People's Message

Description
ပြည်သူမှ ပြည်သူသို့ “မက်ဆေ့” ပေးရန် ရည်ရွယ်သည်။
Advertising
We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 2 weeks ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 10 months ago

3 months, 1 week ago

နွေဦးတော်လှန်ရေး ရှေ့သို့ဆက်ချီမည်ဆိုလျှင်....

နည်းမျိုးစုံနှင့်ရှေ့ဆက်သွားနေသော်လည်း နိုင်ငံရေးရှေ့မရောက်မှုများနှင့် တပ်ဦးမပီသမှုများအပေါ် အချိန်မီပြင်ဆင်မှုမပြုနိုင်သည့်အလျောက် နွေဦးတော်လှန်ရေးသည် နှောင့်နှေးနေဆဲပင်။

စစ်ရေးတွင် အရေးနိမ့်နေသည်ထင်ရသော်လည်း နိုင်ငံရေး၊ သံတမန်ရေးအရ ခေါင်းထောင်နေနိုင်သေးသည့် စစ်ကောင်စီ၏ ခြေလှမ်းများကို လျှော့မတွက်သင့်။ 

နိုင်ငံအနှံ့ရေဘေးကြုံနေရသည့်ကြားမှ လာမည့် စက်တင်ဘာလ ၃၀ ရက်နေ့ ညသန်းခေါင်မှစ၍ အတင်းအဓမ္မ ကောက်ယူမည့် သန်းခေါင်စာရင်းအပြီးတွင် တဆင့်ချင်းစီ ဆက်လက်လုပ်ဆောင်သွားနိုင်ဖွယ်ရှိသည့် အာဏာလုစစ်ကောင်စီဘက်ကို စဥ်းစားကြည့်လျှင် ၂၀၂၅ နိုဝင်ဘာတွင် အပိုင်းလိုက် ကျင်းပမည်ဟု ကြေငြာပြီးသည့်နောက် အတုအယောင်ရွေးကောက်ပွဲကို ယုတ္တိရှိရှိ မရှိရှိ အချိန်မည်မျှယူရမည်ဆိုစေ မရမက လုပ်ဆောင်သွားမည်မှာ သေချာနေပြီဖြစ်သည်။ ထိုမှတဆင့် အကယ်၍ စစ်ဆက်မတိုက်တော့ပဲ စကားပြောမည်ဆိုခဲ့ပါလျှင် တော်လှန်ရေးအင်အားစုများဘက်မှ နိုင်ငံရေးမူဘောင်ပြင်ဆင်ထားမှုမှာ မည်သို့နည်း? 

၎င်းတို့ စစ်ရှုံးတော့မည့်အနေအထားသို့မရောက်သေးမီ ရန်သူ၏အားနည်းချက်ကိုသိနေသည့် စစ်ကောင်စီသည် ရှမ်းမြောက်တခွင်နှင့် နိုင်ငံအနှံ့တွင် စီးပွားရေးအကျိုးအမြတ်များစွာရှိနေသည့် တရုတ်နိုင်ငံကို သံတမန်မျက်နှာစာတွင် ၎င်းတို့ကိုယ်စား အသံထွက်ပေးနိုင်ရန် အသုံးချနိုင်ခဲ့သလိုဖြစ်ခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးမှတဆင့် အလယ်ပိုင်းနှင့် ချိတ်ဆက်စစ်ဆင်ရေးများ ဖြစ်မလာစေရန် တရုတ်နိုင်ငံ၏ အကူအညီကိုအရယူကာ ဖြတ်တောက်ဖို့ကြိုးစားခဲ့ပြီး အတိုင်းအတာတစ်ခုအထိ ထိရောက်ခဲ့သည်ကို တွေ့ရသည်။ တရုတ်နိုင်ငံအနေနှင့် ၎င်းတို့ကြိုးဆွဲ၍ရမည့် စစ်အာဏာရှင် သို့မဟုတ် အရပ်သားအာဏာရှင်ကိုသာ အလိုရှိသည်ဖြစ်ရာ မရရသည့်နည်းဖြင့် ဖက်ဒရယ်တပ်ပေါင်းစု ဖြစ်မလာစေရန် တားဆီးနေမည်မှာ မလွဲ။

