Unlock a World of Free Content: Books, Music, Videos & More Await!

People's Message

Description
ပြည်သူမှ ပြည်သူသို့ “မက်ဆေ့” ပေးရန် ရည်ရွယ်သည်။
Advertising
We recommend to visit

ကြော်ငြာထည့်သွင်းရန် @Vip_admin_3

Last updated 6 days, 18 hours ago

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 3 weeks ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago

2 months, 2 weeks ago

စစ်ကောင်စီ၏ ခြေလှမ်းများနောက်မှ INUG နှင့် ဆက်စပ်တော်လှန်အစုအဖွဲ့များ

၂၀၁၀ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်တွင် အတည်ပြုပြဌာန်းခဲ့သော “ပြည်သူ့စစ်မှုထမ်းဥပဒေ (၂၇/၂၀၁၀)” ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှစတင် အာဏာတည်စေရမည်ဖြစ်ကြောင်း အမိန့်ကြေငြာစာအမှတ် (၂၇/၂၀၂၄) ဖြင့် အာဏာလုစစ်ကောင်စီက ထုတ်ပြန်ကြေငြာခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်ကာလ ၂၀၂၂ ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို တစ်နှစ်အတွင်း ပြဌာန်းမည်ဟု ပြောကြားခဲ့ပြီး နှစ်နှစ်အကြာတွင် လက်တွေ့ထုတ်ပြန်လာခြင်းဖြစ်သည်။

မြေပြင်အခြေအနေ သတင်းအချက်အလက်များအရ စစ်ကောင်စီမှ ယင်းဥပဒေကို အာဏာတည်ကြောင်း ထုတ်ပြန်သည့် မရှေးမနှောင်းကာလမှာပင် ပြည်သူများ၏ ဇီဝဆိုင်ရာအချက်အလက်များ (bio data) ထည့်သွင်းထားသည့် မှတ်ပုံတင်စနစ်ကို စတင်ကောက်ယူရန်ကြိုးပမ်းနေခဲ့ပြီးဖြစ်သည်။ Biometrics ဟုခေါ်သည့် ဇီဝအချက်အလက်များတွင် လက်ဗွေရာအပြည့်အစုံယူခြင်း၊ မျက်စိ စကန်ဖတ်ခြင်းတို့ပါဝင်ကြောင်း သိရပြီး စစ်ကောင်စီ၏အာဏာသက်ရောက်လျက်ရှိသည့် တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်အဆင့်အုပ်ချုပ်ရေးလက်တံများမှတဆင့် လုပ်ဆောင်နေကြသည်ဟု သိရသည်။

စစ်ခေါင်းဆောင်ဘက်က တရားဝင်ပြောကြားထားသည့်အချက်အလက်များကို အခြေခံပါက ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံခြင်းလုပ်ငန်းစဥ်ပြီးဆုံးပါက ရွေးကောက်ပွဲလုပ်ငန်းစဥ်ကို ဆက်လက်ဖော်ဆောင်လာနိုင်ချေရှိပြီး မကြာသေးမီကပြောဆိုခဲ့သည့် “ဖွဲ့စည်းပုံပြင်ဆင်ရေး” နှင့် “ငြိမ်းချမ်းရေးဖော်ဆောင်ရေး” လုပ်ငန်းစဥ်များကို ဆက်တိုက်လုပ်ဆောင်သွားမည့်အလားအလာရှိနေသည်။

စစ်ကောင်စီအနေဖြင့် စီးပွားရေး၊ နိုင်ငံရေးနှင့် တချို့သောသံတမန်ရေး မျက်နှာစာများတွင် ဆက်တိုက်ကျရှုံးနေပြီး ၄င်းတို့၏ထောင်ချီသော လက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့်တိုင် ၎င်းတို့ အာဏာသက်ရောက်လျက်ရှိသည့်နယ်မြေများရှိ အစိုးရဝန်ထမ်းများနှင့် အုပ်ချုပ်ရေးယန္တယားများကို ဆက်တိုက်အသုံးချ၍ အဆိုပါနယ်မြေများနှင့် တော်လှန်ပြည်သူများအား နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ထိန်းချုပ်နိုင်ရေးအတွက်ကြိုးစားနေကြောင်းမြင်ရသည်။ ၄င်းတို့ကောက်ယူရရှိထားသည့် ပြည်သူများ၏ဇီဝဆိုင်ရာအချက်အလက်များကို နည်းပေါင်းစုံဖြင့်အသုံးချပြီး သန်းခေါင်စာရင်းကောက်ခံခြင်းနှင့် ရွေးကောက်ပွဲကျင်းပခြင်းဖြစ်စဥ်ကို တရားဝင်ဖြစ်အောင်လုပ်ဆောင်နိုင်ခဲ့ပါက နိုင်ငံတကာအသိုင်းအဝိုင်းမှ လက်မခံလိုသော်လည်း ငြင်းပယ်ထားခြင်းမရှိသည့် စစ်ကောင်စီ၏ အာဏာတည်မြဲရေးခြေလှမ်းအတွက် အထောက်အကူပြုနိုင်စရာဖြစ်နေသည်။ ၎င်းတို့လုပ်ရပ် အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် တရုတ်နိုင်ငံ၏ ကြားဝင်မှုသည် ၁၀၂၇ ကဲ့သို့ စစ်ဆင်ရေးကြီးများ ပြန်လည်ဦးမော့မလာနိုင်စေရန် တစုံတရာ အဟန့်အတားဖြစ်နေသည်ကိုလည်း သတိပြုရမည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ၏သက်ရောက်မှု နှင့် လူဦးရေစာရင်းနှင့် ဇီဝဗေဒဆိုင်ရာအချက်အလက်များကောက်ယူမှုများ၏သက်ရောက်မှုတို့ကိုတွက်ချက်ပြီး လာမည့်လအနည်းငယ်အတွင်း စစ်ကောင်စီဘက်ကဖော်ဆောင်လာမည့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းစဥ်သည်လည်းကောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဥ်သည်လည်းကောင်း မိမိတို့အတွက်အန္တရာယ်ရှိကြောင်းကို တော်လှန်ရေးအင်အားစုများ နားလည်သဘောပေါက်ကြပြီး တန်ပြန်ဗျူဟာခင်းရန်မည်သို့ အမြန်ဆုံးညှိနှိုင်းစုစည်းကြဖို့လိုအပ်နေသည်မှာအငြင်းပွားစရာမဟုတ်။

