ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago
မြန်မာအပါအဝင် ၉၃ ဦး ကို မလေးရှားရဲဖမ်းဆီး
~~~
■ မလေးရှားနိုင်ငံ အမ်ပန်းဂျာယာမှာရှိတဲ့ တိုက်ခန်းတစ်ခုကို လူဝင်မှုကြီးကြပ်ရေးဌာနက ဒီဇင်ဘာ ၆ ရက် အစောပိုင်းက ဝင်ရောက်စီးနင်းရာ မြန်မာနိုင်ငံသားတွေအပါအဝင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၉၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း Bernama news က ဖော်ပြပါတယ်။
ဖမ်းဆီးမိသူတွေဟာ အသက် လေးလ ကနေ ၅၅ နှစ်ကြားရှိသူတွေဖြစ်ပြီး မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ ပါကစ္စတန်နိုင်ငံသားတွေဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
ဒီဒေသအတွင်း နေထိုင်တဲ့ တရားမဝင်ရွှေ့ပြောင်းသူတွေနဲ့ပတ်သက်ပြီး တိုင်ကြားထားတဲ့ လူ ၁၈၉ ဦးကို ဌာနက စစ်ဆေးခဲ့ကြောင်း၊ တချို့က စစ်ဆင်ရေးအတွင်း ထွက်ပြေးဖို့ ကြိုးစားကြတယ်လို့ ဆိုပါတယ်။
______
မလေးရှား အမ်ပန်းမြို့တွင် တရားမဝင်နိုင်ငံခြားသားများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့က ဖမ်းဆီးခဲ့စဉ်။ (Citizen Photo)
#မလေးရှား #ရွှေ့ပြောင်း #လူဝင်မှုကြီးကြပ်ရေး #လွတ်လပ်တဲ့အာရှအသံ #rfaburmese
ယုံကြည်ချက် မယိမ်းယိုင်ဖို့ တပ်ဖွဲ့ဝင်တွေကို စစ်ခေါင်းဆောင် သတိပေး
~~~
■ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) လုပ်ကြတဲ့ စစ်ကောင်စီတပ်သားတွေရှိနေတာကြောင့် တပ်ဖွဲ့ဝင်တွေ ယုံကြည်ချက်၊ ခံယူချက်တွေ မယိမ်းယိုင်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတိပေးလိုက်ပါတယ်။
ဒီဇင်ဘာလ ၆ ရက်နေ့က မန္တလေးတိုင်း၊ ပြင်ဦးလွင်စစ်တက္ကသိုလ်မှာလုပ်တဲ့ ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ ပြောခဲ့တာပါ။
နိုင်ငံတာဝန်ကို ထမ်းဆောင်နေတဲ့ တပ်မတော်သားအချင်းချင်း စိတ်ဝမ်းကွဲအောင်နဲ့ စစ်ကောင်စီတပ်ကို ဖြိုခွဲဖို့ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေကြတာတွေကို သတိထားဖို့လည်း သူကပြောပါတယ်။
စစ်ခေါင်းဆောင် ပြင်ဦးလွင်က ဗိုလ်လောင်းသင်တန်းဆင်းပွဲကို မနေ့က သွားရောက်စဉ် မြို့တွင်းနဲ့ မြို့အဝင်အထွက်တွေကို လုံခြုံရေးတင်းကျပ်ထားပြီး သံချပ်ကာကားတွေနဲ့ပါ လုံခြုံရေးကင်းလှည့်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိမှာ ပြင်ဦးလွင်မြို့နဲ့ မိုင်နှစ်ဆယ်ခန့်ဝေးတဲ့ ဂန့်ကော်ရွာ၊ ဘန့်ဘွေးရွာနဲ့ အုမ္မသီးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့် နှစ်ဦးအပါအဝင် အရာရှိနဲ့ အခြားအဆင့် စစ်သည်အဆင့် စုစုပေါင်း ၆၁ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အောက်တိုဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နယ်မှာလှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့တွေကလည်း ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်မှာ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းက တပ်ဖွဲ့ဝင်သုံးဆယ်နီးပါး ပြီးခဲ့တဲ့ရှစ်လအတွင်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာတယ်လို့ အခုလဆန်းပိုင်းမှာ RFA ကိုပြောထားပါတယ်။
________
RFA Burmese Website တွင် ဖတ်ရှုရန်…