စစ်ရေးအရ မြင်သာသည့် ဖက်ဒရယ်တပ်ပေါင်းစုအသွင်ထက် နိုင်ငံရေးအရ အင်အားရှိသည့် ဖက်ဒရယ်စုဖွဲ့မှုကို ခြေလှမ်းစိပ်စိပ်နှင့် စုစည်းနိုင်မှသာ တော်လှန်ရေးအင်အားစုများ၏ အားသာချက်ကို အကျိုးစီးပွားပေါင်းစုံဖြင့်ချဥ်းကပ်နေသည့် နိုင်ငံတကာမှ မြင်နိုင်မည်ဖြစ်သည်။ ထို နိုင်ငံရေးအရ စုဖွဲ့မှုမျိုးဖြစ်ပေါ်လာစေမည့် နယ်မြေဒေသအသီးသီးရှိ မြို့ထိန်းချုပ်ရေး၊ အုပ်ချုပ်ရေးကိစ္စရပ်များတွင် ရှင်းလင်းသော သဘောတူညီချက်များမရှိသေးပဲ သူတလူ ငါတမင်းအခြေအနေကို အခွင့်ကောင်းယူ၍ စစ်ကောင်စီက ၎င်းတို့ရှိသမျှ လေယာဥ်များဖြင့် အစွမ်းကုန် ဗုံးကြဲခြင်းများကို တိုးမြှင့်လုပ်ဆောင်နေခဲ့ခြင်းသာရှိသည်။ ယင်းအချက်ကပင် ၁၀၂၇ မှတဆင့် ဆက်လက်ကူးစက်လာနိုင်ဖွယ်ရှိသည့် မြို့သိမ်း စစ်ရေးဗျူဟာများအတွက် တင်ကြိုတားဆီးသော လုပ်ငန်းစဥ်ဖြစ်လာကြောင်းတွေ့ရသည်။ 

တော်လှန်ရေးတပ်ဦးများ (NUG, NUCC, EROs, ဒေသအခြေပြု/လူမျိုးအခြေပြု လက်နက်ကိုင် တော်လှန်အဖွဲ့အစည်းအမျိုးမျိုး) က အချိန်ကာလ သတ်မှတ်ချက်ပါသော သဘောတူညီချက်/ မူတစ်ရပ်ကို ရရှိရေး ဦးဆောင်စကားပြောညှိနှိုင်းခြင်း မရှိလျှင် ၁၀၂၇ စစ်ဆင်ရေး၏ ပထမနှင့် ဒုတိယလှိုင်းတွင် ပိုမိုပူးပေါင်းပါဝင်လာသော အလယ်ပိုင်း နှင့် တောင်ပိုင်းအခြေပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ရှမ်းမြောက်အဖွဲ့များ ဆက်လက်ပူးပေါင်း စစ်ဆင်ရေးလုပ်ဆောင်နိုင်ရန်၊ စစ်၏ဘေးထွက်ဆိုးကျိုးများကို အချိန်မီကုစားရန်၊ စစ်ရှောင်ပြည်သူများအပါအဝင် အရပ်သားပစ်မှတ်အားလုံးကို ကာကွယ်နိုင်ရန် တို့အတွက် ခက်ခဲနေဦးမည်ဖြစ်သည်။ 

အခြေခံအားဖြင့် အချင်းချင်းကြား မည်သည့် စည်းဘောင်များအတွင်းမှ တော်လှန်ရေး၊ ကြားကာလနှင့် နိုင်ငံတည်ဆောက်ရေး ကာလများကို ဖြတ်ကျော်ကြမည်တို့အပြင် အရပ်သားပစ်မှတ်များ မထိခိုက်ရန် ဦးဆောင်သူများ လိုက်နာရမည့် ကျင့်ဝတ်များ (ဆင်ခြင်ဉာဏ်နည်းပါးသော၊ ရန်သူကို ဆွသော စိတ်ခွန်အားမြှင့်တင်ရေးအမည်ခံ စကားဝိုင်းများ၊ အင်တာဗျူးများ ပြုလုပ်ခြင်းအပါအဝင်) ပါ အဆိုပါသဘောတူညီချက်တွင် တပါတည်း ပါဝင်ရန်လိုသည်။ အချိန်ကာလအလိုက်ဖြစ်တန်စွမ်းဟူသမျှကို စဥ်းစားထားသည့် အခြေခံစည်းမျဥ်းများ၊ မိမိတို့မြင်လိုသော နိုင်ငံသစ်၏ ပုံရိပ်နှင့် ယင်းပုံရိပ်ကို မည်သို့မည်ပုံ သွားမည်ဆိုသည့် အသေးစိတ်လုပ်ငန်းစဥ်များ လိုအပ်သည်။ ထိုမှတဆင့် စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ပေါင်းစည်းရေး၊ လက်နက်ဖြုတ်သိမ်းရေးနှင့် ရေရှည်နိုင်ငံတည်ဆောက်ရေးလမ်းစဥ်တို့ကို ဆက်လက်ချီတက်နိုင်မည်ဖြစ်သည်။ 