တစ်ဘက်တွင် ၃ နှစ်ကြာသည့်တိုင် စစ်ရေး၊ နိုင်ငံရေး ဦးဆောင်နေသည်ဆိုသော်လည်း မြေစမ်းခရမ်းပျိုးအဆင့်မှ မတက်နိုင်ကြသေးသော၊ တကမ္ဘာလုံးမှ မြန်မာပြည်သူများ၏ လူအင်အား၊ ငွေအင်အားကို ရရှိထားသော်လည်း ထိရောက်စွာ အသုံးချနေသည်ကိုမမြင်ရနေသော တော်လှန်ရေးတပ်ဦး ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ INUG မှာ စစ်ကောင်စီကို တန်ပြန်ရန် စာထုတ်ခြင်း၊ တိုင်ကြားစာပို့ရန် နှိုးဆော်ခြင်းတို့ကိုသာ လုပ်နိုင်နေပြီး လက်တွေ့အာဏာ၃ရပ်လွှမ်းခြုံသက်ရောက်လည်ပတ်မှုကို နိုင်ငံ၏ မည်သည့်အစိတ်အပိုင်းများတွင် ဖော်ဆောင်နေမှန်း ရေရေရာရာမသိရပေ။ စစ်ကောင်စီတပ်၏ လက်ချက်ဖြင့် ပြာပုံများ အပျက်အစီးများ ပြည့်နေပြီဖြစ်သည့် ကောလင်းမြို့ကို ဥပမာတစ်ခုအနေဖြင့် မြင်နိုင်သည်။

ဘေးကျပ်နံကျပ်စစ်ကောင်စီ၏ ခြေလှမ်းများထက်ပင် နောက်ကျလျက်ရှိသည့် တော်လှန်ရေးတပ်ဦးအစိုးရနှင့် ဆက်စပ်အစုအဖွဲ့တချို့ထံမှ ထင်ရှားသော စစ်ရေး၊ နိုင်ငံရေး အလှည့်အပြောင်းနှင့် ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးလမ်းစဥ်ကို ပီပြင်စွာ (လက်တွေ့ကျကျ၊ အဆင့်လိုက်၊ ပွင့်လင်းမြင်သာစွာ) လုပ်ဆောင်နေသည့် ခေါင်းဆောင်မှုများနှင့် တော်လှန်ရေးဖြစ်စဥ်ကိုရှင်းရှင်းလင်းလင်းမမြင်ရ၊ အသိပေးမခံရပဲဖြစ်နေရာ ထိုမှတဆင့် ဖက်ဒရယ်တည်ဆောက်ရေးအလှမ်းဝေး၊ နယ်မြေစိုးမိုးမှုလည်း မသေချာနှင့် မကြာမီတွင် နွေဦးတော်လှန်ရေးစင်မြင့်ထက်မှ အနားယူချိန်ရောက်သွားမည်လားဟု စိုးရိမ်စရာအခြေအနေတစ်ရပ်အဖြစ် ဆင်ခြင်စူးစမ်းမိပါကြောင်း။

ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄
People's Message
#Political_Accountability
#Events_Process

2 months, 2 weeks ago
People's Message
3 months, 3 weeks ago
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ပျက်သုဉ်းရေးနှင့်

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ပျက်သုဉ်းရေးနှင့်
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဟူသည်
စစ်တိုက်ခိုင်းရန်အတွက် ကြွေးကြော်သံသက်သက်လား။

ချာတာရှိပြီးသားဟု အကြောင်းပြ၍ နိုင်ငံရေးခရီးကြမ်း တော်လှန်ရေးခရီးရှည်ကို
ချာတာ၏ကြားကာလအစီအမံများဖြင့်
ဆေးမြီးတို ရေတိုကုစားနည်းဖြင့်သာ ဆက်သွားနေသလား။

#peoplemessage

3 months, 3 weeks ago
သပိတ်တိုင်းမှာ လူထုပါခဲ့တယ်

သပိတ်တိုင်းမှာ လူထုပါခဲ့တယ်
ကမ်ပိန်းတိုင်းမှာ လူထုပါခဲ့တယ်
ကလစ်တွေနဲ့ ထောက်ပို့မှန်သမျှမှာ လူထုပါခဲ့တယ်
NUCC မှာဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို သိခွင့်မရခဲ့ကြပဲ NUG အသိအမှတ်ပြုရေးတိုင်းမှာ လူထုပါခဲ့တယ်
လူထုဟာ အရင်ကလည်းပါခဲ့တယ် .. အခုထိလည်း ဆက်ပါနေတယ် .. နောက်လည်းခံနိုင်ရည်ရှိသမျှ ဆက်ပါနေဦးမှာ ဖြစ်တယ်...