#မင်းအောင်လှိုင် #CDM #စစ်တက္ကသိုလ် #လွတ်လပ်တဲ့အာရှအသံ #rfaburmese
အမ်းက စစ်ကောင်စီတပ်စခန်း ဆယ်ခုကို သိမ်းယူလိုက်ကြောင်း AA ကြေညာ
~~~
■ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တစ်ခုကလွဲပြီး လေဆိပ်အနီးစခန်းတွေအပါအဝင် တပ်ရင်းတပ်ခွဲ နောက်ထပ် ဆယ်ခုကို သိမ်းယူလိုက်တယ်လို့ အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
အမ်းအခြေစိုက် စစ်ကောင်စီတပ်ရဲ့ ဗျူဟာဌာနချုပ်တွေ၊ ကာကင်းတွေ၊ တပ်ရင်းဌာနချုပ်တွေ အပါအဝင် စစ်ကောင်စီဘက်က ပြန်လည်ခုခံနေတဲ့ စခန်း ၃၀ ကျော်ထဲမှာ ကျန်ရှိနေတဲ့ နပခ ဌာနချုပ်ကို အပြီးသတ်သိမ်းနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်နေတယ်လို့လည်း ဆိုပါတယ်။
AA သိမ်းပိုက်ရရှိထားတဲ့ စခန်းတွေထဲမှာ အမှတ် ၉၅၆ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ ခြေမြန်တပ်ရင်း ၃၇၁ နဲ့ ၃၇၂ တပ်ရင်း၊ လျှပ်စစ်အလုပ်တပ်ခွဲ၊ အမှတ် ၉၂၆ ထောက်ပံ့ပို့ဆောင်ရေးတပ်ခွဲ စတဲ့ တပ်ရင်းတပ်ခွဲ ကိုးခုနဲ့ လေဆိပ်အတွင်းအပြင်မှာရှိတဲ့ စခန်းတွေ ပါဝင်ပါတယ်။
နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း နပခ လက်အောက်မှာရှိတဲ့ တပ်ရင်းတွေအပါအဝင် တပ်စခန်းရှစ်ခုကို AA သိမ်းယူခဲ့ပါတယ်။ အဲဒီနောက် ၁၈ ရက်အကြာမှာ နောက်ထပ် စခန်း ဆယ်ခုကို ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။
အမ်းတိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မ ၈၈ လက်အောက်ခံ ဗျူဟာတစ်ခုကိုလည်း နိုဝင်ဘာ ၂၈ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ သုံးရက်နီးပါးတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က သေဆုံးသူ တစ်ရာကျော်နဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းနိုင်ခဲ့သလို သုံ့ပန်းတချို့လည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်တွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
AA ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။
အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မောင်တောမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း AA က ကြေညာထားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲကာလ တစ်နှစ်အတွင်း မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့အထဲက ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
________
RFA Burmese Website တွင် ဖတ်ရှုရန်…
#ရခိုင် #အမ်း #AA #လွတ်လပ်တဲ့အာရှအသံ #rfaburmese
ပြည်ပသတင်းမီဒီယာတွေပြောတဲ့ မြန်မာပြည်
“တရုတ်အစိုးရ မြန်မာ့အရေးကို စစ်အေးခေတ်က အမြင်နဲ့ရှုမြင်နေ”
~~~
■ တရုတ်နိုင်ငံဟာ မြန်မာစစ်တပ်ကို မှားယွင်းတဲ့တရားဝင်ဖြစ်မှု ပေးနေတယ်လို့ သုံးသပ်ထားတဲ့ ဂျာမန် DW သတင်းဌာနက ဆောင်းပါးနဲ့ တရုတ်အစိုးရဟာ မြန်မာ့အရေးကို စစ်အေးခေတ်က အမြင်နဲ့ ရှုမြင်နေတဲ့အတွက် စစ်ကောာင်စီဘက်က ရပ်တည်လိုက်တာ ဖြစ်တယ်လို့ သုံးသပ်ထားတဲ့ War on the Rocks မဂ္ဂဇင်း ဆောင်းပါးတွေကို ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။
____________
RFA Burmese Website တွင် ဖတ်ရှုရန်…
#တရုတ် #မြန်မာ့အရေး #လွတ်လပ်တဲ့အာရှအသံ #rfaburmese