စစ်တိုက်မည့် လက်သီးများဆုပ်ကြရုံနှင့် မပြည့်စုံပါ၊ အနိုင်ယူပွဲသိမ်းနိုင်ရန် နိုင်ငံရေးရင့်ကျက်မှု၊ နိုင်ငံရေးအရ တာဝန်ယူမှု၊ တာဝန်ခံမှု၊ စနစ်အပြောင်းအလဲကို ရဲရဲဝံ့ဝံ့ဦးဆောင်နိုင်မှုတို့ ထည့်သွင်းရန် လိုအပ်နေပြီ။

စက်တင်ဘာ ၁၅၊ ၂၀၂၄
People's Message

#Founding_Principles
#Political_Accountability
#Events_Process

3 months, 1 week ago
People's Message
5 months, 4 weeks ago

နွေဦးတော်လှန်ရေးအမှန်တကယ် အောင်မြင်နေသလား

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ ယခု ဇွန်လအထိ ၄ လတာအတွင်း စစ်ကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ INUG အပါအဝင် ဆက်စပ် တော်လှန်အစုအဖွဲ့များ၏ တော်လှန်ရေး/နိုင်ငံရေးအရွေ့များ၊ ဖြစ်ပေါ်ပြောင်းလဲမှုများတွင် စစ်ရေးခြေလှမ်းများမှလွဲ၍ တကယ့်နိုင်ငံရေးအကြပ်အတည်းကိုဖြေရှင်းရာရောက်သည့် သိသာထင်ရှားသည့် အရွေ့များကို ပြည်သူတို့အားအသိပေးနေမှုများ သိပ်မတွေ့ရကြောင်း သတိပြုမိသည်။

တဘက်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ခြေလှမ်းတချို့သည် ကြိုတင်ခန့်မှန်းထားခဲ့သည်ထက် လက်တွေ့တွင် ပြည်သူများအား ပိုမိုနှောင့်ယှက်ခြိမ်းခြောက်နိုင်ခဲ့ကြောင်း တွေ့ရသည်။ စစ်မှုထမ်း/ပေါ်တာဥပဒေသွတ်သွင်းခြင်းအပါအဝင် Bio data များကောက်ယူ၍ UID Smart Card များ ပြုလုပ်ခြင်းကို ၎င်းတို့အာဏာသက်ရောက်သည့် မြို့ပေါ်နှင့် ကျေးလက်နယ်မြေများတွင်သာမက မြဝတီကဲ့သို့သော နယ်စပ်မြို့များအထိပါ ခြေဆန့်နိုင်ခဲ့ကြသည်။ တနိုင်ငံလုံးအနှံ့စစ်အင်အားဖြန့်ကျက်ကာ ဝိုင်းဝန်းတိုက်ခိုက်ခံနေရသည့်ကြားမှပင် ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်သည့်လုပ်ငန်းစဥ်နှင့်အတူ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးခေါင်းစဥ်ဖြင့် ၎င်းတို့ကိုထောက်ခံနေသော နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် ဆက်လက်ဆွေးနွေးကာ ၂၀၀၈ ခြေဥပြင်ဆင်ရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုတည်ဆောက်ရေး ဟူသည့် လုပ်ငန်းစဥ်များအား ဆက်လက်လုပ်ဆောင်နေသည်။

အဆိုပါလုပ်ငန်းစဥ်များတွင် ၎င်းတို့နှင့်အတူ ပါဝင်ဆွေးနွေးနေသည့် နိုင်ငံရေးပါတီ ၁၆ ခု အထိ ရှိနေကြောင်းတွေ့ရပြီး၊ “၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်း” ကို စာရင်းကောက်ကွက်ပေါင်း ၁၁၀,၀၀၀ ခန့်တွင် စာရင်းစစ်/စာရင်းကောက် ၄၂၀၀၀ ခန့်ဖြင့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း ကောက်ယူသွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

၂၀၂၅ အတွင်း ရွေးကောက်ပွဲလုပ်နိုင်ရန် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ကြိုးပမ်းပြင်ဆင်နေပြီး၊ အဆိုပါရွေးကောက်ပွဲတွင် PR စနစ်ဟုခေါ်သည့် အချိုးကျရွေးကောက်ပွဲစနစ်ကို အသုံးပြုမည်ဟုဆိုသည်။ အနှစ်သာရအားဖြင့် မည်သို့မျှလက်ခံနိုင်စရာမရှိသည့်တိုင် တရုတ် နှင့် အိန္ဒိယ ကဲ့သို့သော အိမ်နီးချင်း အင်အားကြီးနိုင်ငံများနှင့်၊ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသော မြန်မာနိုင်ငံမှလူလှိုင်း၏ဒဏ်ကိုခံနေရပြီး စစ်ဗိုလ်ချုပ်များနှင့်ရင်းနှီးသောဆက်ဆံရေးများလည်းရှိသည့် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားကဲ့သို့သော အာဆီယံနိုင်ငံများဘက်မှကြည့်လျှင် အထူးတလည်စဥ်းစားစရာမလိုပဲ အသိအမှတ်ပြုလိုက်ရန် ရာခိုင်နှုန်း များနေသည်။ မကြာသေးမီက တရုတ်သံတမန်များ၏ ပံ့ပိုးမှုများ၊ အာဆီယံအစည်းအဝေးများတွင် စစ်ကောင်စီဘက်မှ အရာရှိများ တက်ရောက်နေခြင်းများကို သတိပြုသင့်သည်။