#peoplemessage

4 months, 2 weeks ago

ပျားရည်ဆမ်းကာလ ၃ နှစ်နောက်ပိုင်း တော်လှန်ရေးတပ်ဦး ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (INUG)

၂၀၂၃ နှစ်သည် ကုန်ဆုံးခဲ့ပြီဖြစ်သည်။ “စစ်ခွေးနိဂုံး ၂၀၂၃” ဟု ကြွေးကြော်ကာ အဆုံးသတ်တိုက်ပွဲဝင်ကြဖို့ နှိုးဆော်ခဲ့ကြသည့်၊ တော်လှန်ရေးရံပုံငွေမြှင့်တင်ကောက်ခံခဲ့ကြသည့် တော်လှန်ရေးတပ်ဦးများအနေဖြင့် ၂၀၂၃ ကုန်ဆုံးခြင်းသည် တော်လှန်ရေး၏အဆုံးသတ်မဟုတ်ခဲ့သည်ကို သိမြင်ကြပြီးဖြစ်လိမ့်မည်။ သို့မဟုတ် ယင်းကြွေးကြော်သံများမှာ ပြည်သူတို့စိတ်အင်အားတက်ကြွစေရေး တစ်နှစ်တစ်ခါ မျှော်လင့်ချက်ပေးရန် တီထွင်ကြံဆခြင်းသက်သက်ဟု ဆင်ခြေပေးကြမည်လား မဝေခွဲတတ်ပါ။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းသည့်အခြေအနေနှင့် ယခင် ၁၉၆၂ ခုနှစ် အာဏာသိမ်းအခြေအနေ မတူညီသည်ကို အာဏာသိမ်းပြီးသည့်နောက်ဖြစ်ပေါ်လာသည့်အကျိုးဆက်များအားဖြင့် သိနိုင်သည်။ ၂၀၂၁ အာဏာသိမ်းခြင်းဖြစ်ရပ်သည် မြန်မာနိုင်ငံလွတ်လပ်ရေးရယူချိန်ကတည်းက ဖြစ်တည်လာသော ပြည်တွင်းစစ်၏နောက်ခံအကြောင်းတရားများဖြစ်သည့် ပြည်ထောင်စုအခြေတည်ခြင်းဖြစ်စဥ်မအောင်မြင်မှုဆိုင်ရာသမိုင်းကားချပ်ကို ပြန်လည်ဆွဲဖွင့်နိုင်သည့်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့သည်။ ၂၀၂၁ လူထုအုံကြွမှုနှင့် လက်နက်ကိုင်တော်လှန်ရေးသည် ၁၉၈၈ နောက်ပိုင်းဖြစ်ပွားခဲ့သော တော်လှန်အုံကြွမှုအမျိုးမျိုးနှင့်ဆက်စပ်နေသော်လည်း ကွဲပြားသည်။ နိုင်ငံရေးဖြစ်စဥ်အတွင်း လိုအပ်ချက်ဖြစ်နေသည့် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစစ်စစ်မှန်မှန်ပေါ်ပေါက်ရေး" သည် ယခင်က "ဒီမိုကရေစီရရှိရေး" ဟူသည့် ကြွေးကြော်မှုနှင့် ကွဲပြားနေသည်။ လက်နက်ကိုင်တော်လှန်ရေး၏အရှိန်အဟုန်နှင့် ကျယ်ပြန့်မှုအားတွင်လည်း ၂၀၂၁ သည် ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးများထက် များစွာသာလွန်အားကောင်းခဲ့သည်။

၂၀၂၃ ကုန်ဆုံးခဲ့သည့်တိုင်အောင် ၂၀၂၁ အာဏာသိမ်းမှုမအောင်မြင်နိုင်သေးသည်အထိ ပြည်သူလူထု၏ ဆန့်ကျင်မှုပုံစံအမျိုးမျိုးသည် တောက်လောင်အားကောင်းနေဆဲဖြစ်သော်လည်း ပြည်သူတို့၏ စိတ်အင်အား၊ လူအင်အား ထည့်ဝင်မှုများကို တော်လှန်ရေးဦးတည်ချက်များအဖြစ်ပုံပြောင်းကာ အောင်မြင်မှုများဆောင်ကြဥ်းနိုင်ရန် နိုင်ငံရေးဦးဆောင်မှုပေးသည့်နေရာကိုယူထားသည့်တပ်ဦးက မည်သို့ဦးဆောင်နေသည်ကို ပြည်သူတို့မသိရ နားလည်ခွင့်မရဖြစ်နေသည်။ INUG အနေဖြင့် လက်တွေ့ကျကျနိုင်ငံရေးစဥ်းစားချက်များ ဆုံးဖြတ်ချက်များကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအကြား ယူဆောင်လာကာ ညှိနှိုင်းဆွေးနွေးကြပြီး အဆိုပါ စဥ်းစားညှိနှိုင်းဆုံးဖြတ်ချက်များကိုအခြေခံသည့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများဖြင့်သာ "တစ်သံတည်းညီ၊ တစ်ချီတည်းရုန်း" ဆိုသည့်အတိုင်း အလုပ်လုပ်နိုင်ကြမည် ဟု ယူဆသည်။