မနက်ခင်းသတင်း (၂၀၂၄ နိုဝင်ဘာ ၃၀ ရက်)
~~~
- ရခိုင်ပြည်နယ်အရေးမှာ အပြုသဘောဆောင်တဲ့ကဏ္ဍကနေ ပါဝင်ကူညီဖို့ တရုတ်ကတိပြု
- ဆေးရုံဆေးခန်းတွေ တိုက်ခိုက်ခံရမှုကို တားဆီးအရေးယူဖို့ နိုင်ငံတကာကို NUG တိုက်တွန်း
- တရုတ်ကနေ မူဆယ်ကို စားသောက်ကုန်နဲ့ စက်သုံးဆီတင်သွင်းခွင့် စစ်ကောင်စီ ကန့်သတ်
- အင်းတော်မှာ အရပ်သားတစ်ရာကျော် သုံးလကျော်ကြာ ပိတ်မိနေ
- နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ ၇၅ ဦးရှိ
- မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံအရေး အိန္ဒိယထိပ်တန်းလုံခြုံရေးအရာရှိတွေ ဆွေးနွေး
- မြန်မာတရားမဝင်နေထိုင်သူတွေကြောင့် လူမျိုးရေးပြဿနာဖြစ်ရကြောင်း မဏိပူရ်အစိုးရပြော
____________
#သတင်းများ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
ဝါသနာကို စွန့်လွှတ်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အားကစားသမားတစ်ယောက်
~~~
■ ပြည်တွင်း ပြည်ပ အားကစားပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေ ရရှိထားတဲ့ အားကစားသမားတစ်ယောက်ဟာ အခုတော့ လက်နက်ကိုင်စွဲကိုင်ပြီး အာဏာရှင်တော်လှန်ရေးမှာ ပါဝင်နေပါတယ်။ ရဲဘော်ခေးယူရဲ့ တော်လှန်ရေးကာလအတွေ့အကြုံတွေကို ကိုကျော်စိုးလင်း တင်ပြထားပါတယ်။
____________
RFA Burmese Website တွင် ဖတ်ရှုရန်…
#ရဲဘော်ခေးယူ #အားကစားသမား #PDF #လွတ်လပ်တဲ့အာရှအသံ #rfaburmese
သတ်ဖြတ်ခံရတဲ့ အလွတ်သတင်းထောက် ကိုထက်မြတ်သူရဲ့ မိခင်နေအိမ် ချိပ်ပိတ်ခံရ
~~~
■ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လက်ပြရွာမှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ အလွတ်သတင်းထောက် ကိုထက်မြတ်သူရဲ့ မိခင်နေအိမ် ချိပ်ပိတ်ခံလိုက်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို နိုဝင်ဘာလ ၂၃ ရက် ဒီနေ့ပြောပါတယ်။
နိုဝင်ဘာလ ၂၂ ရက် မနေ့က နေ့လယ် နှစ်နာရီခန့်မှာ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့က ကျေးရွာတာဝန်ရှိသူတွေနဲ့ လာရောက် ဓာတ်ပုံရိုက်ပြီး ချိပ်ပိတ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ရွာက တာဝန်ရှိသူဆီ ရဲစခန်းကနေ ဖုန်းခေါ်တယ်။ အိမ်ချိပ်ပိတ်မယ်ဆိုပြီး ဒါပေမဲ့ အဲ့ဒီနေ့ကတော့ ရောက်မလာခဲ့ဘူးလို့ သိရပါတယ်။ မနေ့ကတော့ နေ့လယ် ၂ နာရီလောက် ကားတွေနဲ့ လာပြီး ဘာစကားမှ မပြောဘူး။ သူတို့ဘာသာ စာကပ် ဓာတ်ပုံတွေရိုက် အိမ်ကို လှည့်ပတ်ကြည့်ပြီး ထွက်သွားတယ်။ ကိုထက်မြတ်သူရဲ့ အဘွားနဲ့ အမေကတော့ ပြောင်းပေးရတယ်လို့ သိရပါတယ်"
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးစောကြည်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ဩဂုတ်လ ၂၁ ရက်က ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာမှာနေထိုင်တဲ့ အလွတ်သတင်းထောက် ကိုထက်မြတ်သူရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း ပစ်ခတ်တာကြောင့် ကိုထက်မြတ်သူနဲ့ သတင်းထောက် ကိုဝင်းထွဋ်ဦး အပါအဝင် အဲဒီနေအိမ်ကို ရောက်ရှိနေတဲ့ ဒေသခံတစ်ဦးနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ကလည်း သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဦးကိုကိုဇော်ဟာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်နေတယ်ဆိုပြီး မော်လမြိုင်မြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်ကို စစ်ကောင်စီတပ်က ချိပ်ပိတ်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူတွေ ပိုင်ဆိုင်တဲ့ နေအိမ်၊ ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံနဲ့ စီးပွားရေးလုပ်ငန်း စုစုပေါင်း တစ်ထောင်ကျော် (၁,၁၅၉) ခုကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