နိုင်ငံ့စီးပွားရေး ကမောက်ကမဖြစ်နေခြင်း၊ ရုပ်ပျက်လွန်းသောဈေးကွက်ထိန်းညှိမှုများကို အကြမ်းဖက်ကျူးလွန်လာခြင်း နှင့် ဗုဒ္ဓဘာသာရဟန်းသံဃာများကိုပါ ပစ်မှတ်ထားလာသည့်အခြေအနေများအရ ၎င်းတို့၏ရှုံးနိမ့်မှုကို မြင်နေရသော်လည်း မိုက်ရူးရဲဆန်သည့်တိုင် ကိုင်ထားသည့်အာဏာအတွင်းမှ ယုံကြည်မှုရှိရှိ ခပ်သွက်သွက်လှမ်းနေသော စစ်ကောင်စီ၏ ခြေလှမ်းများက ရုပ်ပျက်ဆင်းပျက် ခြေရာထင်နေသေးသည်။

ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရမှာမူ ကြားကာလအုပ်ချုပ်ရေးကို ရေရေရာရာပံ့ပိုးနိုင်ခြင်းရှိ မရှိလည်းမသေချာပဲ လက်နက်အားကိုး၍ ပြည်သူကိုအနိုင်ကျင့်သော၊ တော်လှန်ရေးဘက်တော်သားအချင်းချင်းကြား တရားမဲ့ပြုကျင့်မှုများဖြင့် အာဏာရှင်လက်သစ်များအဖြစ်နာမည်ထွက်လာသော “ပ သုံးလုံး” အရေး၊ စစ်ရေးဦးဆောင်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များတွင် ပွင့်လင်းမြင်သာမှုအားနည်းခြင်း၊ ဌာနတွင်း လိင်အမြတ်ထုတ်ခြင်း စသည်တို့ဖြင့် အရင်နှစ်များထက် ပိုမိုဝေဖန်မေးခွန်းထုတ်ခံနေရသည်ကို တွေ့ရသည်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ တော်လှန်ရေး/နိုင်ငံရေးအရ မဟာဗျူဟာမြောက် စစ်ဆင်ရေးများ၏အောင်မြင်မှုနှင့်အတူ အုပ်ချုပ်ရေးလက်တံချဲ့ထွင်လာနိုင်မှုများ သိသာထင်ရှားလာသော်လည်း INUG ၏ စစ်ဆင်ရေးများမှာ နိုင်ငံရေးအရ မေးခွန်းများ ရှိနေဆဲပင်။

အခြားတဘက်တွင် လူမျိုးရေးအရအကဲဆတ်သော ချင်းပြည်ကဲ့သို့နေရာမျိုးတွင် INUG နှင့် မဟာမိတ်ဖြစ်သော CNF/CNA အပါအဝင် Chinland council စုဖွဲ့မှုနှင့် တဖက်တွင် AA နှင့် မဟာမိတ်ဖြစ်သော Chin Brotherhood အကြား သဘောထားကွဲလွဲမှုများ နှင့် မြေပြင်ထိတွေ့မှုများအထိပါဖြစ်လာခဲ့ပြီး အလွန်စိုးရိမ်ဖွယ်ရာ အနုတ်လက္ခဏာဆောင် အခြေအနေတစ်ခုအဖြစ် ရင်ဆိုင်နေကြရပြီဖြစ်သည်။

ဆိုခဲ့ပါ အခြေအနေများအား အချိန်မီပြင်ဆင်နိုင်စွမ်းမရှိခဲ့လျှင် စစ်ကောင်စီ အလိုလိုပြုတ်ကျသွားသည့်တိုင် INUG နှင့် CRPH တို့၏ သူတလူ ငါတမင်း ခေါင်းဆောင်မှုနှင့် ERO များ၏ နယ်မြေပိုင်စိုးမှုများအကြား နိုင်ငံလုံးခြုံရည်မှန်းချက် မည်သို့ဖြစ်နေသည်ကို ဆင်ခြင်တွေးဆ ပြင်ဆင်ကြသင့်ပြီဖြစ်ကြောင်း တိုက်တွန်းလိုပါသည်။