၂၀၂၃ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းအတွင်း မြေပြင်တိုက်ပွဲဖော်ဆောင်နေသည့် ဒေသခံတပ်ဖွဲ့များ နှင့် INUG လက်အောက်ခံတပ်ဖွဲ့များအကြား ပွတ်တိုက်မှုများ၊ ပ သုံးလုံးဟု အလွယ်ခေါ်ကြသည့် ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေး အစုအဖွဲ့များ၏ ရောထွေးနေသောအခန်းကဏ္ဍ၊ မည်သို့သောမူဘောင်စည်းမျဥ်းများကိုအခြေခံနေကြောင်း မသဲကွဲသည့် အရေးယူမှုများ၊ မိုးကျရွှေကိုယ် နီးစပ်ရာရွေးချယ်တာဝန်ခန့်အပ်မှုများနှင့် ၎င်းအစုအဖွဲ့များနှင့် ဒေသခံတပ်ဖွဲ့များအကြား ပွတ်တိုက်မှုများ စသည့် အခြေအနေအဖြစ်အပျက်များကို ကြားကာလ INUG အစိုးရအနေဖြင့် အရှိအတိုင်းလက်ခံ ဆန်းစစ်သုံးသပ်ရန် လိုအပ်နေသည်။

၁၀၂၇ အပါအဝင် နောင်လာမည့်စစ်ဆင်ရေးကြီးများတွင်မည်သို့ ပူးပေါင်းပါဝင်နိုင်ရေး၊ မလိုအပ်သော အုပ်ချုပ်ရေးယန္တယားများနှင့် ဝန်ကြီးဌာနများကို အပြီးရပ်တန့်ရေး၊ မိမိတို့မည်သည့်နိုင်ငံရေးဖြစ်စဥ်သို့သွားနေကြောင်း နိုင်ငံခြားအစိုးရများနှင့် ရှင်းရှင်းပြတ်ပြတ်စကားပြောနိုင်ရန်ပြည်တွင်းနိုင်ငံရေးအင်အားစုအမျိုးမျိုးနှင့် လက်တွေ့ကျသောနိုင်ငံရေးညှိနှိုင်းမှုများစတင်ရေး စသည့် အရေးကြီးခြေလှမ်းများကို "ဖက်ဒရယ်ချာတာအစိတ်အပိုင်း(၁)နှင့်အညီ" ၂၀၂၄ ခုနှစ်၏ ဦးတည်ချက်အဖြစ် အကောင်အထည် ဖော်ရန် လိုအပ်နေပြီဖြစ်သည်။

နိုင်ငံရေးဖြစ်စဥ်များတွင် ရွေးကောက်တင်မြှောက်ခံရသည့်အစိုးရများအား ၎င်းတို့၏ လုပ်ငန်းခွင်စွမ်းဆောင်ရည်သက်တမ်းနုနေသေးသည်ကို ငဲ့ညှာသောအားဖြင့် "ပျားရည်ဆမ်းကာလ ၃ လ" သတ်မှတ်ကာ အတိတ်မှအမှားများကို သင်ခန်းစာယူပြီး ပိုမိုအားကောင်းသော မူဝါဒများစဥ်းစားလုပ်ဆောင်လာနိုင်ရန် တွန်းအားပေးကြသည့် အလေ့အထရှိသည်။ ၂၀၂၃ အဆုံးသည် အမျိုးသားညီညွတ်ရေးအစိုးရ အမည်ရ ကြားကာလတော်လှန်ရေးတပ်ဦးအစိုးရ၏ "ပျားရည်ဆမ်းကာလ ၃ နှစ်နီးပါး" ပြီးဆုံးခဲ့ပြီဖြစ်သည်။ တချိန်ချိန်တွင် တနည်းနည်းဖြင့် အဆုံးသတ်သွားမည့် တော်လှန်ရေး၏ အောင်ပွဲစင်မြင့်ထက်တွင် ဆက်လက်ပါဝင်ရပ်တည်နေနိုင်ရန်မှာ ကြားကာလ တော်လှန်ရေးတပ်ဦး INUG အနေဖြင့် ပြည်သူတို့၏ လက်ကျန်အင်အားများကို အလဟဿမဆုံးရှုံးစေတော့ပဲ တန်ဖိုးအမြင့်ဆုံးဆွဲတင်နိုင်မည့် ခြေလှမ်းများအား အမြန်ဆုံး ပြန်လည်စဥ်းစားဆုံးဖြတ်နိုင်ကြစေရန်အချိန်မလွန်သင့်တော့ကြောင်း ထပ်မံသတိပေး တိုက်တွန်းလိုက်ပါသည်။

ဇန်နဝါရီ ၂၊ ၂၀၂၄
People's Message
#Events_Process
#Political_Accountability

4 months, 2 weeks ago
People's Message
6 months ago
နိုင်ငံရေးခေါင်းဆောင်တချို့၏ ထင်ယောင်ထင်မှားတွေးကြောက်မှု (Paranoia) သည် ဖက်ဒရယ်ခရီး နှောင့်နှေးခြင်း၏ …

နိုင်ငံရေးခေါင်းဆောင်တချို့၏ ထင်ယောင်ထင်မှားတွေးကြောက်မှု (Paranoia) သည် ဖက်ဒရယ်ခရီး နှောင့်နှေးခြင်း၏ အကြောင်းရင်းဖြစ်နေသလား   နွေဦးတော်လှန်ရေး ၂၀၂၁ သည် မြန်မာနိုင်ငံရေးဖြစ်စဥ်အတွက် ဖက်ဒရယ်အချိုးအကွေ့ကို ဆောင်ကြဥ်းလာခဲ့ပြီးသည့်နောက် ဖက်ဒရယ်လမ်းကြောင်းသို့…

6 months ago

နိုင်ငံရေးခေါင်းဆောင်တချို့၏ ထင်ယောင်ထင်မှားတွေးကြောက်မှု (Paranoia) သည် ဖက်ဒရယ်ခရီး နှောင့်နှေးခြင်း၏ အကြောင်းရင်းဖြစ်နေသလား