_________
စစ်ကောင်စီ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် သတင်းထောက် ကိုထက်မြတ်သူ (ဝဲ) နှင့် ကိုဝင်းထွဋ်ဦး (ယာ) တို့အား တွေ့ရစဉ်။ (Citizen Photo)
#မွန်ပြည်နယ် #သတ်ဖြတ်မှု #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
နောင်ချိုမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခြောက်ဦး ထိခိုက်
~~~
■ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၊ ဈေးရပ်ကွက်မှာ နိုဝင်ဘာလ ၂၂ ရက် မနေ့ညက စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ခြောက်ဦး ထိခိုက်သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ပေါင်ငါးရာ ဗုံးနှစ်လုံး ကြဲချသွားတာကြောင့် နေအိမ် ခြောက်လုံးလည်း ထိခိုက်ပျက်စီးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"လူတွေ အိပ်ချိန် ညသန်းခေါင်မှာ လာကြဲတာ၊ နောင်ချိုမှာတော့ နေ့တိုင်းလိုလိုပဲ။ ညက ကြဲတာက နယ်မြေ ၁၀ ဘက်က နေအိမ်တွေ ထိသွားတယ်။ ဒဏ်ရာရတွေလည်းရှိတယ်။ ဆေးပေးခန်းတွေမှာ ဆေးကုနေတယ်”
_________
စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် အဆောင်အအုံများအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တွေ့ရစဉ်။ (PSLF/TNLA News Photo)
#ရှမ်းပြည်နယ် #လေကြောင်းတိုက်ခိုက်မှု #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
မင်းတပ်မှာ တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု အကြိမ် နှစ်ဆယ်ကျော်လုပ်
~~~
■ ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ နိုဝင်ဘာလ ၂၂ ရက်မနေ့က တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂၁ ကြိမ်လုပ်တယ်လို့ မင်းတပ် ဒေသခံတွေက RFA ကို ပြောပါတယ်။
မင်းတပ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းညီနောင် မဟာမိတ်ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး နို၀င်ဘာ ၂၃ ရက်နေ့ ဒီနေ့ မနက် ၁၀ နာရီ ခန့်အထိ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှု ပြင်းပြင်းထန်ထန်လုပ်နေတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲဟာ အချိန် ၁၉ နာရီကြာလာတဲ့အထိ အဆက်မပြတ်ဖြစ်နေတယ်လို့ ချင်းညီနောင်အဖွဲ့ ပြောခွင့်ရသူ ကိုယောမန်က RFA ကို ပြောပါတယ်။
"တိုက်ပွဲကတော့ တောက်လျှောက် ရက်ဆက်ထိတွေ့နေတယ်။ စစ်ကောင်စီက ဖိုက်တာနဲ့ တောက်လျှောက်လာဗုံးကြဲတယ် "