ဇွန် ၂၅၊ ၂၀၂၄
People's Message
#Political_Accountability

9 months, 3 weeks ago

စစ်ကောင်စီ၏ ခြေလှမ်းများနောက်မှ INUG နှင့် ဆက်စပ်တော်လှန်အစုအဖွဲ့များ

၂၀၁၀ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်တွင် အတည်ပြုပြဌာန်းခဲ့သော “ပြည်သူ့စစ်မှုထမ်းဥပဒေ (၂၇/၂၀၁၀)” ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှစတင် အာဏာတည်စေရမည်ဖြစ်ကြောင်း အမိန့်ကြေငြာစာအမှတ် (၂၇/၂၀၂၄) ဖြင့် အာဏာလုစစ်ကောင်စီက ထုတ်ပြန်ကြေငြာခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်ကာလ ၂၀၂၂ ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို တစ်နှစ်အတွင်း ပြဌာန်းမည်ဟု ပြောကြားခဲ့ပြီး နှစ်နှစ်အကြာတွင် လက်တွေ့ထုတ်ပြန်လာခြင်းဖြစ်သည်။

မြေပြင်အခြေအနေ သတင်းအချက်အလက်များအရ စစ်ကောင်စီမှ ယင်းဥပဒေကို အာဏာတည်ကြောင်း ထုတ်ပြန်သည့် မရှေးမနှောင်းကာလမှာပင် ပြည်သူများ၏ ဇီဝဆိုင်ရာအချက်အလက်များ (bio data) ထည့်သွင်းထားသည့် မှတ်ပုံတင်စနစ်ကို စတင်ကောက်ယူရန်ကြိုးပမ်းနေခဲ့ပြီးဖြစ်သည်။ Biometrics ဟုခေါ်သည့် ဇီဝအချက်အလက်များတွင် လက်ဗွေရာအပြည့်အစုံယူခြင်း၊ မျက်စိ စကန်ဖတ်ခြင်းတို့ပါဝင်ကြောင်း သိရပြီး စစ်ကောင်စီ၏အာဏာသက်ရောက်လျက်ရှိသည့် တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်အဆင့်အုပ်ချုပ်ရေးလက်တံများမှတဆင့် လုပ်ဆောင်နေကြသည်ဟု သိရသည်။

စစ်ခေါင်းဆောင်ဘက်က တရားဝင်ပြောကြားထားသည့်အချက်အလက်များကို အခြေခံပါက ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံခြင်းလုပ်ငန်းစဥ်ပြီးဆုံးပါက ရွေးကောက်ပွဲလုပ်ငန်းစဥ်ကို ဆက်လက်ဖော်ဆောင်လာနိုင်ချေရှိပြီး မကြာသေးမီကပြောဆိုခဲ့သည့် “ဖွဲ့စည်းပုံပြင်ဆင်ရေး” နှင့် “ငြိမ်းချမ်းရေးဖော်ဆောင်ရေး” လုပ်ငန်းစဥ်များကို ဆက်တိုက်လုပ်ဆောင်သွားမည့်အလားအလာရှိနေသည်။

စစ်ကောင်စီအနေဖြင့် စီးပွားရေး၊ နိုင်ငံရေးနှင့် တချို့သောသံတမန်ရေး မျက်နှာစာများတွင် ဆက်တိုက်ကျရှုံးနေပြီး ၄င်းတို့၏ထောင်ချီသော လက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့်တိုင် ၎င်းတို့ အာဏာသက်ရောက်လျက်ရှိသည့်နယ်မြေများရှိ အစိုးရဝန်ထမ်းများနှင့် အုပ်ချုပ်ရေးယန္တယားများကို ဆက်တိုက်အသုံးချ၍ အဆိုပါနယ်မြေများနှင့် တော်လှန်ပြည်သူများအား နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ထိန်းချုပ်နိုင်ရေးအတွက်ကြိုးစားနေကြောင်းမြင်ရသည်။ ၄င်းတို့ကောက်ယူရရှိထားသည့် ပြည်သူများ၏ဇီဝဆိုင်ရာအချက်အလက်များကို နည်းပေါင်းစုံဖြင့်အသုံးချပြီး သန်းခေါင်စာရင်းကောက်ခံခြင်းနှင့် ရွေးကောက်ပွဲကျင်းပခြင်းဖြစ်စဥ်ကို တရားဝင်ဖြစ်အောင်လုပ်ဆောင်နိုင်ခဲ့ပါက နိုင်ငံတကာအသိုင်းအဝိုင်းမှ လက်မခံလိုသော်လည်း ငြင်းပယ်ထားခြင်းမရှိသည့် စစ်ကောင်စီ၏ အာဏာတည်မြဲရေးခြေလှမ်းအတွက် အထောက်အကူပြုနိုင်စရာဖြစ်နေသည်။ ၎င်းတို့လုပ်ရပ် အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် တရုတ်နိုင်ငံ၏ ကြားဝင်မှုသည် ၁၀၂၇ ကဲ့သို့ စစ်ဆင်ရေးကြီးများ ပြန်လည်ဦးမော့မလာနိုင်စေရန် တစုံတရာ အဟန့်အတားဖြစ်နေသည်ကိုလည်း သတိပြုရမည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ၏သက်ရောက်မှု နှင့် လူဦးရေစာရင်းနှင့် ဇီဝဗေဒဆိုင်ရာအချက်အလက်များကောက်ယူမှုများ၏သက်ရောက်မှုတို့ကိုတွက်ချက်ပြီး လာမည့်လအနည်းငယ်အတွင်း စစ်ကောင်စီဘက်ကဖော်ဆောင်လာမည့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းစဥ်သည်လည်းကောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဥ်သည်လည်းကောင်း မိမိတို့အတွက်အန္တရာယ်ရှိကြောင်းကို တော်လှန်ရေးအင်အားစုများ နားလည်သဘောပေါက်ကြပြီး တန်ပြန်ဗျူဟာခင်းရန်မည်သို့ အမြန်ဆုံးညှိနှိုင်းစုစည်းကြဖို့လိုအပ်နေသည်မှာအငြင်းပွားစရာမဟုတ်။

တစ်ဘက်တွင် ၃ နှစ်ကြာသည့်တိုင် စစ်ရေး၊ နိုင်ငံရေး ဦးဆောင်နေသည်ဆိုသော်လည်း မြေစမ်းခရမ်းပျိုးအဆင့်မှ မတက်နိုင်ကြသေးသော၊ တကမ္ဘာလုံးမှ မြန်မာပြည်သူများ၏ လူအင်အား၊ ငွေအင်အားကို ရရှိထားသော်လည်း ထိရောက်စွာ အသုံးချနေသည်ကိုမမြင်ရနေသော တော်လှန်ရေးတပ်ဦး ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ INUG မှာ စစ်ကောင်စီကို တန်ပြန်ရန် စာထုတ်ခြင်း၊ တိုင်ကြားစာပို့ရန် နှိုးဆော်ခြင်းတို့ကိုသာ လုပ်နိုင်နေပြီး လက်တွေ့အာဏာ၃ရပ်လွှမ်းခြုံသက်ရောက်လည်ပတ်မှုကို နိုင်ငံ၏ မည်သည့်အစိတ်အပိုင်းများတွင် ဖော်ဆောင်နေမှန်း ရေရေရာရာမသိရပေ။ စစ်ကောင်စီတပ်၏ လက်ချက်ဖြင့် ပြာပုံများ အပျက်အစီးများ ပြည့်နေပြီဖြစ်သည့် ကောလင်းမြို့ကို ဥပမာတစ်ခုအနေဖြင့် မြင်နိုင်သည်။

ဘေးကျပ်နံကျပ်စစ်ကောင်စီ၏ ခြေလှမ်းများထက်ပင် နောက်ကျလျက်ရှိသည့် တော်လှန်ရေးတပ်ဦးအစိုးရနှင့် ဆက်စပ်အစုအဖွဲ့တချို့ထံမှ ထင်ရှားသော စစ်ရေး၊ နိုင်ငံရေး အလှည့်အပြောင်းနှင့် ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးလမ်းစဥ်ကို ပီပြင်စွာ (လက်တွေ့ကျကျ၊ အဆင့်လိုက်၊ ပွင့်လင်းမြင်သာစွာ) လုပ်ဆောင်နေသည့် ခေါင်းဆောင်မှုများနှင့် တော်လှန်ရေးဖြစ်စဥ်ကိုရှင်းရှင်းလင်းလင်းမမြင်ရ၊ အသိပေးမခံရပဲဖြစ်နေရာ ထိုမှတဆင့် ဖက်ဒရယ်တည်ဆောက်ရေးအလှမ်းဝေး၊ နယ်မြေစိုးမိုးမှုလည်း မသေချာနှင့် မကြာမီတွင် နွေဦးတော်လှန်ရေးစင်မြင့်ထက်မှ အနားယူချိန်ရောက်သွားမည်လားဟု စိုးရိမ်စရာအခြေအနေတစ်ရပ်အဖြစ် ဆင်ခြင်စူးစမ်းမိပါကြောင်း။

ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄
People's Message
#Political_Accountability
#Events_Process

11 months, 3 weeks ago

ပျားရည်ဆမ်းကာလ ၃ နှစ်နောက်ပိုင်း တော်လှန်ရေးတပ်ဦး ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (INUG)

၂၀၂၃ နှစ်သည် ကုန်ဆုံးခဲ့ပြီဖြစ်သည်။ “စစ်ခွေးနိဂုံး ၂၀၂၃” ဟု ကြွေးကြော်ကာ အဆုံးသတ်တိုက်ပွဲဝင်ကြဖို့ နှိုးဆော်ခဲ့ကြသည့်၊ တော်လှန်ရေးရံပုံငွေမြှင့်တင်ကောက်ခံခဲ့ကြသည့် တော်လှန်ရေးတပ်ဦးများအနေဖြင့် ၂၀၂၃ ကုန်ဆုံးခြင်းသည် တော်လှန်ရေး၏အဆုံးသတ်မဟုတ်ခဲ့သည်ကို သိမြင်ကြပြီးဖြစ်လိမ့်မည်။ သို့မဟုတ် ယင်းကြွေးကြော်သံများမှာ ပြည်သူတို့စိတ်အင်အားတက်ကြွစေရေး တစ်နှစ်တစ်ခါ မျှော်လင့်ချက်ပေးရန် တီထွင်ကြံဆခြင်းသက်သက်ဟု ဆင်ခြေပေးကြမည်လား မဝေခွဲတတ်ပါ။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းသည့်အခြေအနေနှင့် ယခင် ၁၉၆၂ ခုနှစ် အာဏာသိမ်းအခြေအနေ မတူညီသည်ကို အာဏာသိမ်းပြီးသည့်နောက်ဖြစ်ပေါ်လာသည့်အကျိုးဆက်များအားဖြင့် သိနိုင်သည်။ ၂၀၂၁ အာဏာသိမ်းခြင်းဖြစ်ရပ်သည် မြန်မာနိုင်ငံလွတ်လပ်ရေးရယူချိန်ကတည်းက ဖြစ်တည်လာသော ပြည်တွင်းစစ်၏နောက်ခံအကြောင်းတရားများဖြစ်သည့် ပြည်ထောင်စုအခြေတည်ခြင်းဖြစ်စဥ်မအောင်မြင်မှုဆိုင်ရာသမိုင်းကားချပ်ကို ပြန်လည်ဆွဲဖွင့်နိုင်သည့်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့သည်။ ၂၀၂၁ လူထုအုံကြွမှုနှင့် လက်နက်ကိုင်တော်လှန်ရေးသည် ၁၉၈၈ နောက်ပိုင်းဖြစ်ပွားခဲ့သော တော်လှန်အုံကြွမှုအမျိုးမျိုးနှင့်ဆက်စပ်နေသော်လည်း ကွဲပြားသည်။ နိုင်ငံရေးဖြစ်စဥ်အတွင်း လိုအပ်ချက်ဖြစ်နေသည့် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစစ်စစ်မှန်မှန်ပေါ်ပေါက်ရေး" သည် ယခင်က "ဒီမိုကရေစီရရှိရေး" ဟူသည့် ကြွေးကြော်မှုနှင့် ကွဲပြားနေသည်။ လက်နက်ကိုင်တော်လှန်ရေး၏အရှိန်အဟုန်နှင့် ကျယ်ပြန့်မှုအားတွင်လည်း ၂၀၂၁ သည် ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးများထက် များစွာသာလွန်အားကောင်းခဲ့သည်။

၂၀၂၃ ကုန်ဆုံးခဲ့သည့်တိုင်အောင် ၂၀၂၁ အာဏာသိမ်းမှုမအောင်မြင်နိုင်သေးသည်အထိ ပြည်သူလူထု၏ ဆန့်ကျင်မှုပုံစံအမျိုးမျိုးသည် တောက်လောင်အားကောင်းနေဆဲဖြစ်သော်လည်း ပြည်သူတို့၏ စိတ်အင်အား၊ လူအင်အား ထည့်ဝင်မှုများကို တော်လှန်ရေးဦးတည်ချက်များအဖြစ်ပုံပြောင်းကာ အောင်မြင်မှုများဆောင်ကြဥ်းနိုင်ရန် နိုင်ငံရေးဦးဆောင်မှုပေးသည့်နေရာကိုယူထားသည့်တပ်ဦးက မည်သို့ဦးဆောင်နေသည်ကို ပြည်သူတို့မသိရ နားလည်ခွင့်မရဖြစ်နေသည်။ INUG အနေဖြင့် လက်တွေ့ကျကျနိုင်ငံရေးစဥ်းစားချက်များ ဆုံးဖြတ်ချက်များကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအကြား ယူဆောင်လာကာ ညှိနှိုင်းဆွေးနွေးကြပြီး အဆိုပါ စဥ်းစားညှိနှိုင်းဆုံးဖြတ်ချက်များကိုအခြေခံသည့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများဖြင့်သာ "တစ်သံတည်းညီ၊ တစ်ချီတည်းရုန်း" ဆိုသည့်အတိုင်း အလုပ်လုပ်နိုင်ကြမည် ဟု ယူဆသည်။