နွေဦးတော်လှန်ရေး ၂၀၂၁ သည် မြန်မာနိုင်ငံရေးဖြစ်စဥ်အတွက် ဖက်ဒရယ်အချိုးအကွေ့ကို ဆောင်ကြဥ်းလာခဲ့ပြီးသည့်နောက် ဖက်ဒရယ်လမ်းကြောင်းသို့ တရားဝင်လမ်းကြောင်းတည်ဆောက်၍သွားကြမည်ဆိုရာတွင် နည်းလမ်းအမျိုးမျိုး အကြံဉာဏ်အသွယ်သွယ် ဇာတ်ကြောင်းအစုံစုံနှင့် အကြိတ်အနယ်ငြင်းကြခုံကြ ဖြစ်လာကြသည်။ မြန်မာနိုင်ငံရေးဖြစ်စဥ်အတွင်း တွေ့မြင်ရလေ့ရှိသည့်အလေ့အထများအရ ခေါင်းဆောင်အများစုသည် ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်လိုသည့် စိတ်ဆန္ဒများပြည့်ဝကောင်းပြည့်ဝမည်ဖြစ်သော်လည်း လုပ်ဆောင်ချက်များအရ နိုင်ငံရေးပန်းတိုင်တိတိကျကျ ဦးတည်ချက်ခိုင်ခိုင်မာမာ၊ ဗျူဟာကျကျဖြင့် လူထုကို ဦးဆောင်မှုပေးနိုင်ခြင်း အားနည်းကာ မရှင်းလင်းသော ဦးတည်ချက်များ မရေရာသော လုပ်ဆောင်ချက်များမှ တဆင့် ရလာဒ်အလွဲများနှင့်သာ အဆုံးသတ်သွားလေ့ရှိခြင်းဖြစ်သည်။

စိတ်ကူးယဥ်နိုင်ငံတော်ကို ပုံစံအမျိုးမျိုးနှင့်တည်ဆောက်ချင်သည်မှာ ဖြစ်နိုင်သော်လည်း နည်းစနစ်တကျ တိတိကျကျ ပုံဖော်နိုင်မှသာ လက်တွေ့သဘောတရားနှင့် ထင်ဟပ်နိုင်မည်ဖြစ်သည်။ ရွေးကောက်ပွဲဒီမိုကရေစီမှ ဆင်းသက်သည့် အာဏာသုံးရပ်ကို တပေါင်းတည်းကျင့်သုံးလျှက် ပိုနေမြဲ၊ ကျားနေမြဲ အနေအထားအတိုင်း အထိုင်တည်ကာ ပြည်ထောင်စုအာဏာ နှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ် အာဏာကို ခွဲခြားမည်ဆိုလျှင် ပြည်မ နိုင်ငံရေးအာဏာနှင့် ပြည်နယ်နိုင်ငံရေးအာဏာ တိတိပပ ကွဲပြား/ခွဲခြားနိုင်ခြင်းမရှိပဲ ဗဟိုအာဏာချုပ်ကိုင်မှုပုံစံသို့ ပြန်လည်ဦးတည်သွားမည် ဆိုသည်ကို ပြည်မအခြေပြုနိုင်ငံရေးသမားများ အစဥ်သတိပြုရန် လိုအပ်သည်။

ဗဟိုမှတိုက်ရိုက်ကွပ်ကဲနိုင်မည့်လက်တံများကို ပြည်နယ်/ဖက်ဒရယ်ယူနစ်များသို့ ဖြန့်ကျက်၍ ဗဟိုနှင့် ဖက်ဒရယ် ယူနစ်များအကြား ညှိနှိုင်းရန်ကြိုးစားခြင်းသည် ဗဟိုအာဏာချုပ်ကိုင်မှုပုံစံကို တိုးချဲ့ခြင်းသာဖြစ်သည်။ ဖက်ဒရယ်စနစ်ကို အမှန်တကယ်ဖော်ဆောင်နိုင်ရန် ဒီမိုကရက်တစ်နည်းလမ်းတကျ (နိုင်ငံရေးအရ ပါဝင်မှု မူဘောင်ကိုချဲ့ထွင်ခြင်း တနည်းအားဖြင့် စစ်ရေးဘောင်ကို ကျဥ်းစေခြင်း) ချဥ်းကပ်မည်ဆိုလျှင် ဗဟိုအစိုးရ/ ဖက်ဒရယ်အစိုးရ ဖွဲ့စည်းသည့်အဆင့်မှာပင် ဖက်ဒရယ်ယူနစ် အသီးသီး၏ ကိုယ်စားပြုမှုကို တိတိပပ ဖော်ဆောင်နိုင်မည့်လမ်းကြောင်းသို့ ဦးတည်ကြရန် လိုအပ်သည်။