စစ်ကောင်စီတပ်ဟာ ပေါင် ငါးရာဗုံးသီး၊ အတွဲလိုက်ဗုံးသီးတွေအပြင် ဆင့်ပွားပေါက်ကွဲအားပြင်းတဲ့ Cluster ဗုံးတွေကို အသုံးပြုပြီး လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်တချို့ ထိခိုက်ပျက်စီးတာရှိပေမဲ့ အသေးစိတ် မသိရသေးဘူးလို့ ဒေသခံတွေနဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ဒီနေ့မနက် ၆ နာရီခန့်မှာ မကွေးလေတပ်ကနေ မင်းတပ်မြို့ပေါ် က ခြေလျင်တပ်ရင်း ခလရ (၂၇၄) ကို ရိက္ခာတွေ ချပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ မင်းတပ်နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှာ အောင်ပွဲရနေတာတွေရှိတယ်လို့ နိုဝင်ဘာ ၂၂ ရက်နေ့မှာလုပ်တဲ့ ချင်းညီနောင် စစ်ဆင်ရေးအတွက် အရေးပေါ် ရန်ပုံငွေရှာဖွေပွဲမှာ CDF မင်းတပ်ရဲ့ စစ်ဦးစီးချုပ် ကိုထန်းချွန်းဖေးက ပြောထားပါတယ်။
တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ရဲ့ ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
နိုဝင်ဘာလ ပထမအပတ်ကတည်းက မင်းတပ်မြို့မှာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဘုရားကျောင်း အပါအဝင် နေအိမ် ငါးဆယ်ကျော် ပျက်စီးတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
_________
မင်းတပ်မြို့တွင် နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဥ်။ (Facebook/ Ĥkl Mindat)
#ချင်းပြည်နယ် #လေကြောင်းတိုက်ခိုက်မှု #လွတ်လပ်တဲ့အာရှအသံ #rfaburmese
တစ်လအတွင်း PDF နဲ့ ပကဖ ခြောက်ဦးကို အရေးယူခဲ့ကြောင်း NUG ထုတ်ပြန်
~~~
■ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဝင် ခြောက်ဦးကို အောက်တိုဘာလအတွင်း အရေးယူခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ PDF တွေနဲ့ ပကဖ တွေကို အဆင့်ဆင့် စည်းကမ်းထိန်းသိမ်းအရေးယူမှုတွေ ဆောင်ရွက်နေပြီး ခြောက်ဦးကို ထုတ်ပြန်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူ ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
အကျဉ်းစစ်တရားရုံး စစ်ဆေးတာနဲ့ စစ်ခုံရုံးက စစ်ဆေးပြီး PDF နှစ်ဦးကို ထောင်ဒဏ်အပြစ်ပေးခဲ့သလို စုံစမ်းစစ်ဆေးရေးခုံရုံး စစ်ဆေးပြီး ပကဖ လေးဦးကိုလည်း အရေးယူခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲလေးဦးထဲက တစ်ဦးကို ရာထူးက ထုတ်ပယ်တာ၊ နှစ်ဦးကို တာဝန်ကနေ ခြောက်လရပ်ဆိုင်းတာ တစ်ဦးကို စာနဲ့ သတိပေးအရေးယူခဲ့တယ်လို့လည်း ဆိုပါတယ်။
ဘယ်နေရာက ဘယ်သူတွေကို အရေးယူခဲ့သလည်းဆိုတာတော့ ထည့်သွင်းထုတ်ပြန်ခြင်းမရှိသလို NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းပေမဲ့ လက်တလော ဆက်သွယ်လို့ မရသေးပါဘူး။
NU ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ PDF နဲ့ ပကဖတွေကို စည်းကမ်းသေဝပ်ပြီး ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်တစ်ရပ် ဖြစ်လာစေဖို့ ရည်ရွယ်ကြောင်းနဲ့ လိုအပ်တဲ့ ထိန်းကြောင်းမှုတွေကို အဆင့်ဆင့်ဆောင်ရွက်နေသလို မျှတတဲ့တရားစီရင်မှုတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူတာတွေ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သခွတ္တောရွာက အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့တဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ရွှေဘိုခရိုင်တပ်ရင်း (၂)က ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ဆယ်နှစ် ချမှတ်ကြောင်း ထုတ်ပြန်ထားပါတယ်။
_________
RFA Burmese Website တွင် ဖတ်ရှုရန်…
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago