း (ခမရ-၁၁၉)တို့ကိုလည်း KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားသည်။

1 month, 2 weeks ago
People's Spring
1 month, 2 weeks ago
People's Spring
1 month, 2 weeks ago

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက(၁၀၀၀)ကျွန်းစိုက်ခင်းအနီးနဲ့ နင်းလှ-စိန်ကန့်လန့်ရိုးမဖြတ်လမ်း ဟိုင်းယုလမ်းဆုံအနီးတို့မှာ စစ်ကောင်စီတပ်များနဲ့ လေးရက် အတွင်း တိုက်ပွဲပေါင်း ၆ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၈၀ ကျော်သေဆုံးတယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း(၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တိုက်ပွဲများမှာ မတ်လ ၇ ရက်မှ ၁၀ ရက်အထိဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ၈၃ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဘက်မှ ရဲဘော်သုံးဦးထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ထံမှ MA3 သေနတ်တစ်လက်၊ ကျည်ဘောက်များနဲ့ အသုံးအဆောင်များရရှိခဲ့တယ်လို့ သိရပါတယ်။

1 month, 3 weeks ago

(စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့စစ်ခေါ် ပျူစောထီးသင်တန်းပေးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 days, 3 hours ago

Last updated 1 month, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 23 hours ago