“ဗဟိုချုပ်ကိုင်မှုလျော့နည်းသွားလျှင် နိုင်ငံပြိုကွဲမည့်လမ်းကြောင်းပေါ်ရောက်ရှိသွားနိုင်သည်”၊ “နိုင်ငံအဆင့် ဆုံးဖြတ်ချက်များတွင် ပါဝင်သောအတွေ့အကြုံမရှိသေးသောကြောင့် ပြည်နယ်/ဖက်ဒရယ် ယူနစ်များတွင် အာဏာအပ်နှင်းရန်စောနေသေးသည်” စသည့် ဇာတ်ကြောင်းများနှင့် စိုးရိမ်မှုများသည် ဗဟိုတွင်သာ အာဏာ သုံးရပ်ကို ဆက်လက်ချုပ်ကိုင်ထားလိုသော တစ်နည်း ပြည်မမှ တိုက်ရိုက်ကွပ်ကဲနိုင်မည့်အာဏာကို လက်မလွှတ်လိုသော နိုင်ငံရေးခေါင်းဆောင်များ၏ ထင်ယောင်ထင်မှားတွေးကြောက်မှု (paranoia) သာဖြစ်သည်ဟု ယူဆလိုပါသည်။ တဖက်တွင်လည်း ပြည်နယ်/ဖက်ဒရယ် ယူနစ်များအကြား လိုချင်သည့် ဖက်ဒရယ်စနစ် ပုံစံ မတူညီနေခြင်း၊ တနိုင်ငံလုံးအဆင့် လွှမ်းခြုံစဥ်းစားချက်များကို မမြင်သာနေခြင်းတို့က ပြည်နယ်/ ဖက်ဒရယ် ယူနစ်များ ဖြစ်လာမည့် လမ်းကြောင်းကို ဝေဝါးစေနိုင်ကြောင်း သတိပြုကြရန်လိုသည်။

အဆိုပါ ထင်ယောင်ထင်မှားတွေးကြောက်မှု (paranoia) များ လျှော့ချရန် နည်းလမ်းအချို့မှာ ဖြစ်ပျက်နေသည့် နိုင်ငံရေးအခြေအနေများကို ပြည်သူလူထုနားလည်သိရှိလာစေရန်၊ နိုင်ငံရေးအရ ခေါင်းဆောင်နေသူများ အချင်းချင်းကြား ပွင့်လင်းမြင်သာစွာ ပူးပေါင်းညှိနှိုင်း အလုပ်လုပ်ကြရန် နှင့် တော်လှန် ပြည်သူတို့၏ အသံများ၊ ဆန္ဒများကို နိုင်ငံရေးဆုံးဖြတ်ချက်တိုင်းတွင် ထင်ဟပ်နိုင်စေရန် တို့ပင်ဖြစ်သည်။

နိုဝင်ဘာ ၂၀ ၊ ၂၀၂၃
People's Message

#peoplemessage
#paranoia
#political_process

6 months ago

၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးသည် System Change လား Regime Change လား

လူထုလွတ်မြောက်ရေး လူထုတိုက်ပွဲ လူထုတော်လှန်ရေး အားလုံးဟာ အနှစ်သာရအားဖြင့် အတူတူပဲလို့သာ နားလည်ပါတယ်။ လူထုတိုက်ပွဲဖြစ်ဖြစ် လူထုလွတ်မြောက်ရေးဖြစ်ဖြစ် ဘာကြောင့် ဘယ်လို ဆိုတဲ့ ကြောင်းကျိုးဆင်ခြင်မှု အတွေးအခေါ် တွေမပါရင် တော်လှန်ရေးလို့ ဆိုနိုင်ပါသလား။ အာဏာလုရေးသက်သက် စစ်ပွဲ လူသတ်ပွဲ သက်သက်သာ ဖြစ်နေမလား။

နိုင်ငံရေးသမားတွေ ဥပဒေပညာရှင်တွေ လူထုခေါင်းဆောင်ဆိုသူတွေမှာပဲ တွေးခေါ်ခွင့်ရှိတာ/တွေးခေါ်တတ်တာ မဟုတ်ပါ။ လူအများလွတ်မြောက်ရေးအတွက် တော်လှန် တိုက်ပွဲဝင်နေသူအားလုံးမှာ တွေးခေါ်ပိုင်ခွင့်ရှိပါတယ်။ လူတစ်ယောက်စီတိုင်းမှာ ကိုယ်ပိုင်အချုပ်အခြာအာဏာ (Self-sovereignty) ရှိသလို ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် (Self-determination) လည်း ရှိတာမို့ လွတ်လပ်စွာတွေးခေါ်တတ်ဖို့ တွေးခေါ်နိုင်ဖို့လည်း လိုပါတယ်။

စစ်အာဏာရှင်/စစ်အုပ်စုကိုဆန့်ကျင်တဲ့အနေနဲ့ တော်လှန်ရေးဘက်ကို ဝင်ထောက်ခံယုံ အများက/အပေါ်ကခိုင်းတာတွေ လိုက်လုပ်ယုံပဲဆိုရင် ကိုယ်ပိုင်အတွေးအခေါ်အရတော်လှန်တဲ့ တော်လှန်ရေး ဟုတ်မဟုတ် ပြန်စဥ်းစားသင့်ပါတယ်။ တဖက်မှာလည်း အတွေးအခေါ်တော်လှန်ရေးရဲ့အဓိကအစိတ်အပိုင်း အမြုတေတွေဖြစ်တဲ့ စစ်မှန်တဲ့နိုင်ငံရေးစိတ်ဆန္ဒ (Political Will) နဲ့ တည်ကြည်ဖြောင့်မတ်မှု (Integrity) တွေ လိုအပ်ပါတယ်။ မဟုတ်ရင် မိမိတို့ရဲ့ တော်လှန်ရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ ရှင်းလင်းမှန်ကန်ဖို့ ထိရောက်အောင်မြင်ဖို့ ဖြစ်နိုင်မလားဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။