၂၀၂၃ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းအတွင်း မြေပြင်တိုက်ပွဲဖော်ဆောင်နေသည့် ဒေသခံတပ်ဖွဲ့များ နှင့် INUG လက်အောက်ခံတပ်ဖွဲ့များအကြား ပွတ်တိုက်မှုများ၊ ပ သုံးလုံးဟု အလွယ်ခေါ်ကြသည့် ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေး အစုအဖွဲ့များ၏ ရောထွေးနေသောအခန်းကဏ္ဍ၊ မည်သို့သောမူဘောင်စည်းမျဥ်းများကိုအခြေခံနေကြောင်း မသဲကွဲသည့် အရေးယူမှုများ၊ မိုးကျရွှေကိုယ် နီးစပ်ရာရွေးချယ်တာဝန်ခန့်အပ်မှုများနှင့် ၎င်းအစုအဖွဲ့များနှင့် ဒေသခံတပ်ဖွဲ့များအကြား ပွတ်တိုက်မှုများ စသည့် အခြေအနေအဖြစ်အပျက်များကို ကြားကာလ INUG အစိုးရအနေဖြင့် အရှိအတိုင်းလက်ခံ ဆန်းစစ်သုံးသပ်ရန် လိုအပ်နေသည်။

၁၀၂၇ အပါအဝင် နောင်လာမည့်စစ်ဆင်ရေးကြီးများတွင်မည်သို့ ပူးပေါင်းပါဝင်နိုင်ရေး၊ မလိုအပ်သော အုပ်ချုပ်ရေးယန္တယားများနှင့် ဝန်ကြီးဌာနများကို အပြီးရပ်တန့်ရေး၊ မိမိတို့မည်သည့်နိုင်ငံရေးဖြစ်စဥ်သို့သွားနေကြောင်း နိုင်ငံခြားအစိုးရများနှင့် ရှင်းရှင်းပြတ်ပြတ်စကားပြောနိုင်ရန်ပြည်တွင်းနိုင်ငံရေးအင်အားစုအမျိုးမျိုးနှင့် လက်တွေ့ကျသောနိုင်ငံရေးညှိနှိုင်းမှုများစတင်ရေး စသည့် အရေးကြီးခြေလှမ်းများကို "ဖက်ဒရယ်ချာတာအစိတ်အပိုင်း(၁)နှင့်အညီ" ၂၀၂၄ ခုနှစ်၏ ဦးတည်ချက်အဖြစ် အကောင်အထည် ဖော်ရန် လိုအပ်နေပြီဖြစ်သည်။

နိုင်ငံရေးဖြစ်စဥ်များတွင် ရွေးကောက်တင်မြှောက်ခံရသည့်အစိုးရများအား ၎င်းတို့၏ လုပ်ငန်းခွင်စွမ်းဆောင်ရည်သက်တမ်းနုနေသေးသည်ကို ငဲ့ညှာသောအားဖြင့် "ပျားရည်ဆမ်းကာလ ၃ လ" သတ်မှတ်ကာ အတိတ်မှအမှားများကို သင်ခန်းစာယူပြီး ပိုမိုအားကောင်းသော မူဝါဒများစဥ်းစားလုပ်ဆောင်လာနိုင်ရန် တွန်းအားပေးကြသည့် အလေ့အထရှိသည်။ ၂၀၂၃ အဆုံးသည် အမျိုးသားညီညွတ်ရေးအစိုးရ အမည်ရ ကြားကာလတော်လှန်ရေးတပ်ဦးအစိုးရ၏ "ပျားရည်ဆမ်းကာလ ၃ နှစ်နီးပါး" ပြီးဆုံးခဲ့ပြီဖြစ်သည်။ တချိန်ချိန်တွင် တနည်းနည်းဖြင့် အဆုံးသတ်သွားမည့် တော်လှန်ရေး၏ အောင်ပွဲစင်မြင့်ထက်တွင် ဆက်လက်ပါဝင်ရပ်တည်နေနိုင်ရန်မှာ ကြားကာလ တော်လှန်ရေးတပ်ဦး INUG အနေဖြင့် ပြည်သူတို့၏ လက်ကျန်အင်အားများကို အလဟဿမဆုံးရှုံးစေတော့ပဲ တန်ဖိုးအမြင့်ဆုံးဆွဲတင်နိုင်မည့် ခြေလှမ်းများအား အမြန်ဆုံး ပြန်လည်စဥ်းစားဆုံးဖြတ်နိုင်ကြစေရန်အချိန်မလွန်သင့်တော့ကြောင်း ထပ်မံသတိပေး တိုက်တွန်းလိုက်ပါသည်။

ဇန်နဝါရီ ၂၊ ၂၀၂၄
People's Message
#Events_Process
#Political_Accountability

We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 2 weeks ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 10 months ago