နိုင်ငံရေးသမားများ၊ လူထုခေါင်းဆောင်ဆိုသူများသာ နိုင်ငံရေးမှာပါဝင်ခွင့်ရှိတာမဟုတ်ပဲ ပြည်သူလူထုဆိုသူတွေလည်း နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင်ခွင့် (Direct Democracy နဲ့ Public Participation) တွေ ရှိနေပါသေးတယ်။ နိုင်ငံရေးမှာပါဝင်ဖို့ နိုင်ငံရေးသိပ္ပံ/နိုင်ငံရေးပါရဂူဘွဲ့ရထားမှသာ ပါဝင်ခွင့်ရှိတာမဟုတ်သလို လက်သန်းမှင်စွန်းလိုက်တာနဲ့တင် နိုင်ငံသားတာဝန် ကျေပွန်သွားတာမဟုတ်ကြောင်းကိုလည်း သတိချပ်စေချင်ပါတယ်။ တော်လှန်ဖို့အတွက် လက်နက်ကိုင်ထားသူများ/တပ်ဖွဲ့များလည်း နိုင်ငံရေးကို အခြေခံသဘောလောက်တော့ သိမြင်နားလည်နေကြရမှာဖြစ်ပြီး ၎င်းတို့ကို ထောက်ပံ့/ထောက်ခံနေတဲ့ ပြည်သူတွေမှာလည်း အလားတူနိုင်ငံရေးအသိအမြင်ရှိကြဖို့ လိုအပ်ပါတယ်။

စစ်အာဏာရှင်နဲ့ စစ်အုပ်စုပြုတ်ကျရေးသက်သက်သည်သာ တော်လှန်ရေးဖြစ်တယ် လို့ ခေါင်းစဉ်တပ်နေခြင်းဟာ စနစ်ပြောင်းတော်လှန်ရေး (System Change) မဟုတ်ပဲ အာဏာပလ္လင်အပြောင်းအလဲ (Regime Change) အတွက်သာ တော်လှန်တဲ့ အာဏာလုပွဲ ၊ တစ်စင်ထောင်ပြိုင်ပွဲ သက်သက်သာ ဖြစ်နေမလားဆိုတာကို အချိန်မီသတိပြုစေချင်ပါတယ်။ 

နိုဝင်ဘာ ၁၈ ၊ ၂၀၂၃
People's Message

#peoplemessage
#direct_democracy
#self_determination
#public_participation

6 months ago

စစ်ရေးအလှည့်အပြောင်းသည် နိုင်ငံရေးညှိနှိုင်းလက်တွဲမှုများ၏ စမှတ်ဖြစ်နိုင်မည်လားအောက်တိုဘာ ၂၀၂၃ သည် နွေဦးတော်လှန်ရေး၏ ထူးခြားသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်။ နှစ်နှစ်တာစစ်ရေးပြင်ဆင်မှုများပြုလုပ်ပြီးနောက် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ MNDAA ကိုးကန့်၊ တအာင်းတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့၏ ဦးဆောင်မှုဖြင့် အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် စစ်ဆင်ရေး ၁၀၂၇ သည် ၁၂ ရက်တာကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းတခွင် စစ်ကောင်စီ ထိန်းချုပ်ထားသည့် စခန်းပေါင်း ၁၀၀ ကျော်ကို သိမ်းပိုက်အောင်မြင်ခဲ့ပြီးဖြစ်သည်။ ကြီးမားကျယ်ပြန့်ပြီး စစ်ရေးအရ ဗျူဟာကျသည့် စခန်းများနှင့် ကုန်သွယ်ရေးဇုံ ထိန်းချုပ်မှုတို့ကို အချိန်တိုအတွင်း ဆုံးရှုံးလိုက်ရပြီး သည့်နောက် စစ်ကောင်စီဘက်မှ တန်ပြန်ထိန်းချုပ်ရန် ပြင်ဆင်လာနိုင်သည့် ကိစ္စရပ်များကို ကြိုတင်တွက်ဆကာ မိမိတို့ မဟာမိတ်အင်အား စုဖွဲ့မှုအရှိန်လျော့ကျမသွားဖို့ ပြင်ဆင် လုပ်ဆောင်သွားနိုင်ကြမည်ဟု ယုံကြည်သည်။

စစ်ကိုင်းတိုင်းအတွင်း ကောလင်းခရိုင်နှင့် ပင်လယ်ဘူးမြို့များအတွင်း စခန်းသိမ်းစစ်ရေးလှုပ်ရှားမှုများ အချိန် ကိုက် စတင်လာသည့် စစ်ဆင်ရေးများကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ရက္ခိုင့်တပ်တော် AA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ရေးအမြတ်ထုတ်မှုအဖြစ် ပုံဖော်ထားသည့် စစ်ကောင်စီ၏ မီဒီယာဗျူဟာကို ကြည့်ခြင်း အားဖြင့် တော်လှန်ရေးအင်အားစုများဘက်မှ စစ်ရေးအရ Coordinated multi-front offensive attack ဖြင့် တိုက်ခိုက်လာသည့်အချက်ကို ဖုံးဖိထားကာ ၎င်းတို့ကို ထောက်ခံသည့်အင်အားစုများ ယခုထက်ပို၍ စိတ်ပျက် မသွားစေရန် စည်းရုံးနေသည်ကို တွေ့ရသည်။

တဖက်တွင် နွေဦးတော်လှန်ရေး အင်အားစုများ စုစည်းအင်အားကောင်းလာခြင်း မရှိစေရန် ရှမ်းပြည်အတွင်း အပါအဝင် အခြားသော လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား သွေးထိုးလှုံ့ဆော်မှုများ အချိန်ကိုက် လုပ်ဆောင်လာနေသည်ကို သတိပြုမိကြရန်လိုသည်။ စစ်ကောင်စီ၏ အမျိုးမျိုးသော လှည့်ကွက်များနှင့် သပ်လျှို သွေးခွဲမှုများကို ကြိုတင်တွက်ဆနိုင်ပြီဆိုလျှင် တော်လှန်အင်အားစုများမှ စစ်ကောင်စီကို ခြိမ်းခြောက်နိုင်မည့် စစ်ရေးအရှိန်အဟုန်မြှင့်တင်ပူးပေါင်းမှုများမှတဆင့် တော်လှန်ရေးအမြန်ဆုံးအောင်မြင် အဆုံးသတ်နိုင်ရေးသို့ ဦးတည်ကြရလိမ့်မည်ဟု နားလည်သည်။

လက်တလောအခြေအနေအရ စစ်ကောင်စီနှင့် နီးနီးကပ်ကပ်ဆက်ဆံရေးရှိနေခဲ့သည့် အိမ်နီးချင်းတရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒအပြောင်းအလဲလာကို သတိပြုမိရန်လိုအပ်သည်။ တော်လှန်ရေးအင်အားစုများ အချင်းချင်းကြား တဆင့်တက်သော ယုံကြည်မှုနှင့် ဆက်ဆံရေးကိုတည်ဆောက်ပြီး နိုင်ငံခြားဆက်ဆံရေး စစ်မျက်နှာတွင် လက်ဦးမှုရယူနိုင်ရေး အရေးကြီးနေပြီဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် စစ်တပ်မှ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းရန်ကြိုးစားမှုနောက်ပိုင်း ပိုမိုဆိုးရွားလာသည့် အွန်လိုင်းငွေကြေး လိမ်လည်ခြင်းလုပ်ငန်းများနှင့်ဆက်စပ်နေသည့် ၎င်းတို့နိုင်ငံနှင့် ၄င်းနိုင်ငံသားများ၏ ပုံရိပ်ထိခိုက်မှုများကြောင့် စစ်ကောင်စီမဟုတ်သည့် အခြားသောအင်အားစုများနှင့် ပူးပေါင်းနှိမ်နှင်းရန် ဆုံးဖြတ်ခဲ့ဟန်ရှိကြောင်း အပေါ်ယံ အားဖြင့် မြင်တွေ့ရနိုင်ပြီး ဘေဂျင်းအစိုးရအနေဖြင့် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ များနှင့် သမိုင်းကြောင်းချီ ဆက်ဆံရေး တည်ဆောက်ပြီးသားဖြစ်ရာ ၎င်းတို့အလိုရှိသည့် မူဝါဒကို လက်တွေ့ အကောင်အထည်ဖော်ရန် အချိန်မရွေး တိုက်ရိုက်ပြောဆို ပူးပေါင်းဆောင်ရွက်နိုင်မှု ရှိနေခဲ့လျှင်လည်း အံ့သြစရာ မရှိပါ။

နွေဦးတော်လှန်ရေးဖြစ်စဥ်ကို အထောက်အကူပြုသည့် စစ်ဆင်ရေး ၁၀၂၇ မှအစပြုသည့် နောက်ဆက်တွဲ စစ်ဆင် ရေးများသည် စစ်ရေးအလှည့်အပြောင်းကို စတင်ခဲ့ပြီးဖြစ်ရာ တော်လှန်ရေးအင်အားစုများအကြား ဟန်ချက်ညီ အချိန်ကိုက် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ဖော်ဆောင်နိုင်ရေး၊ လူသားခြင်းစာနာ ထောက်ပံ့မှုများ ရရှိနိုင်ရေး တို့အတွက် အားလုံးဝိုင်းဝန်းအားစိုက်ကြရမည့်အချိန်ဖြစ်ကြောင်း အငြင်းပွားစရာလိုမည် မထင်ပါ။ တပြိုင်တည်းတွင် အင်အားစုများအချင်းချင်း ပွင့်လင်းသောဆက်ဆံရေးများ တည်ဆောက်ပြီး ပြည်တွင်း နှင့် နိုင်ငံတကာမျက်နှာစာတွင် ဖက်ဒရယ်နိုင်ငံသစ်တည်ဆောက်ရေးကို လက်တွေ့ဖော်ဆောင်နေကြပြီဖြစ်ကြောင်း သမိုင်းသစ်ပုံရိပ် ပြသနိုင်ရန် တော်လှန်ရေး နိုင်ငံရေး ခေါင်းဆောင်များ၊ အင်အားစုများက တပြိုင်တည်း အားထုတ်ကြဖို့ အရေးကြီးနေချိန်ဖြစ်သည်။ စစ်ရေး၊ နိုင်ငံရေးဘက်မျှသော ခေါင်းဆောင်မှုများဖြင့် အပြန်အလှန် ထိန်းကျောင်းမှုရှိသော တော်လှန်ရေး၊ နှစ် ၇၀ ကြာ ပြည်တွင်းစစ်မီးကို အဆုံးသတ်နိုင်မည့် သမိုင်းဖြစ်စဥ်အဖြစ် မြန်မာပြည်သူ တော်လှန်အင်အားစုများ၊ လူထုများကိုယ်တိုင် ကိုယ့်ကြမ္မာကိုယ်ဖန်တီး၊ ကိုယ့်ဂုဏ်သိက္ခာကိုယ် ပြန်မြှင့်တင်ကြရင်း ကမ္ဘာ့အသိုင်းအဝိုင်းတွင် တပါးသူတို့၏ အသုံးချခံအဖြစ်မှ လွတ်မြောက်နိုင်ကြစေရေး ဆက်လက်တိုက်ပွဲဝင် သက်သေပြကြပါစို့။

နိုဝင်ဘာ ၁၅ ၊ ၂၀၂၃
People's Message
#peoplemessage
#timing
#political_accountability

We recommend to visit

ကြော်ငြာထည့်သွင်းရန် @Vip_admin_3

Last updated 6 days, 18 hours ago

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 3 weeks ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago